တရုတ်နိုင်ငံရဲ့ Uighur အလုပ်သမားအကျဉ်းစခန်းများ
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ၊ ဂျာဝါဟာလာနေရူးတက္ကသိုလ် တရုတ်ရေးရာလေ့လာဆန်းစစ်သည့်ဌာနမှ ပါမောက္ခ Srikanth Kondapalli ဝေဖန်ရေးသားပေးပို့ထားတဲ့ “တရုတ်နိုင်ငံရဲ့ Uighur အလုပ်သမားအကျဉ်းစခန်းများ”အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၈ သြဂုတ်လမှာ ကုလသမဂ္ဂအဖွဲ့ရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု ပပျောက်ရေးကော်မတီဟာ တရုတ်နိုင်ငံ Xinjiang ပြည်နယ်က သန်းချီရှိတဲ့ Uighurs မူစလင်တွေကို ထိန်းသိမ်းအကျဉ်းချထားတာနဲ့ ပါတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Uighur တွေအတွက် အခြေအနေတွေဟာ အတိတ်နိမိတ်ကောင်းတွေ ဖြစ်ပေါ်လာဖို့ မရှိသေးပါဘူး။ အခြားတဖက်မှာတော့ Uighur တွေအပေါ်မှာ စနစ်တကျ အကြမ်းဖက်လုပ်ဆောင်မှုတွေဟာ ဆက်ပြီး တိုးပွားလာနေခဲ့ပါတယ်။
Uighur မူစလင်တွေအတွက် လူ့အခွင့်အရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုအခွင့်အရေးတွေဟာ ပိုပြီးကောင်းလာရမယ့်အစား ပိုပိုပြီး ဆုတ်ယုတ်လာနေကြောင်း၊ များပြားလှဲ့ သတင်းထုတ်ပြန်ချက်တွေက ဖော်ပြနေကြပါတယ်။ Uighurs တွေ့ရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးအပေါ်အခြေခံပြီး ထိန်သိမ်းအကျဉ်းချထားတဲ့ တရုတ်နိုင်ငံရဲ့ အစီအစဉ်ဟာ အလုံးစုံပြောင်းလဲမှုတွေ ထွက်ပေါ်လာပါတယ်။
တရုတ်နိုင်ငံဟာ ၎င်းရဲ့ လူနည်းစုနိုင်ငံသားဖြစ်တဲ့ တိုင်းရင်းသားတွေအပေါ် ပြုပြင်ပြောင်းလဲနိုင်ဖို့ အတွေ့အကြုံတွေ ရယူနေပြီး၊ ဟန်တရုတ်အိမ်မက်ကို ဖော်ဆောင်ခြင်းနဲ့ ပြန်ပြီး အားသစ်လောင်းပေးဖို့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရာမှာ ၎င်းတို့ကို သဟဇာတဖြစ်အောင် လုပ်ဆောင်ခြင်းနဲ့ ၎င်းတို့ရဲ့ အရင်းအမြစ်တွေကို အသုံးချခြင်းတို့ကို လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံရဲ့ ၁၉၈၂ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေးအခွင့်အရေး၊ လွတ်လပ်စွာစုရုံးခွင့်၊ ပြောဆိုခွင့်နဲ့ တခြားအခွင့်အရေးတွေ ရေးသားဖော်ပြထားရင်လည်း၊ လက်တွေ့မှာတော့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုတွေဟာ တခြားစီဖြစ်ပြီး၊ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းက သတိထားလေ့လာစောင့်ကြည့့်နေပါတယ်။
တရုတ်နိုင်ငံရဲ့ ထိန်းသိမ်းအကျဉ်းချထားတဲ့ စခန်းကို ကျယ်ကျယ်ပြည့်ပြည့် အဖြစ်ဆုံး စုံစမ်းစစ်ဆေးမှုကို BuzzFeed သတင်းဌာနက အများမြင်နိုင်တဲ့ ဂြိုလ်တုပုံရိပ်များ၊ ထိန်းသိမ်း အကျဉ်းချထားခြင်း ခံခဲ့ရဘူးသူများနှင့် အမေးအဖြေပြုလုပ်ခြင်းတို့ဖြင့် လုပ်ဆောင်ခဲ့ရာမှာ၊ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ထိန်းသိမ်းရေးစခန်း အနည်းဆုံး ၂၆၀ ကျော် ဆောက်လုပ်ခဲ့ကြောင်း ထုတ်ဖော်သိရှိခဲ့ရပါတယ်။ Xinjiang ပြည်နယ်အတွင်းက ခရိုင်တခုစီတိုင်းမှာ အနည်းဆုံး ထိန်းသိမ်းရေးစခန်း တခုစီရှိပါတယ်။ တရုတ်အစိုးရဟာ နိုင်ငံထဲက ထောင်ပေါင်းများစွာသော Uighurs တွေ၊ Kazakhs တွေ၊ တခြားမူစလင်နဲ့ ဘာသာရေး လူနည်းစုတွေကို ထိန်းသိမ်း အကျဉ်းချထားဖို့အတွက် ကျယ်ပြန့်တဲ့စနစ်ကို ဖန်တီးခဲ့ပြီး၊ အခုလို ထိန်းသိမ်းအကျဉ်းချမှုဟာ ဒုတိယကမ္ဘာစစ်ပွဲအပြီးမှာ အကြီးဆုံးဖြစ်လာပါတယ်။
