လူသားထုကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြဖို့ ဝန်ကြီးချုပ် Modi က တိုက်တွန်း

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အမေရိကန်ရေးရာအပေါ် မဟာဗျူဟာကျ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Stuti Banerjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “လူသားထုကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြဖို့ ဝန်ကြီးချုပ် Modi က တိုက်တွန်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Narendra Modi ဟာ အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်ဖိုရမ် (USISPF) ရဲ့ တတိယအကြိမ်မြောက် ခေါင်းဆောင်များရဲ့ ထိပ်သီးညီလာခံမှာ အမှာစကားပြောကြားခဲ့ပါတယ်။ US-ISPF ဖိုရမ်ဟာ ၂၀၂၀ ခုနှစ်ဆိုင်ရာ အမေရိကန်-အိန္ဒိယ ထိပ်သီးညီလာခံအတွက် မတူညီတဲ့ လူမှု့အသိုင်းအဝိုင်းများမှလူများကို တနေရာတည်းမှာ စုစည်းခေါ်ဆောင်ပေးခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ US-ISPF ၏ လုပ်ဆောင်မှုများဟာ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံကို ပိုမိုနီးကပ်လာစေခဲ့ကြောင်း ဝန်ကြီးချုပ်က ထောက်ခံပြောကြားခဲ့ပါတယ်။ ယခုနှစ်ညီလာခံရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စိန်ခေါ်မှုအသစ်များကို ဖော်ထုတ်ခြင်းဟာ ဖြစ်ပျက်နေတဲ့ အချိန်နှင့်ကိုက်ညီမှုရှိတဲ့ ဆောင်ပုဒ်ဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်အစမှာ ဘယ်ကူကမှ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုနဲ့ ဖြစ်လာလိမ့်မယ်လို့ စိတ်ကူးထားကြမှာမဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုက လူတိုင်းကို ထိခိုက်စေပြီး၊ ကျွန်ုပ်တို့ရဲ့ ကြံ့ခိုင်မှု၊ ကျွန်ုပ်တို့ရဲ့ အများပြည်သူ ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်နဲ့ ကျွန်ုပ်တို့ရဲ့ စီးပွားရေးစနစ်တွေကို စမ်းသပ်နေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ညီလာခံရဲ့ဆောင်ပုဒ်ဟာ စိန်ခေါ်မှုအသစ်များကို ဖော်ထုတ်ခြင်း ‘Navigating New Challenges’ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Modi က ၊ COVID-19 ကပ်ရောဂါ ကနေ အနာဂါတ်ကာလအထိ အရေးကိစ္စပေါင်းများစွာကို ထုတ်ဖော်ပြောကြားခဲ့ရာမှာ၊ အိန္ဒိယနိုင်ငံဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာများရဲ့ စိန်ခေါ်မှုများနဲ့ စီးပွားအခက်ခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စွမ်းအားရှိကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။ အနာဂါတ်ဟာ အားလုံးပါဝင်နိုင်ပြီး ပူးပေါင်းလုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒရှိတဲ့ နေရာမှာ တည်ရှိသင့်ကြောင်း ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဟာ နိုင်ငံအားလုံးနဲ့ လူသားတိုင်းကို ထိခိုက်စေပြီး၊ စီးပွားရေးနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်တွေကို စမ်းသပ်နေတဲ့ ကာလဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ လက်ရှိအခြေအနေဟာ လူသားထုကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားတဲ့ သစ်လွင်တဲ့ သဘောထားအမြင်တွေကို တောင်းဆိုနေပါတယ်။

အိန္ဒိယနိုင်ငံဟာ ကပ်ရောဂါကူးစက်ပျံ့ပွားမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ကျန်းမာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဆေးဝါးများကို အချိန်တိုအတွင်းမှာ ပြင်ဆင်ခဲ့ရပါတယ်။ နှာခေါင်းစီးတပ်ဆင်ခြင်း၊ မျက်နှာအကာအကွယ် တပ်ဆင်ခြင်းနဲ့ လူထုအကြား သွားလာလှုပ်ရှားရာမှာ လူတဦးနှင့်တဦး ခွာပြီး သွားလာလှုပ်ရှားရေး အစရှိတဲ့ လိုက်နာလုပ်ဆောင်ရမယ့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှုတွေကို တကမ္ဘာလုံးအတိုင်းအတာ ဆော်သြလုပ်ဆောင်တဲ့ ပထမဦးဆုံးသော နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အရင်းအမြစ်တွေ အကန့်အသတ်သာရှိသော်လည်း အိန္ဒိယနိုင်ငံဟာ တကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရမှုကြောင့် ပျမ်းမျှလူ ၁ သန်းတွင် သေဆုံးမှုနှုန်း အနည်းဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး၊ ရောဂါပိုး ကူးစက်ခံထားရသည့် လူနာများ ပြန်လည်သက်သာကျန်းမာသူ အရေအတွက်မှာလည်း တိုးမြှင့်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ထောက်ပြပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ COVID-19 ကာကွယ်ကုသဆေး ထုတ်လုပ်နိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ကိုင်နေပြီး၊ ကမ္ဘာပေါ်တွင် တကိုယ်ရေကာကွယ်ရေးပစ္စည်း (PPE) ထုတ်လုပ်မှုမှာ ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ကပ်ရောဂါအပြင် သဘာဝဘေးအန္တရာယ်များဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကျရောက်မှု နှစ်ကြိမ်၊ ရေလွှမ်းမိုးမှုနဲ့ ကျိုင်းကောင်ဖျက်ပိုးများ ကျရောက်မှု စတဲ့ပြဿနာတွေကိုလည်း တွေ့ကြုံရင်ဆိုင်ခဲ့ရသော်လည်း ပိုမိုကြံ့ခိုင်အားကောင်းလာခဲ့ပါတယ်။ ကပ်ရောဂါဖြစ်ပွားမှုနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေ ဖြစ်ပွားနေတဲ့ကာလမှာ အစိုးရရဲ့ အဓိကအာရုံစူးစိုက်မှုက ဆင်းရဲ နွှမ်းပါးသူများကို အကာအကွယ်ပေးနိုင်ဖို့ဘဲဖြစ်ပါတယ်။ ကပ်ရောဂါ ကူးစက်ပျံ့ပွားနေတဲ့ ကာလအတွင်း အစိုးရဟာ Pradhan Mantri Garib Kalyan Yojna စီမံကိန်းကတဆင့် ပြည်သူပေါင်း သန်း ၈၀၀ ကို စားနပ်ရိက္ခာ အခမဲ့ ပေးဝေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ လူဦးရေရဲ့ ၆၅% ဟာ ၃၅ နှစ်အောက်ဖြစ်ပြီး၊ နိုင်ငံဟာ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ တိုးတက်လာနေတဲ့နိုင်ငံဖြစ်ကြောင်း ဝန်ကြီးချုပ် Modi က အနာဂါတ်ကိုကြည့်ပြီး ပြောကြားခဲ့ပါတယ်။ အိန္ဒိယပြည်သူတွေဟာ မစ်ရှင်တခုကို စတင်နေပါတယ် အဲဒါကတော့ ‘Aatmanibhar’ Bharat, ကိုယ့်အားကိုယ်ကိုးနိုင်ငံ တည်ထောင်ပြီး၊ နိုင်ငံအတွင်းက ဒေသတွေကို ကမ္ဘာတဝှမ်းလုံးနဲ့ ပေါင်းစပ်နိုင်ဖို့ဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို စျေးကွက်ရှိတဲ့နိုင်ငံအဖြစ်ကနေ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ဖြူးရေးမှာ ကုန်ပစ္စည်းတွေကို အဓိကထုတ်လုပ်ပေးတဲ့ နိုင်ငံအဖြစ်သို့ ပြောင်းလဲဖို့အတွက် အတွေးအမြင်ဘဲဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ဘက်ပေါင်းစုံအင်အားတခုဖြစ် အိန္ဒိယနိုင်ငံအနေနဲ့ လုပ်ဆောင်မှုတွေကို ပိုမိုခိုင်မာလာအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ၎င်းရဲ့ ရည်မှန်းချက်ဟာ ကမ္ဘာလုံးဆိုင်ရာ ကောင်းကျိုးအတွက်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံက တဖန်ပြန်လည်ပြီး ထုတ်ဖော်ပြသခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ နိုင်ငံအတွင်း ဆေးဝါးများလိုအပ်နေသော်လည်း ကမ္ဘာတဝှမ်းလုံးသို့ ဆေးဝါးများကို ဆက်လက်ပေးပို့နေကြောင်း ဝန်ကြီးချုပ် Modi က ဥပမာပေး ပြောကြားခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ လူငယ်လူရွယ်များအတွက် ၎င်းတို့ရဲ့ စိတ်ဆန္ဒပြင်းပြမှုကို ရရှိအောင်မြင်ဖို့အတွက် ကူညီထောက်ပံ့ပေးတဲ့အနေနဲ့ စီးပွားရေးလုပ်ငန်းနဲ့ အလုပ်သမားဆိုင်ရာတို့မှာ တင်းကြပ်ထားတဲ့ တရားဥပဒေများကို လျော့ချပေးခြင်း၊ အစိုးရရဲ့ထိန်းချုပ်မှုကို လျော့ချပေးခြင်းနဲ့ အခွန်နဲ့ပတ်သက်တဲ့စနစ်ကို ပြုပြင်ပြောင်းလဲပေးခြင်း စတဲ့အရာတွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ခန့်မှန်းလွယ်ပြီး၊ ပြုပြင်ပြောင်းလဲလွယ်တဲ့ အခွန်စနစ်ရှိကာ၊ တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရက်တစ် အခြေခံ နိုင်ငံရေးစနစ်ရှိပါတယ်။ အိန္ဒိယနိုင်ငံက အဓိကစီးပွားရေးကဏ္ဍနဲ့ လူမှုရေးကဏ္ဍတွေအပါအဝင် ပုဂ္ဂလိကနဲ့ အရပ်ဘက် ကဏ္ဍတွေမှာ စီးပွားရေးအခွင့်အရေးတွေ အလျှံပယ်ရှိနေပြီး လာရောက်ရင်းနှီးမြှပ်နှံကြဖို့ ဝန်ကြီးချုပ် Modi က အမေရိကန်၊ ပင်လယ်ကွေ့နိုင်ငံများ၊ သြစတြေးလျားနဲ့ ဥရောပနိုင်ငံတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း၊ သတ္တုတွင်း၊ ရထား၊ ကာကွယ်ရေး၊ အာကာသနဲ့ အနုမြူစွမ်းအင် နယ်ပယ်တွေမှာ လာရောက်ရင်းနှီးမြှပ်နှံကြဖို့အတွက် မျှော်လင့်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆင်းရဲနွမ်းပါးသူတွေကို ကာကွယ်ပေးခြင်းနဲ့ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အနာဂါတ်ကို တည်ဆောက်ပေးရေးကို လုပ်ဆောင်ပေးနေပြီး တပြိုင်နက်တည်းမှာဘဲ၊ မိမိရဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ပေးဖို့ အလိုရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူနေအိမ်တည်ဆောက်ရေး စီမံကိန်းကို လုပ်ဆောင်နေပြီး၊ ပြန်လည်သစ်ဆန်းအသုံးပြုနိုင်တဲ့ စွမ်းအင်ကဏ္ဍအတွက် အခြေခံအဆောက်အအုံများကို တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။ ရထားလမ်း၊ ကားလမ်းနဲ့ လေကြောင်းဆက်သွယ်ရေးတွေကို တိုးချဲ့ခဲ့ပါတယ်။ အဲသည့်စီမံကိန်းတွေနဲ့ လုပ်ဆောင်မှုတွေအားလုံးဟာ ကမ္ဘာ့အဆင့်မှီ နည်းပညာနဲ့ အကောင်းဆုံးနည်းလမ်းတွေကို အသုံးပြုပြီး ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကြီးက ကုန်စည်ဖြန့်ဖြူးမှုတိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်မှာ စျေးနှုန်းတန်ဖိုးအပေါ်မှာသာမဟုတ်ဘဲ ယုံကြည်မှုအပေါ်မှာလည်း အခြေခံသင့်ကြောင်း ကပ်ရောဂါကူးစက်ပျံ့ပွားမှုက သင်ကြားပြသခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ယခုအချိန်မှာ စီးပွားရေးကုမ္ပဏီတွေဟာ ပထဝီအနေအထားအရ ဆက်သွယ်လုပ်ဆောင်ဖို့ လွယ်ကူမှုနဲ့အတူ ယုံကြည်စိတ်ချရမှုကိုလည်း ရှာဖွေလာကြပါတယ်။ အိန္ဒိယနိုင်ငံဟာ အဲသည့်အရာအားလုံးကို တည်ငြိမ်မှုနဲ့အတူ ပေးကမ်းနေကြောင်း ဆောင်းပါးရှင် Dr. Stuti Banerjee ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”