“အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

မကြာသေးမှီက ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်ကာလမှာ တူရကီနိုင်ငံသမ္မတ Mr Recep Tayyip Erdogan ဟာ Kashmir ပြည်နယ်အတွင်းပေါ်ပေါက်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း ဖော်ပြခဲ့ပြီး၊ တူရကီနိုင်ငံဟာ အဆိုပါဒေသပိုင်းက မကြာသေးမှီသောကာလအတွင်း လိုအပ်တဲ့ နည်းလမ်းအလုံစုံကို အသုံးပြုခဲ့ပေမဲ့ အနေအထိုင်ခက်ခဲတင်းကြပ်တဲ့ အခြေအနေကို ရောက်ရှိနေဒါမို့ အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရကြောင်း ဖော်ပြခဲ့ပါတယ်။ Turkey နိုင်ငံဟာ Kashmir အရေးကိစ္စကို ကုလသမဂ္ဂရဲ့ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီစွာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းစေလိုပြီး၊ တူရကီနိုင်ငံက Kashmir ပြည်သူတို့ရဲ့မျှော်လင့်ချက်နဲ့အညီ ဖြစ်စေလိုပါတယ်။ Mr Erdogan က တူရကီနိုင်ငံရဲ့ Kashmir ပြည်နယ်ရဲ့ စည်းလုံးစွာရပ်တည်နေဒါကို ဖော်ပြခဲ့ပြီး၊ ယခု Kashmir ပြည်သူတို့ရဲ့ရုန်းကန်မှုက ၎င်းတို့ရဲ့ ပထမကမ္ဘာစစ်အတွင်း နိုင်ငံခြားအုပ်ချုပ်ရေးကို ဆန့်ကျင်ရုန်းကန်ခဲ့ဒါနဲ့တူတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအချက်ဟာ ရှေ့နောက်မညီဘဲရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ တူရကီသမ္မတရဲ့ ဝေဖန်ချက်ကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ တူရကီနိုင်ငံသံအမတ်ကိုခေါ်ယူကာ၊ သမ္မတ Mr Erdogan ရဲ့ ထင်မြင်ချက်အပေါ် ကန့်ကွက်လွှာတစောင် ပေးကမ်းခဲ့ပါတယ်။ ထုတ်ပြန်ချက်တခုမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တူရကီသမ္မတရဲ့ မှတ်ချက်ဟာ သမိုင်းအစဉ်အလာကို နားလည်သဘောပေါက်ခြင်းမရှိယုံသာမက သံတမန်ရေးရာ ကျင့်ထုံးကို လိုက်နာခြင်းမရှိဘဲ၊ အဲဒီလိုစကားအသုံးအနှုန်းတွေဟာ အိန္ဒိယ-တူရကီ ဆက်ဆံရေးကို ကြီးမားစွာ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ မကြာသေးမှီက အခင်းဖြစ်ပွားမှုဟာ တူရကီနိုင်ငံရဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တဲ့ အလေ့အထရဲ့ ဥပမာတခုသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့နှစ်က ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ တူရကီနိုင်ငံသို့ ခရီးစဉ်ကို သမ္မတ Mr Erdogan က Jammu နဲ့ Kashmir ပြည်နယ်မှ ပုဒ်မ ၃၇၀ အား ပယ်ရှားခဲ့ခြင်းကို ရှုတ်ချပြောဆိုခဲ့ဒါကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ အိန္ဒိယနဲ့ တူရကီနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အထူးသဖြင့် Ankara အစိုးရက Kashmir အရေးကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံကို အကြွင်းမဲ့ ထောက်ခံနေဒါကြောင့် အတက်အကျတွေ ရှနေပါတယ်။

