SCO အဖွဲ့ထဲမှာ အဓိကလှုပ်ရှားသူဖြစ်တဲ့ အိန္ဒိယ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ၊ AIR သတင်းဌာနမှ သတင်းများကို ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “SCO အဖွဲ့ထဲမှာ အဓိကလှုပ်ရှားသူဖြစ်တဲ့ အိန္ဒိယ” အကြောင်း သတင်းဆောင်းပါကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ယခုနှစ်နှောင်းပိုင်းမှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစိုးရအကြီးအကဲများကောင်စီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူသွားဖို့ရှိပြီး SCO အဖွဲ့မှာ ၎င်းရဲ့အမှတ်လက္ခဏာကို ပိုမိုထင်ရှားစေပြီး ဆက်လက်တိုးချဲ့နေပါတယ်။ အခုလို တာဝန်ယူရမဲ့ ဆက်နွယ်မှုနဲ့ SCO အဖွဲ့ဝင်အဖြစ် အိန္ဒိယနိုင်ငံရဲ့ ၃ နှစ်တာကာလ ခရီးလမ်းကိုကြည့်မယ်ဆိုရင် တက်ကြွတဲ့ သည်အဖွဲ့အစည်းအတွက် သိသာထင်ရှားတဲ့ အကောင်းလက္ခဏာဖြစ်ပြီး၊ ပြန်ပြီးထူထောင်လာနိုင်ဖို့နဲ့ ကိုယ့်အားကိုယ်ကိုးလမ်းစဉ် (Atmanirbhar Bharat) အတွက် လမ်းဖွင့်ပေးနေတဲ့ ကြီးမားတဲ့အခွင့်အရေးကြီးဖြစ်ပါတယ်။

SCO အဖွဲ့ဟာ ယူရေးရှီရန် (Eurasian space) ဒေသမှာ အဓိကအဖွဲ့အစည်းအဖြစ် ရပ်တည်လာခဲ့တာ ဆယ်စုနှစ်ပေါင်း ၂ ခုမျှရှိခဲ့ပြီဖြစ်ပါတယ်။ Eurasian နယ်မြေရဲ့ ၆၀% နဲ့ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၄၀% ကျော်ရှိတဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) ဟာ တကမ္ဘာလုံးက GDP စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံနီးပါးရှိပါတယ်။ အဖွဲ့အစည်းထဲကို အသစ်ထည့်သွင်းလိုက်တဲ့ လေ့လာသူအဆင့်နဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာတဲ့ နိုင်ငံတွေဟာ အဖွဲ့အစည်းကို ရှေ့တမ်းကို ပိုမိုရောက်ရှိစေရုံတင်မကပါဘူး၊ အဖွဲ့အစည်းရဲ့ နယ်ပယ်နဲ့ ထိရောက်မှုတွေ ပိုမိုတိုးမြှင့်လာစေဖို့ ကူညီပေးပါတယ်။ ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပြည်လည်တည်ဆောက်တဲ့ အရှိန်အဟုန်ဟာ ဘုံလုံခြုံရေးစိန်ခေါ်မှုများနဲ့ ရေရှည်စီးပွားရေးတည်ဆောက်ဖို့နဲ့ စွမ်းအင်ချိတ်ဆက်မှုများကို ဖော်ထုတ်ရာမှာ ထင်ဟပ်စေခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် လူမှု-စီးပွားရေးထိခိုက်မှုများကို လျှော့ချသွားနိုင်ဖို့အတွက် အင်အားစုများစုပေါင်းပြီး လုပ်ဆောင်ခဲ့မှုက ပူးပေါင်းလုပ်ကိုင်လိုတဲ့ စိတ်ဆန္ဒရှိနေတာကို လတ်တလော ပြသခဲ့တဲ့ သက်သေတခုဘဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ SCO အဖွဲ့မှာ လေ့လာသူနိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်မှာ ထည့်သွင်းသတ်မှတ်ခံခဲ့ရပြီး၊ ၂၀၁၇ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။ အဆိုပါအဖွဲ့နဲ့ အိန္ဒိယနိုင်ငံအကြား ဆယ်စုနှစ်တခုကျော်ကြာ စေ့စပ်ဆွေးနွေးခဲ့ပြီး၊ အိန္ဒိယနိုင်ငံအနေနဲ့ အဖွဲ့အစည်းအတွင်းမှာ ပိုမိုအဓိပ္ပါယ်ပြည့်ဝတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်သွားလိုပါတယ်။ ယခုလို အကောင်းလက္ခဏာဆောင်တဲ့ အမြင်ဟာ Eurasian နဲ့ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းလုပ်ကိုင်လိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ဆန္ဒကြောင့်လည်းဖြစ်ပါတယ်။ အဲသည့်အခြေအနေကို ကြည့်ခြင်းအားဖြင့် SCO အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို အဲသည့်အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြန်လည် ဆက်သွယ်ခွင့်ရဖို့အတွက် အခွင့်အလမ်းတွေ ပေးခဲ့ပြီး၊ အဲသည့်နိုင်ငံတွေဟာ အိန္ဒိယနိုင်ငံနဲ့ နှစ်ပေါင်းရာချီကြာပြီဖြစ်တဲ့ ဘုံတူညီတဲ့ သမိုင်းကြောင်းတွေအရ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာ Eurasia ကနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေ နက်ရှိုင်းစွာ ရှိနေပါတယ်။ အိန္ဒိယနိ်ုင်ငံက ကုန်သည်တွေနဲ့ ခရီးသွားတွေဟာ အဲသည့်နယ်မြေတွေမှာ နှစ်ပေါင်းထောင်နဲ့ချီပြီး ကုန်သွယ်မှုနဲ့ ဖြတ်သန်းသွားလာမှုတွေ ပြုလုပ်ခဲ့ပြီး၊ ဗုဒ္ဓဘာသာတရားဟာလည်း ကျယ်ပြန့်တဲ့ Eurasian က လွင်ပြင်တလျှောက် ပျံ့ပွားခဲ့ပါတယ်။ သမိုင်းကြောင်းအရ အိန္ဒိယနိုင်ငံနဲ့ အလယ်အာရှဒေသဟာ လူတွေရဲ့ သွားလာလှုပ်ရှားမှု၊ ကုန်ပစ္စည်းများ ရောင်းဝယ်မှု၊ အတွေးအခေါ်များ ဖလှယ်မှု၊ နှစ်ဦးနှစ်ဖက်ကို ဝိညာဉ်ရေးရာမှာ ကြွယ်ဝရင့်ကျက်စေတဲ့ ဘာသာတရား ဝင်ရောက်မှုတွေကတဆင့် နှစ်နိုင်ငံအကြား နှီးကပ်တဲ့ဆက်ဆံရေးတွေရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုကို ကြိုက်နှစ်သက်ကြောင်း ဖော်ပြတဲ့အနေနဲ့ အလယ်အာရှဒေသမှာ အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်၊ အနုပညာနဲ့ တေးဂီတတွေကို အထူးစိတ်ဝင်စားကြပါတယ်။

ယခုလို အားကောင်းပြီး နက်ရှိုင်းတဲ့ဆက်နွယ်မှုတွေ ရှိနေတာကို သဘောပေါက်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ ကြီးထွားတိုးတက်ဖို့ အလားအလာရှိတဲ့ စီးပွားရေး၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်များကို တည်ဆောက်ရာမှာ အတွေ့အကြုံများပြားပြီး ကျွမ်းကျင်မှုတွေက SCO ရဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို ပိုမိုထောက်ကူပေးမှာဖြစ်ကာ၊ ဒေသအတွင်း ဘုံအယူအဆများကို ဖော်ထုတ်ပေးဖို့အတွက် နယ်ပယ်အသစ်တွေမှာ အကောင်းဆုံး နည်းလမ်းတွေနဲ့ လုပ်ဆောင်ပေးသွားနိုင်မှာဘဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ အိန္ဒိယနိုင်ငံမှာကျင်းပမယ့် ညီလာခံမှာ အိန္ဒိယနိုင်ငံဟာ SCO အစိုးရအကြီးအကဲများ ကောင်စီရဲ့ ဥက္ကဌဖြစ်လာပြီး၊ အဲသည့်အချိန်ဟာ ကျွန်ုပ်တို့အနေနဲ့ SCO ရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး အစီအစဉ်တွေကို ထိရောက်တဲ့နည်းလမ်းနဲ့ ပေးဝေသွားနိုင်ဖို့အတွက် အခွင့်ကောင်းရရှိစေမှာဖြစ်ကာ၊ ဒါက နိုဝင်ဘာလညီလာခံမှာ အဓိကဦးစားပေးမယ့်အရာဘဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ စုပေါင်းအားသာချက်များ၊ စီးပွားရေးအစပြုလုပ်ကိုင်ခြင်းနဲ့ ဆန်းသစ်တီထွင်မှု၊ တိုင်းရင်းဆေးဝါးနဲ့ သိပ္ပံနဲ့ နည်းပညာတွေကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်သွားဖို့ ကျွန်ုပ်တို့အဆိုပြုထားတဲ့ နယ်ပယ်သုံးခုနဲ့အတူ အိန္ဒိယနိုင်ငံဟာ အခြေခံအုတ်မြစ်အသစ်ကို ဖန်တီးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံဟာ စီးပွားရေးအစပြုလုပ်ကိုင်မှုနဲ့ ဆန်းသစ်တီထွင်မှုအတွက် SCO အထူးအလုပ်အမှုဆောင်အဖွဲ့သစ်ကို ဖွဲ့စည်းဖို့၊ ရေရှည်တည်တံ့တဲ့ စီးပွားရေးဦးတည်ချက် ၃ ခု (SDG3) အတွက် အောင်မြင်မှုကိုပေးကမ်းနိုင်ဖို့ တိုင်းရင်းဆေးဆိုင်ရာ ပူးပေါင်းလုပ်ကိုင်ရေး အဖွဲ့ခွဲသစ်ကိုဖွဲ့စည်းဖို့နဲ့ လူငယ်သိပ္ပံပညာရှင်များအတွက် SCO သီးသန့်ဆွေးနွေးပွဲကို ပထမဦးဆုံးအကြိမ် လက်ခံကျင်းပသွားဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။

နယူးဒေလီအစိုးရဟာ SCO အတွင်းရှိ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုမှာ အလားအလာရှိပြီး၊ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို ဖော်ထုတ်သွားနိုင်ဖို့ ပိုမိုနိုးကြားမှုရှိပြီး ဉာဏ်ရည်ဆိုင်ရာအာရုံစူးစိုက်မှုတွေကို ဖန်တီးသွားဖို့ ကြိုးပမ်းနေပါတယ်။ အစည်းအဝေးပွဲမှာ အိန္ဒိယနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိခဲ့ပြီး၊ ဒေလီလက်တွေ့ဖော်ဆောင်မှု အစီအစဉ် (Delhi Action Plan) ကို အဆုံးသတ်ရေးဆွဲသွားဖို့ ကြိုးပမ်းနေကာ၊ ထွက်ပေါ်လာမယ့် အစီအစဉ် အချက်အလက်တွေကို လာမယ့် နိုဝင်ဘာလ အိန္ဒိယနိုင်ငံမှာကျင်းပမယ့် SCO အစိုးရအကြီးအကဲများရဲ့ အစည်းအဝေးပွဲမှာ ခေါင်းဆောင်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြည်သူအချင်းချင်း ဆက်ဆံရေးတွေ တိုးတက်ကြီးထွားလာစေဖို့အတွက် တစ်ဦးနဲ့တစ်ဦးတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပိုမိုနားလည်လာစေဖို့ ကူညီလုပ်ဆောင် သွားလိုပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်များနဲ့ ဆက်နွယ်မှုများက ကျွန်ုပ်တို့ရဲ့ ဒေသကိုပိုပြီး စည်းလုံးညီညွှတ်စေမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ အဖွဲ့အစည်းရဲ့ အမှတ်အသားဖြစ်တဲ့ အများသဘောတူညီမှုနဲ့ အပြန်အလှန်နားလည်မှု စိတ်ဓာတ်ကို အပြည့်အဝထောက်ခံပါတယ်။ နယူးဒေလီအစိုးရဟာ ကျွန်ုပ်တို့ရဲ့ဒေသ ပိုမိုသာယာဝပြောရေးနဲ့ ကောင်းစားရေးကို ဖော်ဆောင်ရာမှာ လူသားထုကို ဗဟိုပြုတဲ့ တွေးခေါ်မှုနဲ့ လုပ်ဆောင်မှုတွေနဲ့အတူ SCO အဖွဲ့ရဲ့ အစီအစဉ်တွေကို တိုးတက်ကြီးထွားလာစေရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ အမြဲလုပ်ဆောင်သွားမှာဖြစ်ပါကြောင်း ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”