BRICS အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးပွဲ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ၊ ဒေလီမြို့က လူမှုရေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “BRICS အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွေနဲ့ အဆင့်မြင့် ဘက်ပေါင်းစုံကဏ္ဍ အစည်းအဝေးပွဲတွေဟာ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှုဖြစ်တဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုပြဿနာ နဲ့ တွေ့ကြုံရင်ဆိုင်နေရပါတယ်။ အဓိကဆုံးဖြတ်ချက် ချမှတ်နိုင်ငံတဲ့သူတွေ တနေရာတည်းမှာ စုပြီး၊ စည်းရုံးလှုံ့ဆော်ခြင်းနဲ့ ဖော်ဆောင်မှုတို့ကတဆင့် နိုင်ငံတနိုင်ငံခြင်းအလိုက် လုပ်ဆောင်တာက ပိုပြီးလွယ်ကူပါတယ်။ ဒါပေမယ့် အဲသည့် အဓိကဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့သူတွေက အွန်လိုင်းပေါ်ကနေဘဲ တွေ့ဆုံနိုင်တဲ့အခါမှာတော့ သူတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးမှာ အပိုင်းအစလေးတွေသာ ဖြစ်လာပါတယ်။ အလွန်အရေးပါတဲ့ သံတမန်ရေးရာ ကော်ဖီသောက်ချိန်တွေ၊ အငှားယာဉ်Taxi စီးချိန်နဲ့ ညနှောင်းပိုင်း ညစာစားချိန်တွေ လစ်လပ်သွားတာနဲ့အတူ၊ နည်းဗျူဟာသစ်တွေ ချမှတ်ရေး ဒါမှမဟုတ် ရာထူးနေရာအချို့ကို ထောက်ခံခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေလည်း မရှိနိုင်တော့ပါဘူး။

ဒါပေမယ့် ဗီဒီယိုဆက်သွယ်ရေးကတဆင့်လုပ်ဆောင်တဲ့ အွန်လိုင်းပေါ်က ညီလာခံနဲ့ ထိပ်သီးညီလာခံတွေဟာ စံနှုန်းအသစ်တခုလိုဖြစ်လာခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ အခုနှစ်မှာ BRICS အဖွဲ့နဲ့ SCO အဖွဲ့ရဲ့ ထိပ်သီးညီလာခံတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ အဲသည့်အဖွဲ့နှစ်ဖွဲ့ရဲ့ အစည်းအဝေးပွဲတွေကို ယခင်အပတ်အတွင်းမှာဘဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး၊ SCO အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲကို မော်စကိုမြို့မှာပြုလုပ်ခဲ့ပြီး၊ BRICS အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲကိုတော့ ဗီဒီယိုဆက်သွယ်ရေးကတဆင့် ပြုလုပ်ခဲ့ပါတယ်။

BRICS အဖွဲ့ရဲ့ ထိပ်သီးညီလာခံကို မူလက ဇူလိုင်လမှာကျင်းပဖို့ ရက်သတ်မှတ်ထားတာဖြစ်ပြီး၊ ဒါပေမယ့် နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ပြဿနာကြောင့် အောက်တိုဘာလကို ရွှေ့လိုက်ပါတယ်။ မော်စကိုအစိုးရဟာ နိုင်ငံခြားရေးဝန်ကြီးတွေ၊ နိုင်ငံတော် လုံခြုံရေးအကြံပေးအရာရှိတွေနဲ့ တဦးခြင်းတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်ဖို့ အင်မတန်စိတ်ဆန္ဒ ပြင်းပြနေခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ BRICS အဖွဲ့ရဲ့ ဥက္ကဌတာဝန်ကို စတင်ယူမဲ့ အိန္ဒိယနိုင်ငံဟာလည်း အလားတူလုပ်ဆောင်လိုနေတာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အပေါ်အခြေခံပြီး၊ BRICS အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအကြား ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ ၇၅ နှစ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အစီအစဉ်တွေအပေါ် အဓိကထားပြီး ပြန်လည်သုံးသပ်ဆွေးနွေးတာကို လုပ်ဆောင်ခဲ့ပါတယ်။

လက်တွေ့ကျတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေကို ထင်ဟပ်စေနိုင်ဖို့အတွက် ကုလသမဂ္ဂကို ပြန်လည်ပြုပြင်ပြောင်းလဲဖွဲ့စည်းသွားဖို့လိုအပ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar က၎င်းရဲ့ တင်ပြပြောဆိုဆွေးနွေးမှုမှာ အလေးထားထည့်သွင်းပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့က အမြဲတမ်းအဖွဲ့ဝင်နဲ့ အမြဲတမ်းမဟုတ်တဲ့ အဖွဲ့မှာ အဖွဲ့ဝင် အရေအတွက်ကို တိုးမြှင့်သွားဖို့အတွက် ၎င်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့ ဘက်ပေါင်းစုံပါဝင်ရေးမူဝါဒကို ဖော်ဆောင်တဲ့ကြိုးပမ်းမှုတွေ မယိမ်းမယိုင် ဆက်လက်ဆုပ်ကိုင်ထားပြီး၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ၊ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲဖွဲ့စည်းသွားဖို့အတွက်လည်း အိန္ဒိယနို်င်ငံက ဆန္ဒပြင်းပြစွာ ရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့အစည်းကို ကြီးမားတဲ့ ထောက်ကူမှုတွေပေးအပ်နေပြီး၊ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များ၊ အိန္ဒိယပညာရှင်တွေရဲ့ လုပ်အားနဲ့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်ဝန်ထမ်းများကို အစိုးရရဲ့ လုပ်ဆောင်မှုကတဆင့် ပေးအပ်နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့က ၎င်းရဲ့ အစီအစဉ်တွေကို ပုံဖော်ဆောင်ရွက်နိုင်ဖို့အတွက် ဖွံ့ဖြိုးစဲနိုင်ငံတွေရဲ့ကိုယ်စား အသံအကျယ်ဆုံးနဲ့ ထောက်ခံမှုပေးတဲ့ နိုင်ငံတွေထဲမှာပါဝင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

လက်ရှိ ပိုနေမြဲ ကျားနေမြဲအခြေအနေနဲ့ အချိန်ဆွဲနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြောင်းလဲဖွဲ့စည်းသွားရေးဟာ အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေပါတယ်။ ဘက်ပေါင်းစုံသံတမန်ရေးကို တချို့နိုင်ငံတွေက လျော့ရဲသွားအောင် လုပ်နေတယ်လို့ ယူဆရပါတယ်။ အစောပိုင်းပြုပြင်ပြောင်းလဲမှုရဲ့ ပြဋ္ဌာန်းချက်တွေက တချို့နိုင်ငံတွေရဲ့ ယုတ်ညံ့တဲ့ရပိုင်ခွင့်တွေအတွက် အလျှော့ပေးလုပ်ဆောင်နေရတယ်လို့ အိန္ဒိယနိုင်ငံက ယူဆပါတယ်။

အိန္ဒိယနိုင်ငံက စတင်အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ Aatmanirbhar Bharat ကိုယ့်အားကိုယ်ကိုးနိုင်ငံ မူဝါဒဟာ လျင်မြန်စွာ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိဖို့အတွက် အဓိကသော့ချက်ဖြစ်တဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ပေးမှာဖြစ်ကြောင်း Dr Jaishankar က ရှင်းလင်းပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Dr Jaishankar ဟာ အကြမ်းဖက်ဝါဒရဲ့အန္တရာယ်ကိုလည်း အသားပေး ထုတ်ဖော်ပြောကြားခဲ့ပြီး၊ အကြမ်းဖက်အန္တရာယ်ကို တန်ပြန်တိုက်ဖျက်သွားရေးမှာ BRICS အဖွဲ့အနေနဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေကို တိုးမြှင့်သွားဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ BRICS အဖွဲ့ရဲ့ အဆုံးသတ်ခဲ့တဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ဗျူဟာကို ကျေနပ်အားရမိကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အစည်းအဝေးပွဲမှာ အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီး၊ မည်သို့သောဖွဲ့စည်းပုံ၊ အချိန်မရွေး လုပ်ဆောင်မှုတွေ၊ နေရာမရွေး၊ ဘယ်သူမဆို ကျူးလွန်သူ အစရှိတာတွေကို ပြင်းထန်စွာရှုပ်ချခဲ့ပါတယ်။

