အိုစာကာမြို့မှ G-20 ထိပ်သီးညီလာခံ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိုစာကာမြို့မှ G-20 ထိပ်သီးညီလာခံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိုစာကာမြို့မှာ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအင်အားရဲ့ ၈၀% ကိုယ်စားပြုပါဝင်တဲ့ နိုင်ငံပေါင်း ၂၀ အုပ်စု ခေါ် G-20 အဖွဲ့ရဲ့ ထိပ်သီးညီလာခံဟာ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှုစနစ်တွေအပေါ် အကြေအလည်ဆွေးနွေးဖို့အတွက် အဓိကကျတဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ဖြစ်ပါတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးရာ တင်းမာမှုတွေဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတွေအပေါ် ဖိအားတွေကျရောက်စပြုနေတာကြောင့် G-20 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ အိုစာကာမြို့မှာ စုဝေးခဲ့ကြတာဖြစ်သလို အရေးအကြီးဆုံး ဦးစားပေးချက်တွေအနက် ၁ ချက်ကတော့ နိုင်ငံတကာ ကုန်သွယ်ရေးစနစ်အတွင်း ယုံကြည်မှု ပြန်လည်ထိန်းသိမ်းထားရှိဖို့ ဖြစ်ပါတယ်။ ညီလာခံမှာ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ် Mr. Narendra Modi ကလည်း အိန္ဒိယနိုင်ငံကို ကိုယ်စားပြုတက်ရောက်ခဲ့ပါတယ်။
ညီလာခံအပြီးမှာတော့ လွတ်လပ်မျှတပြီး ခွဲခြားမှုမရှိဘဲ ပွင့်လင်းမြင်သာ ခန့်မှန်းတွက်ချက်နိုင်ကာ တည်ငြိမ်တဲ့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်ရေး အခြေအနေ ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်ရေး မျှော်မှန်းချက်နှင့်အတူ အိုစာခါ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ခေါင်းဆောင်တွေဟာ အကြီးဆုံးသော နိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့အစည်းကြီးဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးစနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ WTO ခေါ် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း ပြုပြင်မွမ်းမံရန် လိုအပ်ချက်ကိုလည်း အလေးပေးဖော်ပြခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ WTO အဖွဲ့အစည်းကြီးရဲ့ အယူခံဝင်ရေး အဖွဲ့အတွက် ထပ်မံသတ်မှတ်ချက်တွေကို ဆက်လက် ပိတ်ဆီးနေပြီး အကျိုးဆက်အနေနှင့် အဓိကကျတဲ့ အငြင်းပွားမှုဆိုင်ရာ ယန္တယားစနစ်ကို ထိခိုက်အားပျော့စေတာကြောင့် အငြင်းပွားမှု ပြန်လည်ဖြေရှင်းရေးစနစ်ဆိုင်ရာ လုပ်ဆောင်ချက်တွေဟာ WTO အဖွဲ့ဝင်တွေ စေ့စပ်ညှိနှိုင်းထားတဲ့ စည်းမျဉ်းတွေနှင့်အညီ ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း အိုစာကာ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။
G-20 အဖွဲ့ရဲ့ ဥက္ကဌနိုင်ငံအဖြစ် ဂျပန်နိုင်ငံဟာ ညီလာခံ လုပ်ငန်းစဉ်ချမှတ်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဝန်ကြီးချုပ် Mr. Shinzo Abe ဟာ DFFT ခေါ် ယုံကြည်မှုနှင့်အတူ အချက်အလက်တွေ လွတ်လပ်စွာ စီးဆင်းနိုင်ရေးနှင့်ပတ်သက်ပြီး အချက်အလက် အုပ်ထိန်းရေးနှင့် ထိန်းချုပ်စနစ်သစ်တစ်ရပ် ဖွဲ့စည်းရေးအတွက် စည်းမျဉ်းထားရှိရေးရည်စူးချက်ဖြင့် အိုစာကာ လမ်းစဉ်ကိုချမှတ်ခဲ့ပါတယ်။ ဒီလမ်းစဉ်ကို G-20 အဖွဲ့ဝင်နိုင်ငံအများစုတို့က ထောက်ခံခဲ့ကြပေမယ့် အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ စည်းမျဉ်းလမ်းစဉ်တွေကို ဖော်ပြခဲ့ပါတယ်။ ဒေတာအချက်အလက်တွေ နယ်စပ်ဖြတ်ကျော် စီးဆင်းမှုဟာ ကုန်ထုတ်လုပ်မှုနှင့် တီထွင်ကြံဆမှု တိုးများလာစေပေမယ့် ကိုယ်ရေးသီးသန့်ဖြစ်ရေး၊ အချက်အလက် ကာကွယ်စောင့်ရှောက်ရေး၊ ဉာဏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု ရပိုင်ခွင့်တွေနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်အများအပြား ရှိနေကြပါတယ်။
အမေရိကန်သမ္မတ Mr. Trump ဟာ ပဲရစ်မြို့ သဘောတူစာချုပ်အပေါ် ညွှန်းဆိုဖော်ပြဖို့ ရှောင်ကြဉ်ခဲ့တာကြောင့် အိုစာကာညီလာခံမှာ အငြင်းပွားဖွယ် တခြားကိစ္စကတော့ ရာသီဥတု ပြောင်းလဲလာမှုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်နိုင်ငံသမ္မတအပါအဝင် ခေါင်းဆောင်အများအပြားတို့ထံမှ ကန့်ကွက်ခုခံချက်တွေဟာ ပဲရစ်မြို့ သဘောတူစာချုပ်ဆိုင်ရာ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရေးအတွက် လက်မှတ်ရေးထိုးထားတဲ့ စိတ်ပိုင်းဖြတ်ချက်အဖြစ် အိုစာကာ ကြေညာစာတမ်းကို ထပ်မံ အတည်ပြု ခိုင်မာစေခဲ့ပါတယ်။ ပဲရစ်မြို့ စာချုပ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ဟာ အမေရိကန် အလုပ်သမားတွေနှင့် အခွန်ပေးဆောင်သူတွေအတွက် အကျိုးမဖြစ်ထွန်းဘူးလို့ ထပ်မံ သီးခြားဖော်ပြခဲ့ပါတယ်။ ဒီအပြင် အများပြည်သူ ဘဏ္ဍာရေးရာ တောင့်တင်းခိုင်မာရေး၊ လူနေမှုကုန်ကျစရိတ်တို့တွင် စီးပွားရေးရာ ဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများ ပေါင်းစပ်ရေး၊ အမျိုးသမီးများ စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အာဏာ အပ်နှင်းရေး၊ သဘာဝ ကပ်ဘေးအန္တရာယ်နှင့် တခြားသော အန္တရာယ်များ ဒဏ်ခံနိုင်သည့် အဆောက်အအုံတည်တောက်ရေးနှင့် လူထုအခြေခံ အဆောက်အအုံ လုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်ရေးတို့အပေါ်အာရုံပြုလျှက် G-20 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံလမ်းညွှန်ချက်အဖြစ် အရည်အသွေးကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံမှုကို သဘောတူညီခဲ့ကြပါတယ်။
အိုစာကာ ကြေညာစာတမ်းဟာ တရားမဝင် ငွေကြေးလွှဲပြောင်းသိမ်းဆည်းမှု၊ အကြမ်းဖက်သမား ငွေကြေးပံ့ပိုးမှုနှင့် လက်နက်ပြန့်ပွားရေး ငွေကြေးထောက်ပံ့မှု ဆန့်ကျင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် FATF ခေါ် ငွေကြေးဆိုင်ရာ အရေးယူလုပ်ဆောင်ရေး အထူးတပ်ဖွဲ့ ဖွဲ့စည်းထားရှိရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်သွားကြဖို့ ဖော်ပြခဲ့ပါတယ်။ နောက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းရာမှာလည်း G-20 အဖွဲ့ ခေါင်းဆောင်တွေဟာ အဂတိလိုက်စားမှု ကျူးလွန်သူများအတွက် ဘေးကင်းတဲ့ ခိုလှုံရာတွေ မပေးကြဖို့နှင့် ၎င်းတို့ရဲ့ အဂတိလိုက်စားမှု အမှုသွားတွေကို G20 နှင့် နိုင်ငံတကာ ဆုံးဖြတ်ထားချက်တွေနှင့်အညီ လက်တွေ့ကျကျ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပြီး စီးပွားရေးရာ အပြင်းအထန် ချိုးဖောက်ကျူးလွန်သူတွေကို ကိုင်တွယ်အရေးယူရာမှာနှင့် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ခိုးယူထားတဲ့ ပစ္စည်းဥစ္စာတွေ ပြန်လည်ဖော်ထုတ်ရာမှာ နိုင်ငံတကာ ပူးပေါင်းလုပ်ဆောင်ရေးအတွက် တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
G-20 အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်တွေ ရင်ဆိုင်နေရတဲ့ အခြေခံ စိန်ခေါ်ချက်တွေအပေါ် အကြေအလည် ဆွေးနွေးကြဖို့ အခရာကျတဲ့ ညီလာခံတစ်ခုဖြစ်ပြီး ဒီဆွေးနွေးပွဲကြားကာလတွေအတွင်း အဓိကကျတဲ့ နှစ်ဦးနှစ်ဖက်နှင့် ၃ ပွင့်ဆိုင် အလွတ်သဘော ဆွေးနွေးမှုအများအပြားတို့ ပြုလုပ်ကြဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို အခွင့်အလမ်းတွေ ပေးအပ်ခဲ့ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲ ပေါ်ပေါက်နေရာမှာ ယုံကြည်မှုရရှိရေး စေ့စပ်ညှိနှိုင်းသွားဖို့ ရည်စူးလျှက် အမေရိကန်-တရုတ် ဆွေးနွေးမှုအပါအဝင် အရေးပါတဲ့ ၂ နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ အများအပြားတို့ကို ဖြစ်ပွားစေခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr. Modi ဟာ ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စတွေအပေါ် အခြေခံအားဖြင့် အာရုံပြုလျှက် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့အပါအဝင် ၂ နိုင်ငံဆွေးနွေးမှုတွေမှာ အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာနှင့် စီးပွားရေးရာ အကျိုးစီးပွားတွေကို လက်ကိုင်ပြုခဲ့ပြီး အင်ဒို-ပစိဖိတ် သမုဒ္ဒရာဒေသအတွင်း ဂျပန်-အမေရိကန်-အိန္ဒိယ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မျှော်မှန်းချက်တွေ၊ ရုရှား-အိန္ဒိယ-တရုတ် တွေ့ဆုံဆွေးနွေးပွဲမှာ ကမ္ဘာလုံးဆိုင်ရာ အာဏာပါဝါ ဖြန့်ဝေထားရှိရေးဆိုင်ရာ စိန်ခေါ်ချက်တွေနှင့် BRICS အဖွဲ့ ဆွေးနွေးပွဲအတွင်း နိုင်ငံစုံဝါဒစနစ်၊ ဖွံ့ဖြိုးရေးရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး စိတ်ပိုက်ဖြတ်ချက်ကို အာရုံပြု ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟာ ကပ်ဘေးအန္တရာယ် ဒဏ်ခံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာမဟာမိတ်အဖွဲ့မှာ ပူးပေါင်းပါဝင်ကြဖို့ G-20 ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ G-20 ညီလာခံကို လက်ခံကျင်းပသွားဖို့ စီစဉ်ထားပါတယ် စသဖြင့် ဆောင်းပါးရှင် Dr. Titli Basu ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”