“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Vinit Wahi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အာဖရိကနိုင်ငံတွေအပေါ် ပိုမိုအာရုံပြုခြင်းနဲ့ ပိုမိုနီးကပ်တဲ့ သံတမန်ရေးရာနဲ့ စီးပွားရေးဆက်ဆံမှုတွေ ဖွံ့ဖြိုးစေဘို့ ကြိုးပမ်းမှုတခုအဖြစ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ Niger နဲ့ Tunisia နိုင်ငံတွေကို ယခုအပါတ်စောစောပိုင်းက သွားရောက်လည်ပါတ်ခဲ့ပါတယ်။

ဒီအာဖရိကနိုင်ငံတွေက အိန္ဒိယနိုင်ငံအား ကုလသမဂ္ဂမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းမဟုတ်တဲ့ အဖွဲ့ဝင်ဖြစ်လာဘို့ရာ အထောက်အကူပြုခဲ့ကြတဲ့အချိန်ကစပြီး New Delhi အစိုးရဟာ ဒီနိုင်ငံတွေကို အထူးအရေးပေးလျှက်ရှိပါတယ်။ ဒီခရီးစဉ်ဟာ Dr. Jaishankar ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့နောက်ပိုင်း အာဖရိကအရပ်ဒေသသို့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

Niger နိုင်ငံ Niamey မြို့သို့ ခရီးစဉ်ကာလမှာ Dr. Jaishankar ဟာ Niger နိုင်ငံသမ္မတ Mr Mahamadou Issoufou နှင့် တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ Mahatma Gandhi International Convention Centre ကို ပူးတွဲဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ဒီဗဟိုဌာနကြီးက အာဖရိကနိုင်ငံမှာ အိန္ဒိယနိုင်ငံက အကြိမ် ၁၅၀ မြောက် မွေးနေ့နှစ်ပါတ်လည်အထိမ်းအမှတ်ကို ကျင်းပနေတဲ့ Mahatma Gandhi ကြီးရဲ့ အမှတ်တရအဖြစ် ပထမဆုံး တည်ဆောက်ခဲ့တဲ့ ဌာနကြီးဖြစ်ပါတယ်။ အဆိုပါဗဟိုဌာနကြီးကို တည်ဆောက်ခြင်းဟာ အိန္ဒိယ-Niger ချစ်ကြည်ရေးရဲ့ သမိုင်းမှတ်တိုင်တခုဖြစ်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ အာဖရိကနိုင်ငံတွေအတွက် ရှေ့ရှုတဲ့ ခိုင်မာသောခံယူချက်တွေရဲ့ သင်္ကေတလည်းဖြစ်ပါတယ်။ ယင်းဗဟိုဌာနကို အလွန်ကျယ်ဝန်းပြီး ခေတ်မှီကာ၊ ပါတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ အခွင့်အလမ်းတွေ ပေးဆောင်စေဘို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ဒါဖြစ်ပြီး၊ လူပေါင်း ၂၀၀၀ ခန့်ဆန့်တဲ့ ခမ်းမဆောင်ကြီးပါရှိကာ အာဖရိကသမဂ္ဂ (AU) အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြားအဆင့်မြင့်ညီလာခံတွေ ကျင်းပဘို့ စီမံထားပါတယ်။

Niamey မြို့မှာရှိနေတဲ့အခါ နိုင်ငံခြားရေးဝန်ကြီးဟာ Niger နိုင်ငံခြားရေးဝန်ကြီး Mr Brigi Rafini နဲ့ တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံအကြား ဆက်ဆံမှုတွေ၊ ဒေသပိုင်းဆိုင်ရာနဲ့ တကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေကို အကျယ်တဝန့် ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးတို့ဟာ အကြမ်းဖက်ဝါဒ ရင်ဆိုင်တိုက်ဖျက်ရေးလိုအပ်မှုအပါအဝင် ဖွံ့ဖြိုးမှုနဲ့ လုံခြုံရေးအကြောင်းကိစ္စတွေကို ဆွေးနွေးခဲ့ကြတဲ့အပြင် နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုရဲ့ လုပ်ငန်းဘောင်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ဆက်ဆံမှုတွေကို မကြာသေးမှီသောနှစ်များမှာ ထင်ရှားစွာ တိုးချဲ့ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ Niger နိုင်ငံကိုအကြွေးအမှီအဖြစ် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်တပ်ဆင်ခြင်း၊ စွမ်းအင်နဲ့ သောက်သုံးရေပရိုဂျက်တွေအတွက် ငွေကြေး ထောက်ပံ့ကူညီခဲ့ပါတယ်။ Niger နိုင်ငံမှ အမှုထမ်းအရာထမ်းမြောက်များစွာတို့ဟာ အိန္ဒိယနိုင်ငံရဲ့ နည်းပညာရေးရာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အိန္ဒိယနိုင်ငံရဲ့ စွမ်းရည်တည်ဆောက်မှုသင်တန်းအစီအစဉ်တွေကို တက်ရောက်သင်ယူခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ဇူလိုင်လအတွင်း Niamey မြို့မှာကျင်းပခဲ့တဲ့ AU ထိပ်သီးညီလာခံကျင်းပရေးအတွက်လည်း အထောက်အကူပြုခဲ့ပါတယ်။

Niger နိုင်ငံဟာ အိန္ဒိယနိုင်ငံအား နိုင်ငံတကာအခန်းကဏ္ဍများစွာတို့မှာ အဆင့်နေရာအမျိုးမျိုးတို့အတွက် ထောက်ခံလျှက်ရှိပါတယ်။ World Customs Association မှာ သက္ကရာဇ် ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ICAO မှာ သက္ကရာဇ် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပြင်ပမှ စာရင်းစစ်အဆင့်နေရာအတွက် ထောက်ခံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Niger နိုင်ငံနဲ့ ကုန်သွယ်ရေးဟာ ၂၀၁၆- ၂၀၁၇ ခုနှစ်များမှာ အမေရိကန်ဒေါ်လာပေါင်း ၈၁.၂၇ သန်းရှိခဲ့ရာမှ သက္ကရာဇ် ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာပေါင်း ၁၄၀.၄၅ သန်းအထိ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှ Niger နိုင်ငံသို့တင်ပို့ရောင်းချမှုက ၂၀၁၉ - ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဧပြီလမှ အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာပေါင်း ၅၁.၇၈ သန်းရှိခဲ့ပြီး၊ Niger နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချမှုဟာ အမေရိကန်ဒေါ်လာပေါင်း ၀.၃၄ သန်းရှိခဲ့ပါတယ်။

Dr. S. Jaishankar ရဲ့ Tunisia နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်မှာ၊ အဲဒီနိုင်ငံအတွင်း ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးနည်းပညာ အစပျိုးရေး ဗဟိုဌာနတည်ဆောက်ရေးဆိုင်ရာ သဘောတူစာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ Tunisia နိုင်ငံသမ္မတ Mr Kais Saied နဲ့ နိုင်ငံခြားရေးဝန်ကြီး Mr Sabri Bachtobji တို့နဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန်စီးပွားရေးဆက်ဆံမှုတွေတိုးချဲ့ဘို့အတွက် အလေးအနက် ဆွေးနွေးခဲ့ပြီး နိုင်ငံပေါင်းစုံပါဝင်တဲ့ ဖိုရမ်တွေမှာ နီးကပ်စွာလုပ်ကိုင်ဘို့ သဘောတူခဲ့ကြပါတယ်။

Tunisia နိုင်ငံဟာ Phosphates ဒြပ်ထုအတွက် ယုံကြည်ရတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Tunisia နိုင်ငံမှ Phosphates ဓာတုပစ္စည်းတွေဝယ်ယူမှုဟာ အဲဒီနိုင်ငံရဲ့ တကမ္ဘာလုံးကို တင်ပို့ရောင်းချတဲ့ Phosphoric အက်ဆစ်ပမာဏရဲ့ ၅၀% ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ Tunisia ကျောင်းသားတွေကို ITEC သင်တန်းမှာ နေရာ (၁၁၀) နဲ့ Indian Council of Cultural Relation (ICCR) ကျောင်းသား (၁၀) ဦးတို့အတွက် အထက်တန်းပညာသင်ယူဘို့ ပညာတော်သင်ကြေး Scholarship ပေးကမ်းခဲ့ပါတယ်။


Niger နဲ့ Tunisia နှစ်နိုင်ငံစလုံးတို့ဟာ အိန္ဒိယနိုင်ငံအတွက် အရေးကြီးပြီး၊ ဒီနိုင်ငံတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းမဟုတ်တဲ့ အဖွဲ့ဝင်တွေဖြစ်ကြကာ၊ New Delhi အစိုးရက အကြိမ်ကြိမ်အဖန်ဖန် ဒီမိတ်ဆွေအာဖရိကနိုင်ငံတွေထံမှ ထောက်ခံမှုတွေရရှိနေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ သံတမန်ရေးရာချဉ်းကပ်မှုကလည်း သူတို့ရဲ့ထောက်ခံမှုတွေအား နားလည်သဘောပေါက်မှုနဲ့ ကျေးဇူးတင်ရှိမှုကို သဘာဝအားဖြင့် ဖေါ်ပြဒါဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Vinit Wani ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments

Popular posts from this blog

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”