အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ခက်အခန်းမှာ အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး ဆိုတဲ့ခေါင်းစဉ်နဲ့ JNU တက္ကသိုလ် နိုင်ငံတကာလေ့လာရေး မဟာဌာန၊ အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာ ရေးရာလေ့လာရေးဌာနမှ ပါမောက္ခ Shankari Sundararaman ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။

သောတရှင်များခင်ဗျား၊ အိန္ဒိယ-နယူးဇီလန် နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်လို့ ဒီ ၂၀၂၀ ပြည့်နှစ်ပွဲဦးထွက်မှာပဲ၊ အစကောင်းခဲ့ပါတယ်။ ယခင်လက၊ နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ Ian Lees-Galloway, Mumbai မြို့သို့ လာရောက်သွားခဲ့ပြီးလို့မှ ရှေ့ဆင့်နောက်ဆင့်ဆိုသလို၊ ဖေဖေါ်ဝါရီလအတွင်းမှာဘဲ နယူးဇီလန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး၊ Winston Peters ၊ ကုန်သွယ်ရေးဝန်ကြီး David Parker တို့ဟာ စီးပွားကုန်သွယ်ရေးကိုယ်စားလှယ် အဖွဲ့တဖွဲ့နဲ့အတူ ဆိုက်ရောက်လာပြန်ပါတယ်။ ဒီအရေးကြီးတဲ့ခရီးစဉ်က၊ အိန္ဒိယ-နယူးဇီလန် နှစ်ဖက်အကျိုးစီးပွားချင်း တိုက်ဆိုင်သော အရေးကြီးတဲ့ကဏ္ဍအချို့ကို ကိုင်တွယ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အတိတ်သမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင်၊ အိန္ဒိယနဲ့ နယူးဇီလန်နှစ်နိုင်ငံတို့ဟာ၊ ဗြိတိသျှကိုလိုနီစနစ်ရဲ့ အုပ်စိုးမှု ခံစားခံရတာချင်းတူညီတာ တွေ့နိုင်ပါတယ်။ နှစ်နိုင်ငံစလုံး ပါလီမန်စနစ်နဲ့ အုပ်ချုပ်မှုသို့ ဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့တာချင်းလည်း တူညီပါတယ်။ နောက်ပြီး ဓနသဟာယအဖွဲ့အားဖြင့် ဒီနှစ်နိုင်ငံအကြား အကျိုးစီးပွားချင်း ဆက်ဆံရေး ထွန်းကားပါတယ်။ ဒါ့အပြင်၊ နှစ်နိုင်ငံစလုံးဟာ၊ အကျိုးတူကိစ္စရပ်တွေမှာရော၊ ပိုပြီးကျယ်ပြန့်တဲ့ အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာမှာပါ အကျိုးစီးပွားချင်း တိုက်ဆိုင်ပြီး၊ အပြန်အလှန်အကျိုးရှိမဲ့ကဏ္ဍများကို ပ်ိုပြီး အသေးစိတ်နားလည်သဘောပေါက်အောင် အားထုတ်လိုတဲ့ သဘောဆန္ဒ၊ တနေ့တခြား တိုးပွားလာနေပါတယ်။ ဒါနဲ့ဆက်နွယ်ပြီး၊ နယူးဇီလန်ဒုတိယဝန်ကြီးချုပ်က “၂၀၂၅ ခုနှစ် အိန္ဒိယ-ဆက်ဆံရေးကို ပျိုးထောင်ခြင်း” လို့အမည်ပေးထားတဲ့ မဟာဗျူဟာ စာတမ်းသစ်ကို ပြုစုလိုက်ပါတယ်။ ဒီစာတမ်းက ပဓါနကျတဲ့ ကဏ္ဍအချို့မှာ နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်တိုးတက်စေပါလိမ့်မယ်။

