မြန်နှုန်းမြင့်နည်းပညာရှိတဲ့ သီးသန့်နိုင်ငံအဖွဲ့ထဲ အိန္ဒိယဝင်ရောက်
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံဆိုင်ရာ အစီရင်ခံချက်ပေးသူ ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “မြန်နှုန်းမြင့်နည်းပညာရှိတဲ့ သီးသန့်နိုင်ငံအဖွဲ့ထဲ အိန္ဒိယဝင်ရောက်” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာ ဖန်တီးထုတ်လုပ်ထားတဲ့ scramjet အင်ဂျင်နဲ့အတူ အသံထက်ပိုမြန်တဲ့ မြန်နှုန်းမြင့် (hypersonic) နည်းပညာနဲ့ဆောက်လုပ်ထားတဲ့ ယာဉ်ပျံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး၊ ဒါဟာ နောက်မျိုးဆက်သစ် hypersonic ခရုဇ်ဒုံးကျည်များ တည်ဆောက်နိုင်ဖို့အတွက် အလွန်အရေးပါတဲ့ တိုးတက်အောင်မြင်မှုဘဲဖြစ်ပါတယ်။ နောက်ပြီးဒါဟာ အလွန်အရေးပါတဲ့ နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုတခုဖြစ်ကြောင်း အဲသည့်အဆင့်မြင့် နည်းပညာကို ဖွံ့ဖြိုးထုတ်လုပ်ခဲ့တဲ့ အိန္ဒိယ ကာကွယ်ရေး သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ scramjet အင်ဂျင်တပ်ဆင်ထားသည့် လေယာဉ်ပျံသည် လေထုအတွင်း အလွန်လျင်မြန်သော ဟိုင်ပါဆောနစ် အမြန်နှုန်းဖြင့် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များအားလုံးနဲ့ ကိုက်ညီခဲ့ပါတယ်။ အဲသည့်စမ်းသပ်အောင်မြင်မှုဟာ တခြားအရေးကြီးတဲ့ နည်းပညာတွေ၊ ပစ္စည်းတွေနဲ့ မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးယာဉ်တွေ တီထွင်ဖန်တီးဖို့အတွက်လည်း လမ်းဖွင့်ပေးလိုက်တာဘဲဖြစ်ပါတယ်။ နောက်တဆင့်အနေနဲ့ DRDO ဟာ တာဝေးပစ် မြန်နှုန်းမြင့် ခရုဇ်ဒုံးကျည်တွေကို လာမယ့် ၅ နှစ်ကနေ ၆ နှစ်အတွင်း တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။
စမ်းသပ်ခဲ့တဲ့ ယာဉ်ပျံက ပျံသန်းတဲ့အမြန်နှုန်း Mach 5 ထက်ကျော်လွန်သွားတဲ့အချိန်မှာတော့ အမြန်နှုန်းဟာ အသံထက် ၅ ဆ ပိုမို မြန်ဆန်သွားတာဖြစ်ပြီး၊ hypersonic အမြန်နှုန်းနဲ့ ပျံသန်းခဲ့တယ်လို့ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ hypersonic နည်းပညာကို ပိုင်ဆိုင်ထားတဲ့ သီးသန့်နိုင်ငံတွေကတော့ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေဖြစ်ပြီး၊ hypersonic မြန်နှုန်းမြင့် ဒုံးကျည်တွေကို ထုတ်လုပ်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေဘဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံဟာ အဲသည့် သီးသန့်နိုင်ငံအဖွဲ့ထဲမှာ နံပါတ် ၄ ခုမြောက် နိုင်ငံဖြစ်လာပါတယ်။
