အိန္ဒိယနိုင်ငံသည် Jeddah ပြင်ဆင်ချက် စည်းမျဉ်းအဖွဲ့တွင် ပါဝင်လိုက်ခြင်း
ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Lakshmi Priya ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယနိုင်ငံသည် Jeddah ပြင်ဆင်ချက် စည်းမျဉ်းအဖွဲ့တွင် ပါဝင်လိုက်ခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံဟာ လတ်တလောပြီးဆုံးခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတခုနောက်ပိုင်းမှာ Djibouti ကျင့်ထုံးအတွက် Jeddah စည်းမျဉ်းပြင်ဆင်ရေးအဖွဲ့မှာ လေ့လာသုံးသပ်သူအဖြစ် လက်တွဲပါဝင်ခဲ့ပါတယ်။ နယူးဒေလီအစိုးရဟာ ဂျပန်၊ နော်ဝေ၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ပါဝင်တဲ့ လေ့လာသူများအဖွဲ့မှာ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာဒေသပိုင်းအတွင်း ပင်လယ်ရေကြောင်း လုံခြုံရေး တိုးတက်မှုရှိစေဖို့အတွက် ပူးပေါင်း လက်တွဲလုပ်ဆောင်ရေးဆိုင်ရာ အဖွဲ့ဝင် ၁၈ နိုင်ငံပါ အုပ်စုနှင့်အတူ လက်တွဲလုပ်ဆောင်ဖို့ တာစူလျှက် ရှိပါတယ်။ Jeddah ပြင်ဆင်ချက်စည်းမျဉ်းဟာ ၂၀၁၇ ခုနှစ်က Djibouti ကျင့်ထုံးစည်းမျဉ်းအဖွဲ့မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေ ချမှတ်ခဲ့တဲ့ စည်းမျဉ်းဆိုင်ရာ မွမ်းမံထားတဲ့ စည်းမျဉ်းတရပ် ဖြစ်ပါတယ်။
ဒါက ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် ထိရောက်မှုရှိစွာ ကာကွယ်မှုရှိရေးအတွက် နိုင်ငံအဆင့် ဥပဒေတွေ ချမှတ်ဖော်ဆောင်ဖို့ ရည်စူးထားပြီး ပင်လယ်ရေကြောင်းအတွင်း အကြမ်းဖက်ဝါဒအပါအဝင် နယ်စပ်ဖြတ်ကျော် ဖွဲ့စည်းလုပ်ဆောင်တဲ့ ရာဇဝတ်မှုတွေ နှိမ်နင်းရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားကြဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
Jeddah ပြင်ဆင်ချက် စည်းမျဉ်းဟာ ကျင့်ဝတ်ဥပဒေ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် အကူအညီနှင့် နည်းပညာပိုင်း ပူးပေါင်းလုပ်ဆောင်မှု ပေးအပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို အကြံပြုထားပါတယ်။ Djibouti ကျင့်ထုံးစည်းမျဉ်းဟာ နိုင်ငံတကာ ပင်လယ်ရေကြောင်း အဖွဲ့အစည်းကြီးက ထူထောင်ခဲ့တဲ့ ဒေသပိုင်း ပင်လယ်ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တရပ်ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းဒေသ၊ အေဒင် ပယ်လယ်ကွေ့နှင့် ပင်လယ်နီဒေသအတွင်းတို့မှ သင်္ဘောတွေအပေါ် ပင်လယ် ဓါးပြတိုက်မှုတွေနှင့် လက်နက်ကိုင် အနုကြမ်းစီးမှုတွေကို အဓိက အာရုံပြုထားတာ ဖြစ်ပါတယ်။
Jeddah ပြင်ဆင်ချက်အုပ်စုမှာ ပါဝင်လိုက်ခြင်းဟာ မိမိတို့နိုင်ငံရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာကျသလို တဖက်မှာလည်း အရှေ့အလယ်ပိုင်းဒေသနှင့် အရှေ့ အာဖရိကဒေသမှ နိုင်ငံများနှင့်အတူ ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်သွားဖို့ အခွင့်အလမ်းတရပ် အိန္ဒိယနိုင်ငံကို ပေးအပ်သွားမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒေသပိုင်း လမ်းပန်းဆက်သွယ်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းမှုရှိရေးတို့အတွက်အရေးပါလှတဲ့ အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းဒေသအတွင်း အဓိက အဝင်လမ်းကြောင်းမှာ ဆက်ဆံရေးကောင်းမွန်စေဖို့ ပိုပြီး အာရုံပြုနေတာဖြစ်တဲ့အလျောက် ၂၀၀၉ ခုနှစ်၊ ပင်လယ်ရေကြောင်းမူအရ အိန္ဒိယနိုင်ငံအတွက် ဒုတိယအချက် အရေးပါကြတဲ့ အေဒင် ပင်လယ်ကွေ့နှင့် ပင်လယ်နီဒေသတို့ဟာ အိန္ဒိယ ရေတပ်မတော်အတွက် အဓိကအရေးပါတဲ့ဒေသတခု ဖြစ်လာပါတော့တယ်… စသဖြင့် ဆောင်းပါးရှင် Dr. Lakshmi Priya ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment