“GSP ရုပ်သိမ်းခြင်းက ခွဲခြားဆက်ဆံမှုဖြစ်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. S Tu Ti Banerjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “GSP ရုပ်သိမ်းခြင်းက ခွဲခြားဆက်ဆံမှုဖြစ်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံအတွက် ပေးကမ်းထားတဲ့ Generalised System of Preferences (GSP) ကို ၂၀၁၉ ခုနှစ် ဇွန်လ (၅) ရက်နေ့ကစပြီး ရုပ်သိမ်းလိုက်ပါတယ်။ GSP ဟာ GSP ရဲ့ အကျိုးကျေးဇူးတွေကို အပြန်အလှန်မဟုတ်ဘဲ၊ ခွဲခြားဆက်ဆံမှုကင်းစွာနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ဖြိုးစဲစီးပွားရေးနိုင်ငံတွေအား ပေးကမ်းတဲ့ အားပေးမှုတခုအဖြစ် ယူဆကြပါတယ်။ ဒီအစီအစဉ်အရ တချို့သောကုန်ပစ္စည်းတွေကို အမေရိကန်ဈေးကွက်သို့ အခွန်မဲ့ပေးထားဒါမို့၊ နှစ်နိုင်ငံစလုံးတို့ကို အကျိုးဖြစ်ထွန်းစေပြီး ပိုမိုကြီးမားတဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေကို ခွင့်ပြုလျှက်ရှိခဲ့ပါတယ်။ အဆိုပါအစီအစဉ်အရ အိန္ဒိယနိုင်ငံကို ကုန်ပစ္စည်းအမျိုးပေါင်း (၃၀၀၀) နီးပါးကို အမေရိကန်ပြည်ထောင်စုသို့ အခွန်မဲ့ တင်သွင်းဘို့ ခွင့်ပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ GSP အစီအစဉ်အရ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ တန်ဘိုးအားဖြင့် ဒေါ်လာပေါင်း ၆.၂ ဘီလီယံခန့်ရှိတဲ့ ကုန်ပစ္စည်းတွေ တင်သွင်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အမေရိကန်ပြည်ထောင်စုသို့ GSP အရ တင်သွင်းမှုဟာ ထင်ရှားစွာ ကျဆင်းလာပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလမှာ အမေရိကန်ပြည်ထောင်စုဟာ အမေရိကန်နို့ထွက်ပစ္စည်းတွေနဲ့ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေမှတဆင့် GSP အကျိုးအမြတ်တွေကို ပြန်လည်သုံးသပ်ဘို့ အစပျိုးလုပ်ကိုင်ခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်မှာ Stents လို တချို့သော ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေရဲ့ ဈေးနှုန်းဟာ အလွန်မြင့်မားပါတယ်။ အိန္ဒိယနိုင်ငံက ဈေးနှုန်းအကန့်အသတ် သတ်မှတ်ထားပါတယ်။ အမေရိကန်စက်ရုံတွေက ဒီလှုပ်ရှားမှုအပေါ် စိုးရိမ်မှုတွေ ဖေါ်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုဟာ တဖက်သတ်တချို့သော အရေးကိစ္စတွေကို ဖြည့်စွက်လိုက်ပြီး၊ အဲဒီအထဲမှာ စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုး၊ တိရိစ္ဆာန်မွေးမြူရေးပစ္စည်းတွေအတွက် ဈေးကွက်ထဲဝင်ရောက်ခွင့်နဲ့ IT ကုန်ပစ္စည်းတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်အဖြာဖြာတို့အတွက် အခွန်နှုန်းသက်သာခွင့်တို့ ပါဝင်ပါတယ်။ ဒါကြောင့် ဒီအရေးကိစ္စဟာ ကုန်သွယ်ရေးဆိုင်ရာ ကြီးမားတဲ့ အရေးကိစ္စတွေကို လွှမ်းခြုံထားတဲ့ အလွန်ကျယ်ပြန့်သော ပြန်လည်သုံးသပ်မှုဖြစ်လာပါတယ်။