Odisha ပြည်နယ် ကမ်းလွန်ပင်လယ်မှာရှိတဲ့ Dr. Abdul Kalam ကျွန်းပေါ်ကနေ စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ အဲသည့် hypersonic ခရုဇ်ယာဉ်ပျံဟာ scramjet အင်ဂျင်အားကနေ ၂၂ စက္ကန့်ကနေ ၂၄ စက္ကန့်အထိ အမြန်နှုန်း Mach 6 အထိ ပျံသန်းခဲ့တာဖြစ်ပါတယ်။ အမြန်နှုန်းမှတ်တမ်းတင်ခြင်းနဲ့ ခရုဇ်ယာဉ်ပျံကို ခြေရာခံတဲ့ ရေဒါများ၊ လျှပ်စစ် optical စနစ်များနဲ့ ကြေးနန်းဆက်သွယ်ရေးဌာနများက စဉ်ဆက်မပြတ် လိုက်လံစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ hypersonic ယာဉ်ပျံရဲ့ လုပ်ဆောင်နိုင်တဲ့စွမ်းရည်ကို စောင့်ကြည့်ဖို့အတွက် သင်္ဘောကိုလည်းလွှတ်ထားပြီးစောင့်ကြည့်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ အမြန်နှုန်းမှတ်တမ်းတွေအရ စမ်းသပ်ပျံသန်းခဲ့တဲ့ မစ်ရှင်အောင်မြင်ခဲ့ကြောင်း ညွှန်းဆိုနေပါတယ်။
ကြီးမားတဲ့အောင်မြင်မှုကို ရရှိခဲ့သော်လည်း၊ အိန္ဒိယနိုင်ငံဟာ scramjet စွမ်းအင် hypersonic ပျံသန်းမှုကို မိနစ်အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ ယင်းနည်းပညာကို အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့မှာ အပြည့်အဝရှိပြီးသားဖြစ်ပါတယ်။ အဲသည့် ၃ နိုင်ငံဟာ ရန်သူတွေရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဖျက်ဆီးပြစ်နိုင်တဲ့ aerodynamically manoeuvrable hypersonic လက်နက်ကို အပြိုင်အဆိုင် ထုတ်လုပ်နိုင်ဖို့အတွက် ခြေလှမ်းအများကြီးသာနေ ပါတယ်။
အိန္ဒိယစစ်တပ်ထဲမှာ ရုရှားနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ramjet စွမ်းအင်ပါဝင်တဲ့ BrahMos supersonic ဒုံးကျည်တွေကို ပိုင်ဆိုင်ထားပြီး အဲသည့်ဒုံးကျည်တွေဟာ အမြန်နှုန်း Mach 2.8 အထိ ပျံသန်းနိုင်ပါတယ်။ ramjet ဟာ ဂျက်တိုက်လေယာဉ်အင်ဂျင်ရဲ့ တွန်းကန်အားလိုဘဲ ရှေ့သို့တွန်းကန်ပြီး ဝင်လာတဲ့လေတွေကို axial လေဖိသိပ်စက်နဲ့ ဗဟိုလေဖိသိပ်စက်မပါဘဲ ဖိအားပေးတွန်းကန်ပြီး ရှေ့ကိုတိုးသွားခြင်းဖြစ်ပါတယ်။ Supersonic လောင်ကျွမ်းမှု ramjet ဒါမှမဟုတ် scramjet ဟာ လောင်ကျွမ်းမှုမဖြစ်ခင် ဝင်လာတဲ့လေတွေကို ဖိအားပေးနိုင်ဖို့ ယာဉ်ပျံရဲ့ အမြန်နှုန်းကို မှီခိုရပါတယ်။ အဲသည်မှာ ramjet ဟာ လောင်ကျွမ်းမှုမဖြစ်ခင် လေကို အသံရဲ့လျင်မြန်မှုနှုန်းအောက် လျော့ချလိုက်ပြီး၊ scramjet အတွင်းက လေစီးဆင်းမှုကို supersonic အဆင့်ဆက်လက်တည်ရှိနေစေတာဖြစ်ပါတယ်။
Ramjets ဟာ အကောင်းဆုံးစွမ်းဆောင်မှုအဖြစ် supersonic အမြန်နှုန်းအဆင့်မှာ Mach 3 ပတ်လည် တွန်းကန်ပေးနိုင်ပြီး၊ Mach 6 အမြန်နှုန်းအထိ စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ramjet ရဲ့ တွန်းကန်မှုဟာ hypersonic အဆင့် အမြန်နှုန်းကိုရောက်ရှိလာချိန်မှာတော့ တွန်းကန်မှုတွေ ကျဆင်းသွားခဲ့ပါတယ်။ အခြားတဖက်မှာတော့ scramjet အင်ဂျင်ဟာ hypersonic အမြန်နှုန်းကို တွန်းကန်နိုင်ပြီး၊ supersonic လောင်ကျွမ်းမှုကိုလည်း ဆက်လက်လုပ်ဆောင်စေပါတယ်။
Hypersonic စမ်းသပ်မှုရဲ့နောက်ကွယ်က နားလည်ဖို့ခက်ခဲပြီး ရှုပ်ထွေးလှတဲ့ နည်းပညာက အရပ်ဘက်ကလိုအပ်တဲ့ အကုန်အကျနည်းပါးတဲ့ ဂြိုလ်တုလွှတ်တင်ရေးကို စွမ်းဆောင်ပေးနိုင်တယ် ဆိုတာပါဘဲ။ ယခုအချိန်မှာ ကမ္ဘာပတ်လမ်းကြောင်းပေါ်ကို လွှတ်တင်ပေးနေတဲ့ ဂြိုလ်တုတွေကို သယ်ဆောင်ပေးတဲ့ ဘက်ပေါင်းစုံအဆင့် ဂြိုလ်တုသယ်ဆောင်ရေးယာဉ်တွေဟာ တခါသုံးသာဖြစ်ပြီး အကုန်အကျအလွန်များပါတယ်။ ၎င်းတို့ရဲ့ စွမ်းဆောင်မှုကလည်း နည်းပါးပြီး၊ အဲသည့်ယာဉ်တွေဟာ ၎င်းတို့ရဲ့ အလေးချိန်ရဲ့ ၂ ကနေ ၄% သာရှိတဲ့ ဂြိုလ်တုတွေကိုသာ ကမ္ဘာပတ်လမ်းကြောင်းထဲကို သယ်ဆောင်လွှတ်တင်ပေးနိုင်ပါတယ်။ သည်ထက်ပိုတာကတော့ ယနေ့အချိန်မှာ အသုံးပြုနေတဲ့ ဂြိုလ်တုလွှတ်တင်ပေးတဲ့ ယာဉ်တွေထဲက ၇၀% နီးပါးဟာ လောင်ကျွမ်းမှုကိုဖြစ်ပေါ်စေမယ့် အောက်စီဂျင်ကို ထုတ်လွှတ်ပေးမယ့် oxidiser ပါရှိပါတယ်။ အဲဒါကြောင့် နောက်မျိုးဆက်သစ် ဂြိုလ်တုလွှတ်တင်ယာဉ်တွေထဲမှာ လေထုထဲဖြတ်သန်း ပျံသန်းနေစဉ်အတွင်း လေထုထဲက အောက်စီဂျင်ကို စီမံအသုံးပြုစေနိုင်မယ့် propulsion စနစ်ပါဝင်တဲ့ ယာဉ်တွေထွက်ပေါ်လာရင် ကမ္ဘာပတ်လမ်းကြောင်းထဲကို ဂြိုလ်တုတွေကို လွှတ်တင်ပေးမယ့် ကုန်ကျစရိတ်ကို အလွန်ဘဲ သက်သာသွားစေမှာဖြစ်ပါတယ်။ အဲသည့်စွမ်းဆောင်မှုမျိုးကို Scramjet စွမ်အင် အင်ဂျင်ပါဝင်တဲ့ ယာဉ်ပျံက လုပ်ဆောင်နိုင်ပါကြောင်း ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment