အိန္ဒိယ-အာဆီယံ ဆက်ဆံရေး တိုးတက်ကြီးထွားရန် အသင့်ဖြစ်နေ
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းဌာနမှ သတင်းဝေဖန်သုံးသပ်သူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-အာဆီယံ ဆက်ဆံရေး တိုးတက်ကြီးထွားရန် အသင့်ဖြစ်နေ” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေက သိသာထင်ရှားတဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုတွေနဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်လက်တိုးမြင့်လုပ်ဆောင်နေတဲ့ စီးပွားရေးလွတ်လပ်ခွင့် ဖော်ဆောင်မှုတွေနဲ့အတူ အိန္ဒိယနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့-အာဆီယံ (ASEAN) အဖွဲ့နဲ့ ဘက်ပေါင်းစုံကဏ္ဍတွေမှာ ဆက်ဆံရေးတွေအပေါ် အာရုံစိုက်လုပ်ဆောင်လာခဲ့ပါတယ်။ အရှေ့သို့လှမ်းမျှော်ကြည့်ခြင်း (Act East Policy) မူဝါဒဟာ ယနေ့အချိန်မှာ ပြောင်းလဲမှုနဲ့ လက်တွေ့ကျတဲ့လုပ်ဆောင်မှုကို ဦးတည်တဲ့ ရင့်ကျက်တဲ့ မူဝါဒအဖြစ် ရပ်တည်လာပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ အရှေ့သို့လှမ်းမျှော်ကြည့်ခြင်း မူဝါဒကို လွန်ခဲ့သော ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၂ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ညီလာခံနဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ညီလာခံမှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆီယံအဖွဲ့အပြင် အိန္ဒိယနိုင်ငံဟာ ဒေသအတွင်းက အဖွဲ့တွေဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့လည်းပါဝင်တဲ့ BIMSTEC နဲ့ MGC လိုအဖွဲ့တွေနဲ့လည်း မူဝါဒဆိုင်ရာ ညှိနှိုင်းဆောင်လုပ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒေသအတွင်းက ဖိုရမ်တွေဖြစ်တဲ့ အာရှ-ဥရောပ တွေ့ဆုံဆွေးနွေးပွဲ (ASEM) ၊ အရှေ့အာရှညီလာခံ (EAS) ၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် (ARF) ၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ၏ ဆွေးနွေးပွဲ + (ADMM+) နဲ့ အာဆီယံပင်လယ်ပြင်တိုးချဲ့ရေးဖိုရမ် (EAMF) တို့လို ဖိုရမ်တွေမှာ တက်ကြွစွာ ဆက်လက်ပါဝင် လှုပ်ရှားနေပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အာဆီယံနဲ့ ဆက်ဆံရေးဟာ ၎င်းရဲ့နိုင်ငံခြားရေးမူဝါဒမှာ အဓိကသော့ချက်ဖြစ်လာသလို အရှေ့သို့လှမ်းမျှော်ကြည့်ခြင်း မူဝါဒရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်လာပါတယ်။ ဆက်ဆံရေးတွေဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ်ကို တိုးတက်ပြောင်းလဲလာခဲ့တာဟာ လွန်ခဲ့သော ၁၉၉၂ မှာ အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ လုပ်ကိုင်ဖက်ဖြစ်လာခြင်း၊ ၁၉၉၆ ခုနှစ်မှာ အပြန်အလှန်ဆွေးနွေးဖက်ဖြစ်လာခြင်းနဲ့ ၂၀၀၂ ခုနှစ်မှာ ညီလာခံအဆင့် လုပ်ကိုင်ဖက် ဖြစ်လာခဲ့ပြီးတဲ့နောက်မှာ လက်တွေ့ကျတဲ့အခြေအနေ သဘောသဘာဝအရ တိုးတက်ပြောင်းလဲလာမှုဘဲဖြစ်ပါတယ်။ အိန္ဒိယနဲ့ အာဆီယံအဖွဲ့အကြား ကဏ္ဍပေါင်းစုံတို့မှာ အပြန်အလှန်ဆွေးနွေးရေးယန္တရားပေါင်း ၃၀ ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ အာဆီယံအဖွဲ့ဗဟိုပြု လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးလုပ်ဆောင်မှုတွေကို ပိုမိုအားကောင်းလာစေဖို့အတွက် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဂျာကာတာမြို့မှာ ASEAN နဲ့ EAS အဖွဲ့တို့အတွက် သံတမန်တွေ သီးခြားခန့်အပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့ နိုင်ငံခြားရေးမူဝါဒပေါင်းစုံ ညှိနှိုင်းလုပ်ဆောင်မှုတွေကတဆင့် အရှေ့မြောက်ပိုင်းဒေသကို လှမ်းဖွင့်ပေးဖို့နဲ့ အခွင့်အရေးတွေဖန်တီးပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသဟာ အိန္ဒိယနိုင်ငံအနေနဲ့ အာရှအရှေ့ပိုင်းနဲ့ အရှေ့တောင်အာရှဒေသတွေကို သွားရောက်နိုင်မယ့် တံခါးပေါက်ဘဲဖြစ်ပါတယ်။ အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသဟာ အိန္ဒိယနိုင်ငံရဲ့ အခြေခံနိုင်ငံခြားရေးမူဝါဒနှစ်ရပ်ဖြစ်တဲ့ “အိမ်နီးချင်းပထမ” နဲ့ “အရှေ့သို့လှမ်းမျှော်ကြည့်ခြင်း” တွေနဲ့လည်း ဆက်စပ် ဆက်နွယ်နေပါတယ်။
အရှေ့မြောက်ပိုင်းဒေသအတွက် အိန္ဒိယနိုင်ငံရဲ့ ကြိုတင်မျှော်မြင်မှုကတော့ ဆက်သွယ်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုမြင့်တင်ရေး (3 Cs) ဘဲဖြစ်ပါတယ်။ အရှေ့ပိုင်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတွေမှာ အခြေခံအဆောက်အအုံတွေ၊ ဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်လာပြီး၊ ဒေသအတွင်း ပိုမိုကြီးမားတဲ့ ပေါင်းစည်းမှုကိုလည်း ဖော်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့်အတူ လွန်ခဲ့တဲ့ပတ်ကကျင်းပခဲ့တဲ့ အာဆီယံ-အိန္ဒိယ ဝန်ကြီးများအစည်းအဝေးပွဲကို ပူးတွဲသဘာပတိအဖြစ် တာဝန်ယူခဲ့ပါတယ်။ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တဲ့ အဲသည့်အစည်းအဝေးပွဲကို အဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးပွဲမှာ ပင်လယ်ရေပြင်တွင် ပူးပေါင်းလုပ်ဆောင်မှု၊ ဆက်သွယ်ရေး၊ ပညာရေးနဲ့ စွမ်းရည်မြင့်တင်ရေး၊ ပြည်သူအချင်းချင်း ဆက်သွယ်လုပ်ဆောင်ရေး အပါအဝင် အာဆီယံအဖွဲ့နဲ့ အိန္ဒိယနိုင်ငံတို့အကြား မဟာဗျူဟာကျ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကဏ္ဍပေါင်းစုံတို့က အခြေအနေတွေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ ၂၀၁၆-၂၀၂၀ အာဆီယံ-အိန္ဒိယ လက်တွေ့လုပ်ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ အစည်းအဝေးပွဲမှာ လာမယ့် ၁၇ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ညီလာခံအတွက် ပြင်ဆင်မှုအခြေအနေများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဓိကခေါင်းဆောင်များနဲ့ အိန္ဒိယနိုင်ငံခေါင်းဆောင်တွေက ဆုံးဖြတ်ချမှတ်ထားတာတွေ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ တိုးတက်မှုအခြေအနေများနဲ့၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ညီလာခံနဲ့ တခြားကျင်းပခဲ့ပြီးဖြစ်တဲ့ ညီလခံတွေက ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။
အစည်းအဝေးပွဲမှာ အာဆီယံ-အိန္ဒိယ လက်တွေ့လုပ်ဆောင်ရေးစီမံကိန်းသစ် (၂၀၂၁-၂၀၂၅) ကို ချမှတ်ခဲ့ပါတယ်။ ဝန်ကြီးများအကြား COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွားမှု တိုက်ဖျက်ရေးမှာ ပူးပေါင်လုပ်ကိုင်သွားဖို့နဲ့၊ ဒေသအတွင်းနဲ့ နိုင်ငံတကာအဆင့်မှာ အရေးကြီးတဲ့ တိုးတက်ဖြစ်ပေါ်မှု အခြေအနေတွေအပေါ် အမြင်များကို ဖလှယ်ခဲ့ကြပါတယ်။
အိန္ဒိယအစိုးရ ပြည်နယ်များရဲ့ နိုင်ငံခြားဆက်ဆံရေးဝန်ကြီး V. Muraleedharan ကလည်း ဗီယက်နမ်နိုင်ငံက သဘာပတိအဖြစ်တာဝန်ယူကာ အွန်လိုင်းကတဆင့် ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ ဒေသအတွင်း ဖိုရပ် (ARF) ကို တက်ရောက်ပါဝင်ခဲ့ပါတယ်။
၂၇ ကြိမ်မြောက် ARF နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးပွဲ (FMM) မှာ ဒေသအတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စများအပေါ် အမြင်များကို ဖလှယ်ခဲ့ကြပါတယ်။ ပြည်နယ်များရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း ညှိနှိုင်းလုပ်ဆောင်မှုများအပေါ် အိန္ဒိယနိုင်ငံ၏ အမြင်များ၊ အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုအန္တရာယ်၊ ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ သဘောတူစာချုပ် (UNCLOS) မူဘောင်အပေါ်အခြေခံတဲ့ ပင်လယ်ရေပြင်အရေးကိစ္စ၊ COVID-19 စုပေါင်းတိုက်ဖျက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်မှုများကို တင်ပြဆွေးနွေးသွားခဲ့ပါတယ်။
ARF ဝန်ကြီးများဟာ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကိုကာကွယ်ဖို့နဲ့ တုန့်ပြန်လုပ်ဆောင်ဖို့အတွက် ပူးပေါင်းလုပ်ကိုင်ခြင်းကို တိုးမြှင့်ခြင်း၊ အကြမ်းဖက်အဖွဲ့များက လေ့ကျင့်ပေးထားသူများဒါမဟုတ် ဆက်စပ်သူများက ကလေးသူငယ်များအပေါ် ပြုမူဆက်ဆံမှုနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဥပဒေအရ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ (ICTs) ကို အသုံးပြုရန်နဲ့ လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်သွားရန် စတာတွေကို ချမှတ်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဟာ ARF ရဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ ပင်လယ်ရေပြင်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ၊ အကြမ်းဖက်ဝါဒ တန်ပြန်စစ်ဆင်ရေး၊ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာ (ICTs) နဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး စတဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်နေပါတယ်။ အစည်းအဝေးပွဲမှာ ၂၀၂၀-၂၀၂၁ ခုနှစ် ARF လှုပ်ရှားဆောင်ရွက်မှုအတွက် အတည်ပြုခဲ့ရာမှာ အိန္ဒိယနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းနဲ့ ဆိပ်ကမ်းလုံခြုံရေးဥပဒေ (ISPS Code) နဲ့ ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဆိုင်ရာ သဘောတူစာချုပ် (UNCLOS) နဲ့ တခြားအပြည်ပြည်ဆိုင်ရာ စာချုပ်များကို အကောင်အထည်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှာ ပူးတွဲသဘာပတိအဖြစ် ဆောက်ရွက်သွားမှာဖြစ်ပါကြောင်း ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ်။
Comments
Post a Comment