နယူးဇီလန် ဒုတိယဝန်ကြီးချုပ် အိန္ဒိယနိုင်ငံသို့ အခြေခံအားဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို မြှင့်တင်ရေးအပေါ် အာရုံစိုက်ပါတယ်။ နှစ်နိုင်ငံကုန်ပစ္စည်းဆိုင်ရာ ကုန်သွယ်ရေးရဲ့တန်ဘိုးဟာ နယူးဇီလန်ဒေါ်လာ ၁.၅ ဘီလီယံလောက်သာရှိသေးလို့ ကုန်သွယ်ရေးပမာဏဟာ နှိုင်းယှဉ်ချက်အားဖြင့် နည်းနေပါသေးတယ်။ ကုန်ပစ္စည်းဆိုင်ရာ ကုန်သွယ်ရေးရော၊ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးပါ ပါဝင်တဲ့အကျိုးတူကုန်သွယ်ရေးရဲ့ စုစုပေါင်းတန်ဘိုး နယူးဇီလန်ဒေါ်လာ ၂.၆၄ ဘီလီယံလောက်ရှိပါတယ်။ နယူးဇီလန်ကုန်သွယ်ရေးဝန်ကြီးနဲ့ စီးပွားကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ဟာ နယူးဇီလန်နဲ့ အိန္ဒိယ အပြန်အလှန်အကျိုးပြုနိုင်တဲ့ ကုန်သွယ်ရေးကို တိုးမြှင့်ပြီး၊ အိန္ဒိယ-နယူးဇီလန် အကျိုးတူလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်တရပ် ထွက်ပေါ်လာရေးသို့ ဦးတည်ဆောင်ရွက်မဲ့ အစွမ်းအစများကို ရှာဖွေစူးစမ်းဘို့အတွက်၊ အာရုံစိုက်ပါတယ်။ RCEP လို့အတိုကောက်ခေါ်တွင်တဲ့ ဧရာမကုန်သွယ်ရေးအုပ်စုတခုဖြစ်သော ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေးအဖွဲ့မှ အိန္ဒိယနိုင်ငံ နှုတ်ထွက်ခဲ့ပြီးတဲ့နောက်၊ အိန္ဒိယအနေနဲ့ နယူးဇီလန်နဲ့ နှစ်နိုင်ငံအကျိုးတူလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်တရပ် ထွက်ပေါ်လာရေး ကြိုးပမ်းမှု တိုးတက်စေလိုတဲ့ ဆန္ဒရှိပါတယ်။

အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာရဲ့ မဟာဗျူဟာကျသော အဖြစ်မှန်များကို မကြာသေးခင်ကမှ နားလည်လက်ခံလာခဲ့တဲ့ Wellington ဟာ ပိုပြီးကျယ်ပြန့်သော ဒေသဆိုင်ရာအခြေအနေနဲ့ ဆက်စပ်ပြီး၊ အိန္ဒိယနဲ့ ရင်းနှီးစွာဆက်ဆံရေးထားရှိဘို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပိုပြီးနားလည်လာအောင် သိသာထင်ရှားစွာ စူးစမ်းလာခဲ့ပါတယ်။ မကြာသေးခင်ကာလအထိ၊ နယူးဇီလန်ဟာ၊ အင်ဒို-ပစ္စိဖိတ်ဆိုတဲ့ဝေါဟာရကို အာရှ-ပစ္စိဖိတ်အစားသုံးဘို့ ဝန်လေးနေခဲ့ပါတယ်။ အာရှ-ပစ္စိဖိတ်ဆိုတဲ့ဝေါဟာရဟာ နယူးဇီလန်ရဲ့ နိုင်ငံခြားရေးဝါဒမှာ ပဓါနကျတဲ့နေရာ ယူထားခဲ့တာဖြစ်ပါတယ်။ အဲဒီဒေသရဲ့ ပကတိစီးပွားရေးအခြေအနေမှန်များက၊ နယူးဇီလန်ကို နိုင်ငံတကာအဆင့်မှာ ပိုပြီးမြင့်မားစွာ ပူးပေါင်းဆောင်ရွက်ရေးသို့ တွန်းအားပေးခဲ့ပါတယ်။ ပစ္စိဖိတ်သမုဒ္ဒရာရဲ့ တောင်ဖက်အစွန်းမှာတည်ရှိတာဖြစ်လို့ နယူးဇီလန်အနေနဲ့ အာရှ-ပစ္စိဖိတ်နိုင်ငံအဖြစ် ရပ်တည်တာက ၎င်းရဲ့အမျိုးသားအကျိုးစီးပွားနဲ့ အများဆုံးကိုက်ညီပါတယ်။ ဒါပေမဲ့လည်း၊ မျက်မှောက်ကာလမှာ နယူးဇီလန်အတွက်သာမက၊ အခြားဒေသဆိုင်ရာနိုင်ငံများအတွက်ပါ၊ ဒေသတွင်း