သမ္မတ Mr Trump ဟာ သူ့ရဲ့ကြေငြာစာတမ်းမှာ အိန္ဒိယနိုင်ငံကို GSP အစီအစဉ်အရ အခွင့်ထူးခံစားသင့်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ထားခြင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ (၅) ရက်နေ့မှစ၍ ရုပ်သိမ်းဘို့ သင့်တော်လှတယ်လို့ ဖေါ်ပြလိုက်ပါတယ်။ ဒါ့အပြင် သမ္မတ Mr Trump ဟာ ၎င်းအနေနဲ့ အိန္ဒိယနိုင်ငံကို Crystalline Silicon Photo-Voltaic cells (CSPV) ကုန်ပစ္စည်းတွေနဲ့ ကြီးမားတဲ့ အိမ်သုံး အဝတ်လျှော်စက်ကြီးများဆိုင်ရာ ဘေးကင်းရေးနည်းလမ်းများ စောင့်ထိန်းရေးမှ လွှတ်ငြိမ်းချမ်းသာခွင့်ပေးထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ရဲ့ အဖွဲ့ဝင် ဖွံ့ဖြိုးစဲနိုင်ငံများစာရင်းမှ ထုတ်ပယ်ဘို့လည်း ဆန္ဒရှိနေကြောင်း ဖေါ်ပြလိုက်ပါတယ်။ အဲဒီကြေငြာချက် ထွက်ပေါ်လာပြီးတဲ့နောက် အိန္ဒိယအရာရှိတွေဟာ အမေရိကန်အရာရှိတွေနဲ့ စိုက်ပျိုးရေး၊ နို့ထွက်ပစ္စည်းနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာနယ်ပယ်တွေမှာ ကုန်သွယ်ရေးထောက်ပံ့မှုတခုရရှိရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ ဒီထောက်ပံ့မှုဟာ အိန္ဒိယနိုင်ငံရဲ့ အတင်းအလျော့မပြုလုပ်နိုင်တဲ့ ကျန်းမာရေးအရေးကိစ္စတွေနဲ့ လိုအပ်ချက်တွေနဲ့ ညီတူညီမျှဖြစ်စေဘို့ လိုအပ်ပါတယ်။

သမ္မတ Mr Trump ဟာ New Delhi အစိုးရက အမေရိကန်ပြည်ထောင်စုအား တန်းတူဖြစ်စေပြီး၊ အဓိပ္ပါယ်ပြည့်ဝတဲ့ အာမခံချက်ကို အိန္ဒိယဈေးကွက်ထဲ ဝင်ခွင့်ပေးဘို့ ပေးကမ်းရန် ပျက်ကွက်ခဲ့ဒါကြောင့် GSP ကို ရုပ်သိမ်းရလိမ့်မယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ နောက်ပြီး သမ္မတဟာ အိန္ဒိယနိုင်ငံက ဖွံ့ဖြိုးစဲနိုင်ငံမဟုတ်တော့ဒါကြောင့် ဖွံ့ဖြိုးစဲနိုင်ငံတွေကိုသာ အထောက်အကူပြုတဲ့ အမေရိကန်တို့ရဲ့ အစီအစဉ်ကနေ အိန္ဒိယနိုင်ငံကို ထုတ်ပယ်ရလိမ့်မယ်ဖြစ်ကြောင်း ဖေါ်ပြလိုက်ပါတယ်။ လွန်ခဲ့တဲ့လက အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr Wilbur Ross ရဲ့ အိန္ဒိယနိုင်ငံသို့ အလည်အပါတ်ခရီးစဉ်မှာ အိန္ဒိယနိုင်ငံရဲ့ တရားမျှတမှုမရှိတဲ့ ကုန်သွယ်ရေးကျင့်ထုံးတွေကို စွတ်စွဲထုတ်ဖေါ်ခဲ့ပြီး အဲဒီထဲမှာ Data Localization ၊ ဆေးဝါးကုန်ပစ္စည်းတွေအပေါ် ဈေးနှုန်းကန့်သတ်ရေးနဲ့ ကြေးနန်းဆက်သွယ်ရေးပစ္စည်းကိရိယာတွေအပေါ် အခွန်နှုန်းမြင့်မားခြင်းတွေပါဝင်ပြီး၊ ဒီနယ်ပယ်တွေက အမေရိကန်ပြည်ထောင်စုအတွက် စိုးရိမ်စရာတွေဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ကို ခွဲခြမ်းစိတ်ဖြာသူအများစုတို့က Protectionist သို့မဟုတ် ကိုယ်ကျိုးကာကွယ်ရေးဝါဒအဖြစ် ဖေါ်ပြကြပါတယ်။ Mr Trump ရဲ့ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေးမှာ နိုင်ငံတကာကုန်သွယ်ရေးနဲ့ပါတ်သက်ပြီး၊ နည်းလမ်းသစ်တွေ ချမှတ်လိုက်ပါတယ်။ ဒီနည်းလမ်းတွေက စောစောက နည်းလမ်းတွေနဲ့ ခြားနားပါတယ်။ ဒီနည်းလမ်းသစ်တွေက မလိုအပ်ဘဲ ကုန်သွယ်ရေးအပြင်းအခုံတွေ ပေါ်ပေါက်စေနိုင်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား အခွန်နှုန်းဆိုင်ရာ စစ်ပွဲကသက်သေထူနေပါတယ်။

အိန္ဒိယလုပ်ငန်းရှင်များအဖွဲ့ချုပ်က အမေရိကန်ပြည်ထောင်စုရဲ့ဆုံးဖြတ်ချက်ကို “အလျင်စလို” ချမှတ်ခဲ့ဒါဖြစ်တာမို့ ပြည်တွင်းက တင်ပို့ရောင်းချသူတွေကို နစ်နာစေနိုင်တယ်လို့ ဖေါ်ပြလိုက်ပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့ချုပ်က အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒီအရေးကိစ္စကို ဆွေးနွေးကြပြီး၊ သင့်မြတ်တဲ့ဖြေရှင်းချက်တခုကို ဖေါ်ထုတ်နိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း ဖေါ်ပြလိုက်ပါတယ်။ အိန္ဒိယနိုင်ငံက GSP အဆင့်အတန်းကို နှုတ်ယူလိုက်ခြင်းက အလွန်ကံမကောင်းတဲ့ဖြစ်ရပ်ဖြစ်တယ်လို့ ဖေါ်ပြပြီး၊ နှစ်နိုင်ငံစလုံးကို ထိခိုက်စေလိမ့်မယ်လို့ တင်ပြလိုက်ပါတယ်။ ဒီအတောအတွင်း အိန္ဒိယနိုင်ငံဟာ လက်ဝတ်ရတနာအတုများ၊ ဘိနပ်များအပါအဝင် သားရေကုန်ပစ္စည်းတွေ၊ ဓါတုပစ္စည်းတွေနဲ့ ပလပ်စတိတ်၊ စိုက်ပျိုးရေး၊ ဆေးဝါးပစ္စည်းတွေနဲ့ ခွဲစိတ်ကုသရာမှာအသုံးပြုတဲ့ ပစ္စည်းများနယ်ပယ်တို့က အဆိုးဝါးဆုံး နစ်နာကြလိမ့်မယ်ဖြစ်ဒါမို့ ဒီလုပ်ငန်းတွေအား ထောက်ပံ့ကူညီဘို့ နည်းလမ်း ရှာဖွေနေပါတယ်။

တင်ပို့ရောင်းချသူတွေအနေနဲ့လည်း သူတို့ရဲ့ ရောင်းဝယ်မှုတွေ မနစ်စေဘို့အတွက် တခြားဈေးကွက်တွေ ရှာဖွေသင့်ပါတယ်။ တို့ပြန်သောအားဖြင့် အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုတွေကို ပျက်ပြားစေနိုင်တဲ့ မရင့်ကျက်သေးတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ချမှတ်လိမ့်မယ်မဟုတ်ပါဘူး။ New Delhi အစိုးရအနေနဲ့ ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံရဲ့လိုအပ်ချက်တွေနဲ့ အမေရိကန်ပြည်ထောင်စုလုပ်ငန်းနယ်ပယ်တွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သင့်လျော်သော ညီမျှမှုတခုရရှိရေးကို ရှေးရှုလုပ်ကိုင်ရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. S Tu Ti Banerjee ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”