တူရကီသမ္မတရဲ့ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မိန့်ခွန်းကိုလည်း အိန္ဒိယနိုင်ငံက ရှုတ်ချခဲ့ပါတယ်။ တူရကီသမ္မတဟာ Kashmir အရေးကိစ္စကို တရားမျှတမှု၊ ညီတူညီမှဖြစ်စေမှုတို့ကို အခြေခံတဲ့ ဆွေးနွေးပွဲတွေမှတဆင့် ပြုလုပ်သင့်ပြီး၊ ရင်ဆိုင်တိုက်ခိုက်မှုများဖြင့် မပြုလုပ်နိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ Mr Erdogan ဟာ သူ့ရဲ့မှတ်တမ်းတွေကို ပြန်လည်သတိပြုသင့်ပါတယ်။ တူရကီလူမျိုးတွေဟာ ယခုတိုင် ရပိုင်ခွင့်တွေ မရရှိသေးဘဲ ရှိနေကြပါတယ်။

တူရကီနိုင်ငံရဲ့ ပါကစ္စတန်နိုင်ငံအား ထောက်ခံမှုက အကြောင်းအချက်နှစ်ချက်အပေါ်မှ ပေါက်ပွားလာတာဖြစ်ပါတယ်။ ပထမအချက်ကတော့ ဘာသာရေးရှုထောင့်ဖြစ်ပြီး၊ နောက်တချက်ကတော့ Cyprus ရှုထောင့်မှဖြစ်ပါတယ်။ မကြာသေးမှီက နှစ်နိုင်ငံစလုံးတို့ဟာ မလေးရှားနိုင်ငံနဲ့လက်တွဲပြီး Islamophobia ကို ရင်ဆိုင်တိုက်ဖျက်ဘို့နဲ့ Islam ဘာသာနဲ့ပတ်သက်ပြီး အယူအဆလွှဲမှားမှုတွေအား ပယ်ရှားဘို့ ရုပ်မြင်သံကြားအစီအစဉ်တခု ဖွင့်လှစ်ဘို့ သဘောတူခဲ့ကြပါတယ်။ Cyprus နိုင်ငံနဲ့ပတ်သက်လာရင် အိန္ဒိယနိုင်ငံဟာ Cyprus နိုင်ငံမြောက်ပိုင်းကို သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ်မပြုပါဘူး။ ဒီအချက်ဟာ Ankara အစိုးရနဲ့ New Delhi အစိုးရတို့အကြား အရေးကိစ္စတခုအဖြစ် တည်ရှိနေပါတယ်။

ယခုလိုပြဿနာတွေရှိနေသည့်တိုင် အိန္ဒိယနိုင်ငံဟာ အပြန်အလှန်ဆက်ဆံရေး ပြန်လည်ရှင်သန်လာစေဘို့ ကြိုးပမ်းနေပါတယ်။ အမှန်တကယ်တော့ ၂၀၁၉ ခုနှစ် ဇွန်လမှာ ဝန်ကြီးချုပ် Mr Modi က Tweet တခုမှာ “အိန္ဒိယနိုင်ငံဟာ တူရကီနိုင်ငံကို မိတ်ဆွေတဦးပမာ တန်ဘိုးထားပြီး၊ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို အချိန်ကာလကဘဲ အဆုံအဖြတ်ဖြစ်နေတယ်” လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ Ankara အစိုးရရဲ့ အစဉ်အမြဲ Kashmir ပြည်နယ်အရေးကိစ္စကို တင်သွင်းခြင်းဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထိပါးစေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီး၊ ရှင်လင်းပြတ်သားစွာ ရပ်တည်နေပြီး၊ ဘယ်သောအခါကမှ နှစ်မျိုးနှစ်ခွ မပြုလုပ်ခဲ့ပါဘူး။ ဒါကြောင့် New Delhi အစိုးရဟာ တခြားသူတွေကိုလည်း ကြီးမာတဲ့ ဘာသာရေးအစွဲအလမ်းတွေရှိနေမှာဖြစ်သော်လည်း သံတမန်ရေးရာအရ ချဉ်းကပ်ပြုလုပ်ဖို့ မျှော်လင့်နေပါတယ်။ အရေးကြီးတာကတော့ လူသားတွေသာဖြစ်ပြီး ဘာသာရေးမဟုတ်ဘဲ လူမှုဆက်ဆံရေးကသာ အရေးပါးလှပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”