ပြုပြင်ပြောင်းလဲမှုက ရှေ့သို့သာတက်လှမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြား

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ပညာရေးကျွမ်းကျင်သူ ဆောင်ပါးရှင် Shazi Jah ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပြုပြင်ပြောင်းလဲမှုက ရှေ့သို့သာတက်လှမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြား” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Narendra Modi ဟာ အုပ်ချုပ်ရေးမှူးများရဲ့ အစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ရာ ၂၀၂၀ ခုနှစ်ဆိုင်ရာ အမျိုးသားပညာရေး မူဝါဒ (NEP) ရဲ့ အရေးကြီးမှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ သမ္မတ Mr Ram Nath Kovind ကလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

NEP သည် မည်သည့်အစိုးရကမှ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ တနိုင်ငံလုံးကပိုင်ဆိုင်ခြင်းဖြစ်ကာ၊ ယင်းမူဝါဒဖော်ဆောင်မှုအား လက်ရှိအာဏာရအစိုးရမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းကာ အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

မူဝါဒများကို အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီး နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး၊ ကျောင်းသားများ၊ ဆရာများနဲ့ မိဘများကို NEP နှင့်ပတ်သက်ပြီး အသိပညာများပေးဝေမှုမှာ သက်ဆိုင်သူများအနေဖြင့် ညှိနှိုင်းဆွေးနွေးပြီး မူဝါဒအတွက် မူကြမ်းရေးဆွဲခြင်းကဲ့သို့ ကျယ်ကျယ့်ပြန့်ပြန့် ဖြစ်သင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ NEP အောင်မြင်ရန်အတွက် အဓိကသော့ချက်မှာ သက်ဆိုင်သူများရဲ့ ပါဝင်လုပ်ဆောင်မှုအပေါ်မှာ မူတည်နေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ Mr Modi က ထပ်လောင်းပြောကြားခဲ့ရာမှာ “ကျွန်ုပ်တို့ရဲ့ (NEP နဲ့ ၎င်းရဲ့ ပြဋ္ဌာန်းချက်များနဲ့ပတ်သက်ပြီး) သိရှိထားမှုများမှာ၊ နက်ရှိုင်းပြီး၊ ကျယ်ပြန့်တဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်တွေလိုဘဲ ညီတူညီမျှ အရေးကြီးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲသည့် မူဝါဒ အထောက်အထားစာရွက်စာတမ်းနဲ့ရဲ့ ပြဋ္ဌာန်းချက်များနဲ့ အရေးကြီးတဲ့ဆုံးချက်များအားလုံးကို တိုုင်ပင်ဆွေးနွေးသွားဖို့အရေးကြီးပါတယ်။ ပြည်သူအားလုံးရဲ့ သံသယများနဲ့ မေးခွန်းများကို ထုတ်ဖော်ဖြေရှင်းနိုင်ပြီးမှသာ မူဝါဒကို အကောင်အထည်ဖော်သွားနိုင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရာမှာ ပြည်သူများရဲ့ စိတ်ထဲက သံသယဖြစ်မှုနဲ့ မေးခွန်းတွေ ထွက်ပေါ်လာတာက သဘာဝသာဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။ မိဘများအနေဖြင့်လည်း ယခုလိုပြုပြင်ပြောင်းလဲမှုက ၎င်းတို့ရဲ့ သားသမီးတွေရဲ့ အနာဂါတ်ကို ဘယ်လိုသက်ရောက်စေမလဲ ဆိုတာကို သိချင်နေကြပါတယ်။ ကျောင်းဆရာ ဆရာမတွေအနေဖြင့်လည်း အဲသည့် မူဝါဒအောက်မှာ ဖော်ဆောင်သွားမယ့် သင်ကြားရမယ့် ကျောင်းသင်ခန်းစာတွေနဲ့ပတ်သက်ပြီး သိချင်နေကြမှာဘဲဖြစ်ပါတယ်။ ပါဝင်လုပ်ကိုင်သွားကြမယ့် သက်ဆိုင်သူအားလုံးဟာလည်း NEP ရဲ့ ရည်မှန်းချက်တွေရောက်ရှိအောင် လုပ်ဆောင်ရာမှာ ရရှိနိုင်မယ့် အရင်းအမြစ်တွေအကြောင်းကို မေးမြန်းလိုကြမှာဘဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ မိမိတို့နဲ့ သက်ဆိုင်တဲ့ ပြည်နယ်များမှာ မူဝါဒနဲ့ပတ်သက်ပြီး ပါဝင်လုပ်ကိုင်မယ့် သက်ဆိုင်သူများအားလုံးကို ပိုမိုနာလည်သဘောပေါက်ကြစေရန် ရှင်းလင်းပြောဆိုဖို့အတွက် အွန်လိုင်းကတဆင့် အစည်းအဝေးပွဲများကို စက်တင်ဘာလ ၂၅ ရက်နေ့အထိ ပြုလုပ်သွားဖို့ အစည်းအဝေးပွဲကို တက်ရောက်ပါဝင်ကြတဲ့ အုပ်ချုပ်ရေးမှူးများအားလုံးကို ဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။

