လူမှုစီးပွားရေးရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံရေးရာ စွမ်းရည်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် အိန္ဒိယ သိပ္ပံရေးရာ ဂျာနယ်မှ အမှုဆောင် အယ်ဒီတာ N. Bhadran Nair ဝေဖန်ရေးသားပေးပို့ထားတဲ့ “လူမှုစီးပွားရေးရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံရေးရာ စွမ်းရည်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

သိပ္ပံအရေးကိစ္စဟာ အစဉ်အလာအားဖြင့် ဓာတ်ခွဲခန်းတွေရဲ့ နံရံလေးခုအတွင်းမှာ တည်ရှိနေတယ်ဆိုပေမယ့် လက်ရှိ အိန္ဒိယနိုင်ငံတွင်း အာရုံပြုချက်ဟာ နိုင်ငံတော်ကို ဖွံ့ဖြိုးရေးလမ်းကြောင်းတခုအတွင်း ထိုးထွင်းနိုင်ရေး အထောက်အကူဖြစ်စေဖို့အတွက် သိပ္ပံပညာကို လူမှုရေးရာအားဖြင့် ဆက်နွယ်ပတ်သက်စေဖို့ ပြောင်းလဲလျှက်ရှိပါတယ်။ အကြီးမားဆုံးသော သိပ္ပံရေးရာ စုဝေးမှုပွဲတော်ကြီးဖြစ်ပြီး မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ၁၀၇ ကြိမ်မြောက် အိန္ဒိယ သိပ္ပံရေးရာ ညီလာခံမှာ အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင်တွေဟာ သိပ္ပံအရေးကို ပြည်သူတွေအခြေခံဖြစ်စေဖို့အတွက် ဓာတ်ခွဲခန်းနှင့် နယ်မြေတွေ၊ ဓာတ်ခွဲခန်းနှင့် အလုပ်ကဏ္ဍတွေ ဒါမှမဟုတ် ဓာတ်ခွဲခန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေအကြား ကွာဟချက် ပေါင်းကူးပေးရေးအတွက် ဖော်ပြခဲ့ကြပါတယ်။

ယခုနှစ် အိန္ဒိယ သိပ္ပံရေးရာ ညီလာခံရဲ့ နောက်ခံဆောင်ပုဒ်ကတော့ သိပ္ပံနှင့် နည်းပညာ - ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ နည်းပညာဟာ အစိုးရနှင့် သာမန်ပြည်သူအကြား ပေါင်းကူးတံတားတစင်း ဖြစ်ပါတယ်။ နည်းပညာဟာ အမြန်ဆုံးနှင့် မှန်မှန်ကန်ကန် ဖွံ့ဖြိုးရေးအတွက် ချိန်ညှိပေးတဲ့ အချက်ဖြစ်ပြီး ဘက်လိုက်ခြင်း၊ မျက်နှာသာပေးခြင်းမရှိတဲ့ ကြားနေဖြစ်ပါတယ်။ လူသားမျိုးနွယ်တွေရဲ့ ခံစားတုံ့ပြန်မှုနှင့် ခေတ်ပေါ် နည်းပညာတို့အကြား ပေါင်းစပ်လုပ်ဆောင်လိုက်တဲ့အခါ နည်းပညာဟာ အံ့မခန်း ရလဒ်တွေ ဖြစ်ပေါ်စေတယ်လို့ Bengaluru မြို့မှာပြုလုပ်ခဲ့တဲ့ သိပ္ပံရေးရာ ညီလာခံ အဖွင့်မိန့်ခွန်းပြောကြားရာမှာ ဝန်ကြီးချုပ် Mr. Narendra Modi က ဖော်ပြခဲ့ပါတယ်။

ယနေ့ကမ္ဘာကြီးဟာ ရာသီဥတု ပြောင်းလဲလာမှုနှင့် ကမ္ဘာကြီး ပူနွေးလာမှုတို့မှာ သဘောတရားဆိုင်ရာ အကျပ်အတည်းကြီးတရပ်ကို ရင်ဆိုင်နေရပါတယ်။ ဩစတြေးလျားနိုင်ငံအတွင်း အကြီးအကျယ် တောမီးလောင်ကျွမ်းမှုနှင့် ဒီ့အရင် အမေဇုံ သစ်တောအတွင်း မီးလောင်ကျွမ်းမှုတို့ဟာ လူသားတွေရဲ့ ဂရုမထားမှု၊ ကြိုတင်စဉ်းစား ချင့်ချိန်မှု ဒါမှမဟုတ် တခြားအချက်တွေကြောင့်လို့ ဖွင့်ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ ရှင်းလင်းလှတဲ့ ညွှန်ပြချက်တွေဖြစ်တဲ့ အရွယ်အစားနှင့် ကပ်ဘေးကျရောက်မှုတွေဟာ သဘာဝ ဘေးအန္တရာယ်တွေကို ပိုမိုပြင်းထန်စေနိုင်ပြီး အပင်နှင့် သတ္တဝါအားလုံးတို့အတွက် အကြီးအကျယ် ကံဆိုးမိုးမှောင် ကျစေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေး ဖော်ပြထားပါတယ်။

ဒီကနေ့ ကျွန်ုပ်တို့တွေဟာ မုန်တိုင်းတိုက်ခတ်မှုတွေ၊ တောမီးလောင်ကျွမ်းမှုတွေ၊ ရေလွှမ်းမိုးမှု ကပ်ဘေးတွေ၊ မကြုံစဖူး မိုးခေါင်ရေရှားမှုတွေနှင့် ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုတွေလို ပုံစံအမျိုးမျိုးတို့နှင့် မိခင်သဘာဝတရားရဲ့ အမျက်ဒေါသတွေကို တွေ့မြင်နေရပြီး ရာသီဥတု ပြောင်းလဲလာမှုအတွက် အဖြေရှာလုပ်ဆောင်သွားဖို့ အားလုံး အတူတကွ လက်တွဲသွားရမယ်လို့ ဒုသမ္မတ Mr. M. Venkaiah Naidu ကလည်း ညီလာခံအပိတ် အမှာစကားပြောကြားရာမှာ သတိပေးဖော်ပြခဲ့ပါတယ်။

ကမ္ဘာကြီးဟာ ဘယ်နည်းနှင့်မဆို အချင်းချင်း အပြန်အလှန် ချိတ်ဆက်ပတ်သက်နေပြီး မိမိတို့ရဲ့ အိမ်တံခါးဝမှာ ရောက်ရှိနေပြီဖြစ်တဲ့ ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ သက်ရောက်မှုတွေကို မေ့ထားလို့မရတာကြောင့် အိန္ဒိယနိုင်ငံကလည်း ကမ္ဘာ့တခြားဖက်မှာဖြစ်ပျက်နေတဲ့ အလားတူ ကပ်ဘေးကျရောက်မှုတွေနှင့်ပတ်သက်ပြီး မျက်ကွယ်ပြုသွားလို့ မရနိုင်ပါဘူး။

မိမိတို့ ကြိုးပမ်းလုပ်ဆောင်ချက် အလုံးစုံတို့ရဲ့ အခြေခံအချက်ဟာ ဘဝအရည်အသွေး တိုးတက်စေဖို့ဖြစ်ပြီး သာယာဝပြောမှု ကြီးကျယ်ခမ်းနားစေရုံမျှသာမဟုတ်ကြောင်း ဒုသမ္မတက ဖော်ပြခဲ့ပါတယ်။ ဒါဟာ သိပ္ပံပညာရေး အသိုင်းအဝိုင်းအနေနှင့် တနိုင်ငံလုံးရဲ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်တွေကို နှလုံးသွင်းလျက် မိမိတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ရေး ဖြေရှင်းချက်တရပ် ရှာဖွေသွားကြဖို့အတွက် အတူတကွ လုပ်ဆောင်သွားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးဖြစ်စေ၊ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းမှာဖြစ်စေ သိပ္ပံရေးရာ အရေးတကြီး အာရုံပြုဖို့ လိုအပ်နေတဲ့ နိုင်ငံတော် အရေးကိစ္စအများအပြားရှိနေပြီး အိန္ဒိယပြည်သူလူထုရဲ့ လူနေမှု ဘဝအရည်အသွေး တိုးတက်ကောင်းမွန်ရေးအတွက် လယ်ယာ အကျပ်အတည်းတွေ ဒါမှမဟုတ် ကူးစက်နိုင်တဲ့ရောဂါဖြစ်စေ၊ မကူးစက်နိုင်တဲ့ရောဂါဖြစ်စေ ရောဂါဘယ ထူပြောမှုအခြေအနေကို ဖြေရှင်းလုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။

မိမိတို့တွေဟာ သုတေသနပြုထားတဲ့ စာတမ်း ထုတ်ဝေမှုတွေ ဒါမှမဟုတ် အသုံးပြုထားတဲ့ ငွေကြေးပမာဏတွေမှာ သိပ္ပံအရေး အကောင်အထည် ဖော်ဆောင်မှုတွေကို တိုင်းတာလေ့ရှိကြပြီး အမှန်တကယ် စစ်ဆေးမှုကဘာလဲဆိုရင် မိမိတို့ရဲ့ လက်ရှိခေတ် စိန်ခေါ်မှုတွေကို မိမိတို့ရဲ့ အနာဂတ်ရေးအတွက် ဘေးမဖြစ်စေဘဲ သင့်လျော်တဲ့ ဖြေရှင်းချက်တွေ ရှာကြံရာမှာ အထောက်အကူပြုမှု ရှိမရှိဆိုတာဖြစ်တယ်လို့ Mr. Naidu က ထောက်ပြခဲ့ပါတယ်။

ဂျာမဏီနိုင်ငံမှ နိုဗယ်ဆုရှင်ဖြစ်တဲ့ Stefan W Hell ဟာ ကြီးမားလှတဲ့ ရှာဖွေလေ့လာမှုတွေကို စီစဉ်လို့ မရနိုင်ဘူးရယ်လို့ ရှုမြင်သုံးသပ်ခဲ့ပါတယ်။ အလားတူသဘောထားနှင့်ပဲ သိပ္ပံအရေးမှာ ဘယ်သူတဦးတယောက်ကမျှ အထင်အမြင်မှားလို့မရနိုင်ကြောင်း ၎င်းကဖော်ပြခဲ့ပါတယ်။ လတ်တလောကာလမှာ ဖြစ်ဟန်မရှိသေးတဲ့ လက်ရှိ ကမ္ဘာ့လုပ်ဆောင်ချက်တွေဟာ ပျမ်းမျှ အိန္ဒိယပြည်သူထုရဲ့ မျှော်မှန်းချက်၊ လိုလားချက်တွေနှင့် ဒါမှမဟုတ် အိန္ဒိယ ခေါင်းဆောင်ပိုင်းတွေ ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံနှင့် သင့်လျော်မှုမရှိတဲ့ မျှော်မှန်းချက် ရှင်းရှင်းလင်းလင်း မထားရှိတဲ့ သုတေသနတွေလုပ်ဆောင်ဖို့ အဆိုပါ နိုဗယ်ဆုရှင်က တောင်းဆိုဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ သိပ္ပံပညာ သမိုင်းကြောင်းမှာ နိုင်ငံတကာအဆင့် ပေါက်ရောက်ခဲ့ကြတဲ့ အထင်ကရ သိပ္ပံပညာရှင် လူသားရင်းဖြစ်တွေ အများအပြားရှိသလို လူငယ်တွေရဲ့ စိတ်နှလုံးကို သိပ္ပံညာရေး လမ်းကြောင်းအတွင်း တိုးမြှင့်ထားရှိပေးတဲ့ နိုင်ငံတော် စနစ်တရပ်လည်း ရှိထားပါတယ်။ ဝန်ကြီးချုပ် ဖော်ပြခဲ့သလိုပဲ မိမိတို့ဟာ အခြေခံပြဿနာ အများအပြားတို့ ဖြေရှင်းဖို့အတွက် နိုင်ငံတော်ကို သိပ္ပံနည်းကျ အခြေခံတဲ့နိုင်ငံ ဖြစ်စေဖို့ ကြံဆမှုတွေ၊ ထုတ်လုပ်မှုတွေနှင့် သာယာဝပြောမှုတွေ လိုအပ်နေပါတယ်… စသဖြင့် ဆောင်းပါးရှင် N. Bhadran Nair ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”