ကူးစက်ပျံ့ပွားနေတဲ့ ကပ်ရောဂါကို တိုက်ဖျက်သွားဖို့အတွက် နည်းဗျူဟာကို BRICS နိုင်ငံခြားရေးဝန်ကြီးများအကြား အချိန်ရှည်လျားစွာ စေ့စပ်ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ WHO အဖွဲ့က လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြောဆိုခဲ့ပြီး၊ BRICS အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်ကျန်းမာရေးဆိုင်ရာ လုံခြုံမှုအတွက် ထောက်ပံ့ကူညီမှုတွေ ပေးအပ်သွားရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အစည်းအဝေးပွဲမှာ ထင်သာမြင်သာအရှိဆုံး ဆုံးဖြတ်ချက်ချမှတ်ခဲ့တာကတော့ COVID-19 ကူးစက်ပျံ့ပွားမှုဂယက်ကြောင့် ထိခိုက်ခဲ့ရတဲ့ လူမှုရေးနဲ့ စီးပွားရေးအခွင့်အရေးတွေနဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်တွေကို ရရှိခံစားဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းကို ထုတ်ဖော်ခဲ့တာဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးအတွက် နိုင်ငံပေါင်း ၁၅၀ ကျော်ကို ထောက်ပံ့ကူညီခဲ့ပါတယ်။

အားလုံးပြောနေတာကတော့ BRICS အဖွဲ့ဟာ အခြေအနေသစ်ကို ရင်ဆိုင်ရဖို့ရှိတယ်ဆိုတာပါဘဲ။ အဲသည်မှာ ကြီးထွားလာနေတဲ့ အချက်တခုရှိနေပြီး၊ တကယ်လို့ တရုတ်နိုင်ငံဟာ ၎င်းရဲ့ ရန်လိုတဲ့အပြုအမှုတွေဆက်လက်လုပ်ဆောင်နေပြီး၊ WTO ၊ BRICS နဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေကို ဆက်ပြီးပြဿနာရှာနေမယ်ဆိုရင် အိန္ဒိယနိုင်ငံအနေနဲ့ အဲသည့်အဖွဲ့အစည်းတွေနဲ့ ခပ်ခွာခွာနေသွားသင့်ကြောင်း အမြင်တွေဘဲဖြစ်ပါတယ်။ တရုတ်နိုင်ငံက ၎င်းရဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ နိုင်ထက်စီးနှင်းလုပ်တဲ့ အပြုအမူတွေကြောင့် အိန္ဒိယနို်င်ငံဟာ တရုတ်နိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ ပူးပေါင်းလုပ်ဆောင်မှုတချို့ကို လျှော့ချခဲ့ပါတယ်။ တချို့က အကြံပေးထားတာရှိပါတယ်၊ အဲဒါကတော့ အိန္ဒိယနိုင်ငံအနေနဲ့ BRICS နဲ့ SCO အဖွဲ့တွေအစား ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တောင်ကိုရီးယားနဲ့ စင်္ကာပူနိုင်ငံတို့ပါဝင်တဲ့ “Quad Plus” နည်းဗျူဟာကို ဖော်ဆောင်သင့်ကြောင်း ပြောဆိုထားပါတယ်။ တကယ်လို့ တရုတ်နိုင်ငံအနေနဲ့ ၎င်းအတွက်အကျိုးအမြတ်ကိုသာကြည့်တဲ့ စည်းမျဉ်းကိုဘဲ အတင်းအဓမ္မရေးဆွဲကျင့်သုံးနေမယ်ဆိုရင်၊ စည်းမျဉ်းအခြေခံ နိုင်ငံတကာဥပဒေနဲ့ ညှိစွန်းပြီး ပြဿနာဖြစ်နိုင်တာသာမကဘဲ၊ BRICS အဖွဲ့ရဲ့ ရှေ့အနာဂါတ်နှင့်ပတ်သက်ပြီး ကြီးမားတဲ့ သံသယကို ပေါ်ပေါက်စေမှာဘဲ ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”