Blue Dot အစပျိုးလုပ်ဆောင်ချက်ဟာ အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွက် ဖြစ်နိုင်ခြေ အလားအလာသစ်တွေ ဖွင့်လှစ်ပေးလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှဒေသနှင့် အရှေ့တောင်အာရှဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားတဲ့ “Blue Dot အစပျိုးလုပ်ဆောင်ချက်ဟာ အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွက် ဖြစ်နိုင်ခြေ အလားအလာသစ်တွေ ဖွင့်လှစ်ပေးလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အမေရိကန်သမ္မတ Mr. Donald J. Trump ရဲ့ လတ်တလောပြီးစီးခဲ့တဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း သူနှင့် ဝန်ကြီးချုပ် Mr. Narendra Modi တို့အကြားဆွေးနွေးမှုတွေမှာ အဓိကပါဝင်ခဲ့တဲ့ အရေးကိစ္စတရပ်ကတော့ “Blue Dot” ကွန်ယက်ပဲ ဖြစ်ခဲ့ပါတယ်။

သမ္မတ Mr. Trump နှင့် ဝန်ကြီးချုပ် Mr. Modi တို့အကြား ဆွေးနွေးမှုအပြီး ကြေညာခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ “ဖွံ့ဖြိုးဆဲဖြစ်ပြီး ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေအတွင်း အစိုးရ ကြွေးမြီစုပြုံများပြားမှု ထိန်းချုပ်ဖို့အတွက်ဆိုရင် ငွေချေးသူရော ငွေချေးပေးတဲ့သူရော ၂ ဖက်စလုံးအတွက် တာဝန်ခံနိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တောင့်တင်းခိုင်မာတဲ့ ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်တွေရှိဖို့ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့က အသိအမှတ်ပြုကြောင်း ဖော်ပြထားပါတယ်။ Mr. Trump နှင့် Mr. Modi တို့ဟာ ကမ္ဘာလုံးဆိုင်ရာ လူထုအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်မှု စံချိန်စံညွှန်းတွေ အဆင့်မြင့်တိုးတက်စေဖို့ အစိုးရပိုင်းတွေ၊ ပုဂ္ဂလိကပိုင်းတွေနှင့် အရပ်ဖက်ပိုင်းတွေ အတူတကွ ဆောင်ကြည်းသွားကြမယ့် ဘက်စုံထောင့်စုံအလွှာစုံ အစပျိုးလုပ်ဆောင်ချက်တခုဖြစ်တဲ့ Blue Dot ကွန်ယက်ဆိုင်ရာ ထင်မြင်ချက်သဘောထားကို စိတ်ဝင်စားကြောင်း” ဖော်ပြခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံကလည်း Blue Dot ကွန်ယက်မှာ လက်တွဲပါဝင်ဖို့ အလားအလာရှိနေပါတယ်။

အဲဒီ Blue Dot ကွန်ယက်ရဲ့ မျှော်မှန်းချက်ကဘာလဲဆိုရင် နိုင်ငံတကာအားဖြင့် လက်ခံထားတဲ့ စည်းမျဉ်းတွေနှင့် စံညွှန်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွင်း၊ အထူးသဖြင့် အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွင်း နိုင်ငံရပ်ခြားမှ ငွေကြေးပေးအပ်မှုနှင့် လူထုအခြေခံ အဆောက်အအုံ တည်ဆောက်ရာမှာ အသေအချာ လိုက်နာမှုရှိစေဖို့ဖြစ်တယ်ဆိုတာ ရှင်းလင်းလှပါတယ်။ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စု ၂ နိုင်ငံစလုံးတို့ဟာ မကြာခဏဆိုသလို ငွေကြေးလက်ခံ ချေးငှားတဲ့နိုင်ငံတွေဘက်မှာ ကြွေးမြီအများအပြားတင်ရှိမှု ဖြစ်ပွားစေတယ်ဆိုတာကို သိရှိထားတာကြောင့် အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွင်း၊ သီးသန့်အားဖြင့် အာရှဒေသပိုင်းအတွင်း လူထုအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နေတာတွေနှင့်ပတ်သက်ပြီး စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ကြပါတယ်။

သီရိလင်္ကာ၊ မော်လဒိုက်နှင့် မလေးရှားတို့လိုနိုင်ငံတွေဟာ BRI ခေါ် ပိုးလမ်းမ အစပျိုးလုပ်ဆောင်မှု တစိတ်တပိုင်းအဖြစ် တရုပ်နိုင်ငံမှယူထားတဲ့ကြွေးမြီတွေ ပြန်ဆပ်ဖို့ကိစ္စနှင့်ပတ်သက်ပြီး စိန်ခေါ်ချက်တွေကို ရင်ဆိုင်နေကြရပြီး အဲဒီစီမံကိန်းကို ၂၀၁၃ ခုနှစ်က OBOR ခေါ် စင်္ကြံတခု လမ်းတခု စီမံကိန်းအဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ဘန်ကောက်မြို့၊ အင်ဒို-ပစိဖိတ် စီးပွားရေးဖိုရမ်မှာ ဂျပန်၊ ဩတြေးလျားနှင့် အမေရိကန်ပြည်ထောင်စုတို့စတင်ခဲ့ကြတဲ့ Blue Dot ကွန်ယက်ဟာ ဖွံ့ဖြိုးမှုနည်းပါးတဲ့နိုင်ငံတွေနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးအဆင့် နိုင်ငံတွေအတွင်း လူထုအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုရာမှာ ကြွေးမြီထောင်ချောက်တွေ၊ ပွင့်လင်းမြင်သာမှုနှင့် ထိန်းသိမ်းနိုင်မှုမရှိတဲ့ စိန်ခေါ်ချက်တွေကို အာရုံပြုဖို့ ရည်စူးထားတာဖြစ်ပါတယ်။ Blue Dot ကွန်ယက်ရဲ့ အဓိကလက္ခဏာတရပ်က ဘာလဲဆိုရင် ကြွေးမြီချေးယူတဲ့ နိုင်ငံတွေအနေနှင့် ကိုယ်တိုင်သိရှိထားပြီးဖြစ်တဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်စေဖို့အတွက် တိကျသေချာတဲ့ သတ်မှတ်ချက် ဘောင်တွေနှင့်ပတ်သက်ပြီး ငွေကြေးချေးငှားပေးတဲ့ နိုင်ငံအဖွဲ့အစည်းတွေကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျကျ လူသိရှင်ကြား နှုန်းထားအဆင့်ပေးသွားလိမ့်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

တရုပ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်းစတင်မှုအတွက် အမေရိကန်ပြည်ထောင်စုရဲ့ တုံ့ပြန်ချက်အဖြစ် ထင်သာမြင်သာရှိလှတဲ့ ဒီလုပ်ဆောင်ချက်ကို ဩတြေးလျားနိုင်ငံမှ AusAID၊ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA နှင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ တိုးတက်မှု ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က ငွေကြေး မတည်သွားကြမှာဖြစ်ပါတယ်။

အဲဒီ အဆင့်နှုန်းထားပေးနှုစနစ်ဟာ အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွင်း ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတွေအတွင်း မြှုပ်နှံဖို့ အမေရိကန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကို အထောက်အကူပြုသွားမှာဖြစ်ပြီး အဲဒီမှာ ငွေချေးသူရော လက်ခံတဲ့နိုင်ငံတွေအတွက်ပါ သူနိုင်-ကိုယ်နိုင် အခြေအနေတရပ် ပေါ်ပေါက်စေမှာဖြစ်ပါတယ်။

အထွေထွေအားဖြင့် ဖွံ့ဖြိုးဆဲကမ္ဘာကြီးနှင့် သီးသန့်အားဖြင့် အာရှဒေသတို့ဟာ အခြေခံအဆောက်အအုံ မလုံလောက်မှု အခြေအနေဆိုးကြီးကို ရင်ဆိုင်နေရပါတယ်။ အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ရဲ့ ဖော်ပြချက်အရ အာရှနိုင်ငံတွေဟာ ၎င်းတို့ရဲ့ အခြေခံ အဆောက်အအုံ လမ်းပန်းဆက်သွယ်ရေး မျှော်မှန်းချက်တွေကို နားလည်သဘောပေါက်ပြီး ၎င်းတို့နိုင်ငံတွေအတွင်း လူဦးရေရဲ့ သင့်လျော်တဲ့ ဖွံ့ဖြိုးမှုရှိစေဖို့အတွက်ဆိုရင် နှစ်စဉ် အဲဒီကွာဟချက်တွေ ညှိပေးဖို့ အမေရိကန်ဒေါ်လာ ၁.၇ ထရီလျံရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလိုအပ်လိမ့်မယ်လို့ သိရှိရပါတယ်။

အိန္ဒိယနိုင်ငံအတွက်တော့ Blue Dot ကွန်ယက်ဟာ အကျိုးဖြစ်ထွန်းမယ့် တိုးတက်မှု အခြေအနေတရပ် ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုပုံစံကို ကျင့်သုံးလုပ်ဆောင်လျှက် ရှိပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး Blue Dot ကွန်ယက်ကတဆင့် ပံ့ပိုးထားတဲ့ တာဝန်ခံနိုင်မှုရှိပြီး ချိန်ခွင်လျှာ ညီမျှတဲ့ ပုဂ္ဂလိကနှင့် အစိုးရပိုင်း ပေါင်းစပ် ရင်းနှီးမြှုပ်နှံမှုတရပ်ဟာ လက်ရှိ အခြေခံအဆောက်အအုံ ကွာဟနေမှုအခြေအနေတွေကို တန်းတူညှိပေးဖို့ အခွင့်အလမ်းကောင်းတရပ် ဖြစ်သွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Rahul Mishra ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”