အတိုင်းအတာနဲ့ရော၊ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ပါ ဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲနေမှုများကို အသိအမှတ်ပြုလက်ခံကြဘို့အတွက် အစဉ်အလာက လက်ခံလာခဲ့တဲ့ ဝေါဟာရများကို ပြင်ဆင်ကြဘို့ ပို၍ကြီးမားသော ပထဝီနိုင်ငံရေးဆိုင်ရာ တောင်းဆိုမှုများရှိနေကြပါတယ်။ မကြာသေးမီက နယူးဇီလန်နိုင်ငံဟာ၊ ‘အင်ဒို-ပစ္စိဖိတ်’ ဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်ပြုလက်ခံလာခဲ့ပါတယ်။ နယူးဇီလန်ရဲ့ ဒီခြေလှမ်းကြောင့်၊ နိုင်ငံခြားရေးဝါဒမှာ အိန္ဒိယနိုင်ငံနဲ့ သဘောထားချင်းတိုက်ဆိုင်တဲ့ နယ်ပယ်သစ်တွေ ပိုပြီးထွက်ပေါ်လာခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာမှာတည်ရှိသော အိန္ဒိယနိုင်ငံရဲ့ ပိုပြီးကြီးမားပြီး ရေရှည်ဖြစ်သော အကျိုးစီးပွားကြောင့်၎င်း၊ အိန္ဒိယနိုင်ငံရဲ့ အရေးကြီးပုံဟာ အသိအမှတ်ပြုထိုက်ပါတယ်။ ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေ ကွန်ဗင်းရှင်းရဲ့ မူများအပေါ်အခြေခံပြီး၊ အဏ္ဏဝါရေပြင်တလွှားမှာ၊ နိုင်ငံတကာဥပဒေ စည်းမျဉ်းများနဲ့အညီ ဆောင်ရွက်လုပ်ကိုင်ကြရေးအပေါ်လည်း၊ အိန္ဒိယနဲ့ နယူးဇီလန် သဘောထားချင်းတိုက်ဆိုင်ပါတယ်။ ဒီနှစ်နိုင်ငံအကြား အနာဂတ်စေ့စပ်ဆွေးနွေးမှုတွေမှာလည်း ဒီကွန်ဗင်းရှင်းအပေါ် အခြေခံအားဖြင့် ဆက်ပြီးအာရုံစိုက်နေဦးမှာသာဖြစ်ပါတယ်။



နိုင်ငံပေါင်းစုံအဆင့်နဲ့ပတ်သက်လို့ပြောရရင်၊ နှစ်နိုင်ငံစလုံးဟာ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ လုပ်ငန်းစနစ်များမှာ ပါဝင်ကြပါတယ်။ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ ASEAN တိုးချဲ့ကာကွယ်ရေးဝန်ကြီးများညီလာခံတို့က အိန္ဒိယနဲ့ နယူးဇီလန်နိုင်ငံတို့ကို အဓိကအားဖြင့် ရွေးစရာနှစ်ခု ကမ်းလှမ်းပါတယ်။ ကမ်းလှမ်းသော ရွေးချယ်စရာနည်းလမ်း ၂ ခုအားဖြင့် ဒေသန္တရအဆင့်မှာ ပိုပြီးလက်တွဲဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး ကို မြှင့်တင်ဘို့၊ ဒီနှစ်နိုင်ငံတို့အနေနဲ့ ဒေသန္တရအဆင့်မှာ ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်များကို ရေးဆွဲနိုင်ကြမှာဖြစ်ပါတယ်။ အချုပ်အားဖြင့် အိန္ဒိယနိုင်ငံအနေနဲ့ ပစ္စိဖိတ်သမုဒ္ဒရာနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို ဖေါ်ပြမဲ့ နိုင်ငံခြားရေးဝါဒကို ဖြစ်ပေါ်တိုးတက်စေရာမှာ၊ နယူးဇီလန်နိုင်ငံအနေနဲ့ ပိုပြီးအရေးကြီးတဲ့ အခန်းကဏ္ဍက လှုပ်ရှားလိမ့်မယ်ဖြစ်ကြောင်း ဆောင်းပါးရှင် ပါမောက္ခ ShanKari Sundararaman ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”