NEP မူကြမ်းနဲ့ပတ်သက်ပြီး ကျယ်ပြန့်စွာ ဆွေးနွေးတိုင်ပင်ခဲ့တဲ့ ပညာရေးဝန်ကြီးဌာနရဲ့လုပ်ဆောင်ချက်ကို ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။ NEP ရဲ့ ပြဋ္ဌာန်းချက်များနဲ့ လုပ်ငန်းစဉ်များကို ဝန်ကြီးချုပ်က ထပ်မံမီးလောင်းထိုး ပြောဆိုခဲ့ပါတယ်။ ကလေးဘဝအရွယ်ကတည်းက လက်တွေ့ကျကျလေ့လာသင်ယူခြင်း သို့မဟုတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုတို့က အိန္ဒိယနိုင်ငံအား ကိုယ့်အားကိုယ်ကိုးနိုင်ငံ (atmanirbhar) ဖော်ဆောင်ရာမှာ ကူညီထောက်ပ့ံမှုတွေ ပေးသွားနိုင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံအား atmanirbhar အဖြစ် ဖော်ဆောင်ရာမှာ ကျွန်ုပ်တို့ရဲ့ လူငယ် လူရွယ်များ ကျွမ်းကျင်မှုရှိဖို့ အရေးကြီးပါတယ်။ လူငယ်လူရွယ်အချိန်မှာ အသက်မွေးဝမ်းကြောင်းပညာကို လက်တွေ့ကျကျ သင်ကြားတတ်မြောက်ထားခြင်းဖြင့် ၎င်းတို့အတွက် အလုပ်အကိုင်ရရှိစေမှာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်အခွင့်အလှမ်းမှာလည်း ကျွန်ုပ်တို့ရဲ့ ရှယ်ယာတွေ တိုးမြင့်လာမှာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ “NEP ဟာ ဦးနှောက်ယိုစီးမှုပြဿနာကိုလည်း ဖြေရှင်းဖို့ပါဝင်ပါတယ်။ တကယ်လို့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကျောင်းတွေ အိန္ဒိယနိုင်ငံကို ရောက်လာမယ်ဆိုရင် အိန္ဒိယကျောင်းသူ ကျောင်းသားတွေဟာ နိုင်ငံခြားကို သွားရောက်ပညာသင်ကြားလိုမှာ မဟုတ်တော့ပါဘူး။ နောက်ပြီး နိုင်ငံအတွင်းက တက္ကသိုလ်ကျောင်းတွေလည်း နိုင်ငံခြားက ကျောင်းတွေဝင်ရောက်လာတာနဲ့အတူ ပိုပြီး အပြိုင်အဆိုင်ရှိလာမှာဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

NEP နဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံကနေ ကျွန်ုပ်တို့အနေဖြင့် ပိုပြီး သိရှိနားလည်လာလေ၊ ပိုပြီး သင်ယူလေ၊ အဲသည့် မူဝါဒကို အကောင်အထည်ဖော်ဖို့၊ အတည်ပြုလုပ်ဆောင်ဖို့နဲ့ လက်ခံဖို့ ပိုပိုပြီးရှင်းလင်းလာပြီး၊ လွယ်ကူလာစေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ လက်ရှိပညာရေးအပေါ် ကြီးမားတဲ့တွေးခေါ်မှုလုပ်ငန်းစဉ်၊ သုတေသန၊ အတွေးအမြင်နဲ့ အရင်းအမြစ်တို့ကို ထည့်သွင်းပြီး ပုံစံတည်ဆောက်ခြင်းနဲ့ မဟာဗျူဟာချမှတ်ခြင်းတို့ဖြင့် ပညာရေးမူဝါဒသစ်အား ၃ နှစ်ကနေ ၄ နှစ်အတွင်း ဖန်တီး ပုံသွင်းခဲ့တာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ပညာရေးမူဝါဒအသစ်နဲ့ပတ်သက်ပြီး တနိုင်ငံလုံး နေရာအနှံ့အပြား၊ ဆွေးနွေးခြင်း၊ အပြန်အလှန်ပြောဆို ငြင်းခုံခြင်း၊ သုံးသပ်ခြင်းနဲ့ အဖန်ဖန်ပြန်လည်သုံးသပ်ခြင်းတို့ဟာ ကြံ့ခိုင်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့နဲ့ နိုင်ငံရဲ့ ပညာရေးဆိုင်ရာ ရည်မှန်းချက်ကို အကောင်းဖက်ကနေ ထိရောက်မှုများ ပေးကမ်းနိုင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေးဟာ ရှေ့ဆက်တက်လှမ်းမှုတခုသာဖြစ်ပြီး၊ လက်ရှိအချိန်သာမက အနာဂါတ် မျိုးဆက်သစ်များအတွက် အကျိုးအမြတ်များကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခံစားစေမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပညာရေးမူဝါဒသစ်ဟာ ၂၁ ရာစုမှာ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်လာမည်ဖြစ်ပြီး၊ ခေတ်သစ်ကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ မူဝါဒသစ်ဟာ ကျွန်ုပ်တို့ရဲ့ လူငယ်များကို အနာဂါတ်အတွက် အသင့်အနေအထားဖြစ်စေဖို့ ကူညီပေးမှာဖြစ်ပြီး၊ ပိုမိုမြန်ဆန်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုဟာ ကျွန်ုပ်တို့ရဲ့ လူငယ်များကို ပိုမိုမြန်ဆန်မှုနဲ့ ပိုမိုကျယ်ပြန့်တဲ့ နည်းလမ်းများဖြင့် သင်ယူနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပညာရေးမူဝါဒသစ်ဟာ ခွဲခြားမှုမရှိဘဲ လူတိုင်းကို အကျိုးပြုစေမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေဟာ လျင်မြန်စွာပြောင်းလဲနေတဲ့ အချိန်နဲ့လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးစိန်ခေါ်မှုတွေရဲ့ လိုအပ်ချက်များနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ထပ်မံမြှင့်တင်လိုက်ခြင်းသာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ဆောင်းပါးရှင် Shazi Jah ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”