Xinjiang ပြည်နယ်အနှံ့အပြားမှာရှိတဲ့ ‘အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ’ လို့ မှည့်ခေါ်ထားတဲ့ နေရာတွေဟာ ထိန်းသိမ်းရေး အကျဉ်းစခန်းတွေဖြစ်လာပါတယ်။ Xinjiang ပြည်နယ်မှာရှိတဲ့ ထိန်းသိမ်းရေးစခန်းတွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ‘လူမှုရေး ပြန်လည်ပြုပြင်ပြောင်းလဲမှု စီမံကိန်း’ အတွက် တည်ဆောက်ထားတာဖြစ်ပါတယ်။
သြစတြေးလျားနိုင်ငံ မဟာဗျူဟာကျ မူဝါဒရေးရာဌာနရဲ့ လေ့လာတွေ့ရှိချက်အရ Uighurs ၈၀,၀၀၀ ကျော်ဟာ Xinjiang မှာရှိတဲ့ စက်ရုံတွေမှာ ကမ္ဘာကျော် ကုမ္ပဏီတွေဖြစ်တဲ့ Apple ၊ Nike ၊ Volkswagen နဲ့ တခြားကုမ္ပဏီတွေအတွက် ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အတင်းအဓမ္မ ခိုင်းစေခြင်းခံနေရကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဝေဖန်ပြောကြားချက်တွေဟာ Xinjiang ပြည်နယ်ရဲ့ မြေပြင်အခြေအနေတွေ ပြောင်းလဲလာတာတွေကို တိုးမြှင့်စေခဲ့ပါတယ်။ ယခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ နိုင်ငံပေါင်း ၂၇ နိုင်ငံဟာ စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီကို တောင်းဆိုခဲ့ကြပါတယ်။ ဇူလိုင်လမှာ ပါလီမန်များအတွင်း မဟာမိတ်အဖွဲ့ဟာ Xinjiang မှာ ဖြစ်ပျက်နေတာတွေကို ဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့ကို တောင်းဆိုခဲ့ကြပါတယ်။
ထောင်ပေါင်းများစွာသော Uighurs တွေအား စောင့်ကြည့်စစ်ဆေးခြင်းနဲ့ ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်မှုတွေအတွက် တရုတ်နိုင်ငံကို အရေးယူဖို့ ၂၀၂၀ ခုနှစ်ဆိုင်ရာ Uighur လူ့အခွင့်အရေး မူဝါဒ အက်ဥပဒေကို အမေရိကန်နိုင်ငံသမ္မတ Donald Trump က ၂၀၂၀ ခုနှစ် ဇွန်လမှာ အတည်ပြုပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအစိုးရဟာ ၂၀၂၀ ခုနှစ်ဆိုင်ရာ ရဲရင့်သောနိုင်ငံတကာအမျိုးသမီးဆုအား Uighur အရေးလှုပ်ရှားသူ Sayragul Sauytbay ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
နောက်ထပ် ထပ်မှန်ဖြည့်စွက် အရေးယူမှုအဖြစ် အမေရိကန်နိုင်ငံက Xinjiang ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီအတွင်းရေးမှူး Chen Quanguo နဲ့ အခြား သုံးဦးတို့ကို လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ် စွပ်စွဲကာ ကမ္ဘာလုံးဆိုင်ရာ Magnitsky အက်ဥပဒေအရ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှာ ပိတ်ဆို့အရေးမှုကို ချမှတ်ခဲ့ပါတယ်။ Chen ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တိဘက်ဒေသမှာ ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဘုန်းတော်ကြီး ဒလိုင်းလားမားကို သိုးရေခြုံထားတဲ့ ဝံပလွေအဖြစ် ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။ ၎င်းဟာ မူဝါဒရေးရာပြုပြင်ပြောင်းလဲမှု အများအပြားကို စတင်ကျင့်သုံးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး Xinjiang ပြည်နယ် ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်လာတဲ့ Chen ဟာ Uighurs တွေကို လေ့လာဖော်ထုတ်ဖို့ ကျယ်ပြန့်တဲ့ စောင့်ကြည့်ရေးစနစ်ဖြင့် “ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေး” မူဝါဒကို စတင်ကျင့်သုံးခဲ့ပါတယ်။
ကြီးထွားလာနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်ပြောကြားမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တရုတ်နိုင်ငံဟာ Uighur လူမှုအသိုင်းအဝိုင်းကို ပိုပြီး အထီးကျန်ဆန်အောင် ဆက်လက်လုပ်ဆောင်နေပြီး၊ Xinjiang ပြည်နယ်အတွင်းက ၎င်းရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး အာဏာရှင်အစိုးရများရဲ့ ထောက်ခံမှုတွေရရှိအောင် ကြိုးပမ်းနေပြီး၊ ဒါဟာ ပြည်တွင်းရေးသာဖြစ်ကြောင်း ပြောဆိုနေပါတယ်။ သည့်ထက်ပိုပြီး တရုတ်နိုင်ငံဟာ ၎င်းရဲ့ Belt and Road စီမံကိန်းဖော်ဆောင်မှုအတွင်း Xinjiang ပြည်နယ်ကို အလယ်အာရှနဲ့ ဥရောပနိုင်ငံတွေနဲ့ ဆက်သွယ်ပေးပြီး၊ အဲသည့်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ကာ ဘက်ပေါင်းစုံလုပ်ကိုင်တဲ့အဖွဲ့တွေဖြစ်တဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ဘဏ် ၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို အဖွဲ့အစည်းတွေကနေ အဲသည့်ဒေသအတွင်းက ၎င်းရဲ့ စီမံကိန်အတွက်ချေးငွေရယူဖို့ ကြိုးပမ်းနေပါတယ်။ အဲသည့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေရှိနေရင်လည်း၊ Uighur တွေရဲ့ တရုတ်နိုင်ငံရဲ့ ပေါ်လစီတွေကို ဆန့်ကျင်မှုသာ ကြီးထွားလာနေပါတယ်။
Uighur တွေရဲ့ တရုတ်အစိုးရရဲ့ပေါ်လစီတွေကို ဆန့်ကျင်မှု ပုံသဏ္ဍာန်တွေဟာ အမျိုးမျိုးဖြစ်ပါတယ်။ အဲသည့်ဆန့်ကျင်မှုတွေထဲမှာ၊ ရဲစခန်းတွေ၊ ကွန်မြူနစ်ပါတီဝင်တွေ၊ စစ်တပ်ယာဉ်တန်းတွေနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း အပါအဝင်ဖြစ်ပါတယ်။ နိုင်ငံရဲ့ အမူအခင်းအဖြစ် နှိုင်းယှဉ်ဖော်ပြလာတဲ့ Xinjiang ပြည်နယ်က တိုးမြင့်ဖြစ်ပွားလာနေတဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်တဲ့ အမှုအခင်းတွေဟာ၊ တရားရုံးမှာ သိသိသာသာတိုးပွားလာနေတာနဲ့အမျှ ပြည်နယ်အတွင်းက ကွန်မြူနစ်ပါတီဟာ တရားမဝင်ထောင်ဒဏ်ချမှတ်ခြင်း အကျဉ်းကျထားခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လာနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ Sirkanth Kondapalli ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment