ဒိုဟာမြို့က အာဖဂန်ပြည်တွင်းရေး အပြန်အလှန်ပြောဆိုဆွေးနွေးပွဲ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ တောင်အာရှအရေး စနစ်တကျ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဒိုဟာမြို့က အာဖဂန်ပြည်တွင်းရေး အပြန်အလှန်ပြောဆိုဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

အချိန်ကြာစောင့်စားနေရတဲ့ အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ဒိုဟာမြို့မှာ စက်တင်ဘာလ ၁၂ ရက်နေ့ကနေ စတင်ခဲ့ပါတယ်။ အဲသည့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို မတ်လမှာ ပြုလုပ်သွားဖို့ မူလက သဘောတူထားခဲ့ကြတာဖြစ်ရင်လည်း၊ နှစ်ဦးနှစ်ဖက် ထိန်းသိမ်းဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရေးမှာ သဘောတူညီမှု မရရှိခဲ့တာကြောင့်၊ ရက်ရွှေ့ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။ အဲသည့် အကျဉ်းသားတွေလွှတ်ပေးရေး ညှိနှိုင်းချက်ဟာ အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နိုင်ငံက ထွက်ခွာရေးလမ်းကြောင်းအတွက် တာလီဘန်အဖွဲ့နဲ့ အမေရိကန်နိုင်ငံတို့ကြားက လျှို့ဝှက်တွေ့ဆုံဆွေးနွေးပြီး ရယူထားတဲ့ သဘောတူညီချက်တွေထဲက တစိတ်တပိုင်းဖြစ်ပါတယ်။ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်အစိုးရ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တာလီဘန်တပ်ဖွဲ့ဝင် ၅၀၀၀ ကိုလွှတ်ပေးဖို့ အလိုရှိပြီး၊ Ashraf Ghani အစိုးရကတော့ အကြမ်းဖက်မှုတွေကို လျှော့ချသွားနိုင်ဖို့ အပြန်အလှန်ဆွေးနွေးပွဲကတဆင့် ပြုလုပ်လိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ကာဘူးအစိုးရဟာ တွေ့ဆုံဆွေးနွေးပွဲကို အစောဆုံးပြုလုပ်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးမြှင့်လာနေရင်လည်း အာဖဂန်အစိုးရဟာ ညှိနှိုင်းဆွေးနွေးသွားဖို့ကိုဘဲ အလိုရှိနေပြီး၊ တာလီဘန်အဖွဲ့ကတော့ ညှိနှိုင်းဆွေးနွေးပွဲမှာ ၎င်းတို့ဖက်က အားကြီးတဲ့အခြေအနေကနေ ပြောဆိုနိုင်ဖို့အတွက် နယ်မြေအများအပြားကို ပိုမိုသိမ်းယူ ထိန်းချုပ်သွားဖို့ ကြိုးပမ်နေခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တာလီဘန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူတွေထဲမှာ Islamic Emirate ရဲ့ တရားသူကြီးချုပ်ဟောင်း Sheikh Abdul Hakim ၊ Abbas Stanikzai နဲ့ Anas Haqqani တို့ဟာ တာလီဘန်အဖွဲ့ဖက်က လူသိများတဲ့ သူတွေဘဲဖြစ်ပါတယ်။ အာဖဂန်အစိုးရအဖွဲ့ကိုတော့ Masoom Stanekzai က ဦးဆောင်ပြီး၊ တွေ့ဆုံဆွေးနွေးပွဲမှာ ကာဘူးအစိုးရဖက်ကနေပါဝင်တဲ့ တခြားကိုယ်စားလှယ်တွေထဲမှာ Hanif Atmar နဲ့ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူနဲ့ အာဖဂန်နစ္စတန် ပြန်လည်ရင်ကြားစေ့ရေး အဆင့်မြင့်ကောင်စီရဲ့ ဥက္ကဌဖြစ်သူ Abdullah Abdullah တို့လည်း အပါအဝင်ဖြစ်ပါတယ်။

အခုဆွေးနွေးပွဲဟာ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်းက အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား သဘောတူထားတဲ့ အာဖဂန်နစ္စတန်ပြည်တွင်းအရေးအတွက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သွားဖို့ လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းလုပ်ဆောင်မှုဖြစ်ပြီး အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့အကြား ပထမဦးဆုံးအကြိမ်အဖြစ် တရားဝင်တွေ့ဆုံဆွေးခြင်းလည်းဖြစ်ပါတယ်။ တာလီဘန်အဖွဲ့နဲ့ အာဖဂန်နစ္စတန်အစိုးရတို့ရဲ့ ကိုယ်စားလှယ်တွေဟာ အာဖဂန်ပြည်တွင်းအရေး တွေ့ဆုံ ဆွေးနွေးဖို့အတွက် ၂၀၁၉ ခုနှစ်အတွင်း ရုရှားနိုင်ငံ မော်စကိုမြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။ အာဖဂန်နစ္စတန်နိုင်ငံအစိုးရဟာ တာလီဘန်အဖွဲ့နဲ့ ပြောဆိုဆွေးနွေးညှိနှိုင်းဖို့အတွက် အမြဲတံခါးဖွင့်ထားပြီး၊ အာဖဂန်နိုင်ငံပြည်တွင်းအရေး အပြန်အလှန်ပြောဆိုဆွေးနွေးပွဲကို အလိုရှိတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို တာလီဘန်အဖွဲ့က ပယ်ချခဲ့ပြီး၊ ၎င်းတို့အနေနဲ့ အမေရိကန်အစိုးရနဲ့ဘဲ ပြောဆိုဆွေးနွေးလိုတဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့ကို ထည့်သွင်းစဉ်စားရမယ့် စာရင်းထဲ ထည့်သွင်းခြင်းမရှိဘဲ အသိအမှတ်ပြုခြင်းမလုပ်တဲ့အတွက် တာလီဘန်အဖွဲ့ဟာ ၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ငန်းတွေနဲ့ ဆုံးရှုံးမှုများပြားစေတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ တွေ့ဆုံဆွေးနွေးသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ နိုင်ငံအတော်များများရဲ့ အားစိုက်လုပ်ဆောင်မှု အထူးသဖြင့် တာလီဘန်အဖွဲ့ကို နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ ပါကစ္စတန်နိုင်ငံ တို့ရဲ့ ကြိုးပမ်းမှုနဲ့ နောက်ဆုံးမှာတော့ ပြောဆိုဆွေးနွေးပွဲဖြစ်ပေါ်လာခဲ့ပါတယ်။ 

တွေ့ဆုံညှိနှိုင်းမှုဟာ Islamic Emirate ကို ပြန်လည် ဖော်ဆောင်ဖို့ လမ်းကြောင်းကို ဖွင့်လှစ်ပေးသွားနိုင်မှာ ဖြစ်ရင်လည်း အာဖဂန်နစ္စတန်အစိုးရရဲ့ အဓိကကြိုးပမ်းရမယ့် အချက်ကတော့ အမျိုးသမီးများကို မြှင့်တင်ပေးရေးနဲ့ ပညာရေးတွေနဲ့ ဆက်စပ်နေတဲ့ တိုးတက်ပြောင်းလဲတဲ့ အက်ဥပဒေတွေကို ကာကွယ်သွားဖို့ဘဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေ ရှေ့ဆက်လုပ်ဆောင်သွားနိုင်ဖို့အတွက် အာဖဂန်အစိုးရဟာ အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန် အကောင်အထည်ဖော်လိုနေပါတယ်။ တာလီဘန်အဖွဲ့ကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ အစ္စလမ်မစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းပြီး ကျင့်သုံးလိုပါတယ်။ 

ဒိုဟာမြို့က တွေ့ဆုံဆွေးနွေးပွဲမစခင်မှာ Mullah Baradar ဦးဆောင်တဲ့ တာလီဘန်အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ အစ္စလမ်မာဘတ်မြို့ကို သွားရောက်ခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံခေါင်းဆောင်တွေနဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ အဲသည့်အစည်းအဝေးပွဲကို ISI အကြီးအကဲလည်း တက်ရောက်ခဲ့ပြီး၊ ဒါက ဘာကိုပြနေသလဲဆိုရင် တာလီဘန်တွေကို ကိုင်တွယ်အသုံးချဖို့ အစ္စလမ်မာဘတ်အစိုးရမှာ ဆက်ပြီးလွှမ်းမိုးမှု ရှိနေတယ်ဆိုတာဘဲဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံက အဓိကစိုးရိမ်နေတဲ့ အချက်ဖြစ်ပါတယ်။ တာလီဘန်စစ်အစိုးရ အာဖဂန်ကို အုပ်ချုပ်နေစဉ်အတွင်း အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံက အကြမ်းဖက်ဝါဒရဲ့ သားကောင်ဖြစ်ခဲ့ရတာကို ပြန်ပြီးထုတ်ဖော်ပြောဆိုဖို့ လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အဲသည့် တွေ့ဆုံဆွေနွေးပွဲ အောင်မြင်ပြီး၊ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အာဏာခွဲဝေရေးအတွက် သဘောတူညီမှုတွေ ရရှိလာဖို့အတွက် ရိုးသားစွာနဲ့ဘဲ အလိုရှိနေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအမြောက်အများကို အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ပါတယ်။

အာဖဂန်နစ္စတန်နဲ့ပတ်သက်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အာဖဂန်ကဦးဆောင်ပြီး၊ အာဖဂန်တွေပိုင်ဆိုင်တဲ့၊ အာဖဂန်ကထိန်းချုပ်တဲ့ လုပ်ငန်းစဉ်ဖြစ်သင့်ပြီး၊ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အချုပ်အချာအာဏာ၊ နယ်မြေဂုဏ်သိက္ခာနဲ့ အာဖဂန်နစ္စတန်မှာ ဒီမိုကရက်တစ် အစ္စလမ်မစ်သမ္မတနိုင်ငံထူထောင်ရာမှာ တိုးတက်မှုကို ထိန်းသိမ်းသွားနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက အလိုရှိကြောင်း တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ Dr. Jaishankar က ပြောဆိုခဲ့ပါတယ်။ နိုင်ငံအတွင်းရှိ လူနည်းစုတွေ၊ အမျိုးသမီးတွေနဲ့ လူမှုအဖွဲ့အစည်းအတွင်း အားအနည်းဆုံးရှိတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အရေးတွေကို အလေးထားပြီး၊ နိုင်ငံအတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထိရောက်စွာ ထုတ်ဖော်ပြောဆိုသင့်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အဲသည့်တွေ့ဆုံဆွေးနွေးပွဲမှာ ရင်းနှီးထည့်ဝင်ထားတဲ့အရာတွေ အများကြီးရှိနေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို လေးစားဖို့လိုအပ်ချက်ဟာ Doha ဆွေးနွေးပွဲ ဆက်လက်ဆောင်မြင်ဖို့အတွက် အဓိက ဦးစားပေးရမဲ့အရာဖြစ်ကြောင်း Dr. Jaishankar က ပြောပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းစွာနဲ့အသွင်ကူးပြောင်းနိုင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းသွားတာကို အိန္ဒိယနိုင်ငံက မြင်တွေ့လိုပါတယ်။ ဒါဟာ ဒေသအတွင်းလုံခြုံရေးကို ရရှိစေမှာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံလိုဘဲ အိန္ဒိယနိုင်ငံမှာလည်း ရင်းနှီးထည့်ဝင်ထားတဲ့အရာတွေ အများကြီးရှိနေပါကြောင်း ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”