“အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းပထမပေါ်လစီ ဒေသပိုင်းဆိုင်ရာ သဘောထားများ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းပထမပေါ်လစီ ဒေသပိုင်းဆိုင်ရာ သဘောထားများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံ ထိပ်တန်းကြံစည်ရေးအဖွဲ့ဖြစ်တဲ့ New Delhi မြို့မှာရှိတဲ့ Institute of Defence Studies and Analyses (IDSA) ဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းပထမပေါ်လစီ ဒေသပိုင်းဆိုင်ရာသဘောထားများနဲ့ပါတ်သက်ပြီး ၁၂ ကြိမ်မြောက် တောင်အာရှညီလာခံကို ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံဟာ၊ တောင်အာရှဒေသပိုင်းနဲ့ မြန်မာနိုင်ငံတို့မှ ပေါ်လစီရေးဆွဲသူတွေ၊ ပညာရေးပါရဂူတွေနဲ့ ထူးချွန်ထက်မြက်သူတွေကို အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းပထမပေါ်လစီက ဒီနိုင်ငံတွေအတွက် ဘယ်လိုအဓိပ္ပါယ်ရသလဲဆိုဒါကို အခြေအတင် ပြောဆိုဆွေးနွေးဘို့ စုရုံးစေခဲ့ပါတယ်။ နိုင်ငံခြားမှတက်ရောက်ကြသူတွေအပြင် အိန္ဒိယနိုင်ငံသား (၉) ဦးတို့ကလည်း အဆိုပါမူဝါဒနဲ့ပါတ်သက်ပြီး သူတို့ရဲ့ရှုမြင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။ အဖွင့်အမှာစကားပြောကြားရာမှာ IDSA ရဲ့ဥက္ကဌဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး Mr Raj Nath Singh ဟာ ဒေသပိုင်းအတွက် ၎င်းတို့ရဲ့ တဦးချင်း အမျိုးသားအသိအမှတ်ပြုချက်တွေထက်ပိုပြီး တောင်အာရှနိုင်ငံသားများအဖြစ် ရှေ့သို့ချီဘို့ အချိန်ကျရောက်လာပြီဖြစ်တယ်လို့ အကျယ်တဝန့် ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး Mr V. Muraleedharan က အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းပေါ်လစီမူဝါဒရဲ့ ရှုထောင့်အဖြာဖြာတို့ကို အလေးအနက်တင်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ Mr Narendra Modi က ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ၊ သူ့ရဲ့ဖိအားပေးမှုက အိန္ဒိယနိုင်ငံရဲ့ အနီးကပ်ဆုံးအိမ်နီးချင်းနိုင်ငံတွေဖြစ်ခဲ့ပါတယ်။ Mr Modi ဟာ သူ့ရဲ့ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ SAARC အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေအား ဖိတ်ခေါ်ခဲ့ပြီး သူ့ရဲ့ပထမဦးဆုံးနိုင်ငံခြားသို့ ခရီးစဉ်ကို ဘူတန်နိုင်ငံမှ စတင်ခဲ့ကာ၊ အဲဒီနောက် တခြားအိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ ယခုပေါ်လစီဟာ အရင်အစိုးရရဲ့ပေါ်လစီနဲ့ ခြားနားစေဒါကတော့ ဝန်ကြီးချုပ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီသို့ အလည်အပါတ်သွားရောက်ပြီး၊ သူတို့တတွေဟာ အိန္ဒိယနိုင်ငံအတွက် အရေးကြီးဆုံးဖြစ်တယ်ဆိုဒါကို သရုပ်ပြခဲ့ဒါဘဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ တွန်းအားဟာ “Sab ka Saath Sab Ka Vikas” ဆိုတဲ့ဆောင်ပုဒ်ဖြစ်ပြီး၊ NDA အစိုးရက ဒုတိယအကြိမ်အာဏာရလာတဲ့အခါ “Sab ka Saath ၊ Sab ka Vikas and Sab ka Vishwas” သို့မဟုတ် “အားလုံးနဲ့အတူ အားလုံးရဲ့တိုးတက်မှုနဲ့ အားလုံးရဲ့ ယုံကြည်မှု” အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

အဲဒီဆောင်ပုဒ်ဟာ အိန္ဒိယနိုင်ငံရဲ့ နှစ်နိုင်ငံတို့အကြား ဆက်ဆံရေးတွေဟာ အပြန်အလှန် တုံ့ပြန်မှုအပေါ် အခြေခံဒါမဟုတ်ဘဲ ကြီးပွားတိုးတက်မှုအား မျှဝေခြင်း၊ လက်ရှိယုံကြည်မှု ကွာဟချက်တွေကို ကူးစက်ပေးရာမှာ တဖက်သတ်လျော့ပေါ့ချက်တွေ ပေးကမ်းခြင်းတို့ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ သူ့ရဲ့ အိမ်နီးချင်းတွေအကြား စွမ်းအားကွာခြားမှုတွေရှိနေဒါကြောင့် တခါတလေ အိမ်နီးချင်းနိုင်ငံတွေက ပြည်ပမှစွမ်းအားတွေကို အားကိုးလေ့ရှိပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အိမ်နီးချင်းဆက်ဆံရေးတွေတည်ဆောက်ဘို့ တာဝန်ဟာ အပြန်အလှန်သဘောထားပေါ် မူတည်လာပါတယ်။ ဒေသပိုင်းအတွင်း ကုန်သွယ်ရေးဟာ အလွန်နည်းပါးစွာ ၆% လောက်ဘဲရှိနေပါတယ်။ ဒီလိုဖြစ်ရဒါက ကုန်သွယ်ရေးအတားအဆီး အမျိုးမျိုးတို့ကြောင့်ဖြစ်ပါတယ်။ သို့သော် အိန္ဒိယနိုင်ငံက ချေးမငွေတွေပေးကမ်းခြင်းဖြင့် ဆက်သွယ်ရေးပရိုဂျက်တွေကို အကောင်အထည်ဖော်လျှက်ရှိပါတယ်။ မကြာမှီသောနှစ်များမှာ ဓါတ်အားကုန်သွယ်ရေးဟာ အမှန်တကယ်ဖြစ်လာပါတယ်။

အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မီဂါဝပ် ၁၂၀၀ ခန့်ကို တင်ပို့ခဲ့ပြီးနောက် ထပ်တိုးမြှင့်ဘို့ရှိပါတယ်။ အလားတူဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘူတန်နိုင်ငံ ရေအားပရိုဂျက်တွေမှာ အမေရိကန်ဒေါ်လာပေါင်း (၁) ဘီလီယံ ရင်းနှီးဘို့ ကမ်းလှမ်းထားပါတယ်။ New Delhi အစိုးရဟာ နီပေါနိုင်ငံမှာ ရင်းနှီးဘို့လည်း စိတ်ဝင်စားကြောင်း ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် မတ်လအတွင်းက ကုန်သွယ်ရေးစည်းမျဉ်းဥပဒေတွေဟာ အနာဂါတ်မှာ ဒီကုန်သွယ်ရေးအတွက် အခွင့်အလမ်းပေးဘို့ရာ ဆက်နွယ်ပေးမှုအနေနဲ့ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းတွေက နယ်ပယ်အဖြာဖြာတို့မှာ အိန္ဒိယနိုင်ငံနဲ့ စေ့စပ်လုပ်ကိုင်ဘို့ စိတ်ဆန္ဒရှိကြပါတယ်။ နီပေါနဲ့ ဘူတန်နိုင်ငံလို ကုန်းမြေဝိုင်းရံထားတဲ့နိုင်ငံတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ပင်လယ်ဆိပ်ကမ်းတွေဆီ ဝင်ရောက်ခွင့်ရရှိဘို့ စိတ်လောနေကြပါတယ်။ သူတို့ဟာ သူတို့ရဲ့စွမ်းအင်ဈေးကွက်ကိုလည်း ကွဲပြားစေလိုကြပါတယ်။ မော်လဒိုက်နဲ့ ဘူတန်နိုင်ငံတို့က သူတို့ရဲ့ “India First” ပေါ်လစီကို အလေးအနက်ပြုလုပ်လျှက်ရှိကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ယုံကြည်မှုနဲ့ ဘက်စုံပါဝင်ရေးကို နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် အခြေခံအရင်းအမြစ်ယူဆခြင်းက အချင်းချင်းမှီခိုမှုရဲ့ သော့ချက်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒေသပိုင်းအတွင်း ပြန်လည်ပေါင်းစည်းစေရေးအခန်းကဏ္ဍမှ ပါဝင်နိုင်ပါတယ်။ ဒေသပိုင်းအတွင်းကနိုင်ငံတွေဟာ အကြမ်းဖက်ဝါဒကို အဓိကစိန်ခေါ်မှုအဖြစ် ခံယူထားကြပါတယ်။ ဒေသပိုင်းအတွင်းကနိုင်ငံတွေအတွက် အပြန်အလှန်ဆက်ဆံရေးဟာ အလွန့်အလွန်အရေးပါမှုအဖြစ် ဆက်လက်တည်ရှိနေသလို ဒေသပိုင်းဆိုင်ရာ အုပ်စုအဖြာဖြာတို့ကလည်း အလားတူအရေးပါလှပါတယ်။ SAARC ၊ BIMSTEC ၊ ဘင်္ဂလားဒေ့ရှ်-ဘူတန်-အိန္ဒိယ-နီပေါ (BBIN) နဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြန် စသည်တို့မှာ တောင်အာရှဒေသပိုင်းအတွင်း စီးပွားရေးပေါင်းစည်းမှု စည်းမျဉ်းတွေကို ပြောင်းလဲနိုင်တဲ့စွမ်းအားရှိပါတယ်။ ရှေ့သို့ချီမည့်လမ်းကြောင်းဟာ သဘောထားကွဲလွှဲမှုတွေကို ဘေးဖယ်ထားပြီး ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေးသို့ ဦးတည်ဘို့ လုပ်ကိုင်ကြရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”