ပိုမိုနက်ရှိုင်းလာဖို့အသင့်ဖြစ်နေတဲ့ အိန္ဒိယ-အီရန် ဆက်နွယ်မှု

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ စင်္ကာပူအမျိုးသား တက္ကသိုလ် အရှေ့အလယ်ပိုင်းဌာနမှ အကြီးတန်း သုတေသနအဖွဲ့ဝင်ဖြစ်သူ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပိုမိုနက်ရှိုင်းလာဖို့ အသင့်ဖြစ်နေတဲ့ အိန္ဒိယ-အီရန် ဆက်နွယ်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

အီရန်နိုင်ငံကို တပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ဝါရင့်ကတ်ဘိနက်ဝန်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့် သွားရောက်ခဲ့တာဟာ အိန္ဒိယ-အီရန် ဆက်နွယ်မှုကို ပိုမိုခိုင်မာစေဖို့အတွက် လုပ်ဆောင်လိုက်တာဘဲ ဖြစ်ပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnth Singh ဟာ ရုရှားနိုင်ငံ မှာပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှ ကာကွယ်ရေးဝန်ကြီးများရဲ့ အစည်းအဝေးကို တက်ရောက်ပါဝင်ခဲ့ပြီးနောက် အပြန်လမ်းမှာ တနင်္ဂနွေနေ့က အီရန်နိုင်ငံကို ခေတ္တဝင်ရောက်ရပ်နားခဲ့ပါတယ်။ အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ Mr Singh ဟာ အီရန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Amir Hatami နဲ့ တွေ့ဆုံပြီး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသအတွင်း လုံခြုံရေး အစရှိတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာလည်း ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပပြုလုပ်မဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးပွဲကို တက်ရောက်ဖို့ အသွားလမ်းမှာ တီဟီရန်ကို ခေတ္တခဏဝင်ရောက်ရပ်နားခဲ့ပါတယ်။ တီဟီရန်မှာ ရပ်နားစဉ်အတွင်း Dr. S. Jaishankar ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif နဲ့ အကျိုးဖြစ်ထွန်းစေခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့အကြား နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မှုများကို ပိုမိုအားကောင်းခိုင်မာအောင် လုပ်ဆောင်သွားဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲအတွင်းမှာ နှစ်နိုင်ငံဝန်ကြီးတို့ဟာ ဒေသအတွင်း တိုးတက်ဖွံ့ဖြိုးမှုနဲ့စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။

Dr. Jaishankar ရဲ့ မြို့တော်တီဟီရန်ကို နောက်ဆုံးသွားရောက်ခဲ့တာက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာဖြစ်ပြီး ၁၉ ကြိမ်မြောက် အိန္ဒိယ-အီရန် ပူးတွဲကော်မရှင်ရဲ့ အစည်းအဝေးပွဲကို တက်ရောက်ပါဝင်ခဲ့တာဖြစ်ကာ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Dr. Javad Zarif ဟာလည်း ယခုနှစ်ဇန်နဝါရီလမှာ ၂၀၂၀ ခုနှစ်ဆိုင်ရာ Raisina အပြန်အလှန်ဆွေးနွေးပွဲကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ထူးခြားတာကတော့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုတခေါက် တီဟီရန်ကို သွားရောက်ခဲ့တာဟာ COVID-19 ကူးစက်ပျံ့ပွားမှု ကပ်ရောဂါကြောင့် ခရီးသွားလာမှုတွေကို တင်းကြပ်ပိတ်ပင်ခဲ့တဲ့နောက်ပိုင်းမှာ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယနဲ့ အီရန် နှစ်နိုင်ငံစလုံးက အပြန်အလှန် အလေးထားကြောင်း ပြသမှုဘဲဖြစ်ပြီး၊ အထူးသဖြင့် အမေရိကန်နိုင်ငံက အီရန်နိုင်ငံကို ဆန့်ကျင်တဲ့ စည်းရုံးလှုပ်ရှားမှုတွေကို အမြင့်ဆုံးဖိအားတွေပေးပြီးလုပ်ဆောင်ကာ အီရန်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုတွေ မလုပ်နိုင်အောင် တင်းကြပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်နေချိန်မှာ ၎င်းတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားကြောင်း ပြသမှုပေါ်ပေါက်လာတာဘဲဖြစ်ပါတယ်။ 

ယခုနှစ်လို အိန္ဒိယနိုင်ငံရဲ့ ကတ်ဘိနက်ဝန်ကြီးနှစ်ဦးက အီရန်နိုင်ငံကို တပတ်အတွင်းနှစ်ကြိမ် သွားရောက်ခဲ့တာဟာ၊ တရုတ်နဲ့ အီရန်နိုင်ငံအကြား ကာလကြာရှည်စွာ တည်ရှိစေမယ့် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ရေးနဲ့ ပါတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ နောက်ဆုံးအဆင့်ကို ရောက်ရှိလာတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ပီကင်းနဲ့ တီဟီရန်အစိုးရတို့ဟာ နှစ်ပေါင်း ၂၅ နှစ်မျှ ရှည်လျားမယ့် နည်းဗျူဟာကျ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ရေးကို တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) စီမံကိန်းအောက် လုပ်ဆောင်သွားဖို့ဖြစ်ပြီး၊ အီရန်နိုင်ငံထဲကို တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကျယ်ပြန့်စွာ သတင်းထုတ်ပြန်မှုတွေ ရှိနေတာဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးနှစ်ဦးရဲ့ အီရန်နိုင်ငံကို သွားရောက်ခဲ့တဲ့ခရီးစဉ်ဟာ အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်းရေးအတွက် အာဖဂန်နစ္စတန်နိုင်ငံအတွင်း အပြန်အလှန်ဆွေးနွေးမှု ပေါ်ပေါက်လာဖို့ မျှော်လင့်ထားချိန်လည်းဖြစ်ပါတယ်။ နှစ်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ဟာ ဒေသအတွင်း နဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေမှာ ဘုံစိုးရိမ်မှုတွေအပြင် အဆိုပါအရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြမယ်လို့ ယုံကြည်ရပါတယ်။ သည့်ထက်ပိုသာကတော့ အခုခရီးစဉ်တွေဟာ ယခုနှစ် အောက်တိုဘာလမှာ ကုန်ဆုံးမှာဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ အီရန်နိုင်ငံကို လက်နက်ရောင်းဝယ်ရေးပိတ်ဆို့မှု ရက်ထပ်တိုးရေး မအောင်မြင်ဘဲ ဖြစ်ခဲ့ရတဲ့နောက် မကြာမီအချိန်အတွင်းမှာဘဲ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အိန္ဒိယနဲ့ အီရန်နိုင်ငံတို့အကြားမှာ မကြာသေးတဲ့နှစ်တွေကဘဲ ကြီးမားစွားအားဖြည့်ထားတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုတွေရှိပြီး၊ Chabahar ဆိပ်ကမ်း၊ Chabahar-Zahedan ရထားလမ်းဖောက်ရေး စီမံကိန်း အစရှိတဲ့ အခြေခံအဆောက်အုံ တည်ဆောက်မှုတွေမှာ နှစ်နိုင်ငံပူးတွဲလုပ်ဆောင်မှုတွေဟာ ပေါက်ဖွားရှင်သန်လာခြင်း ဒါမှမဟုတ် တိုးတက်ဖြစ်ထွန်းလာတာတွေကို မြင်တွေ့ရပါတယ်။ အိန္ဒိယနဲ့ အီရန်နိုင်ငံတို့ဟာ Chabahar ဆိပ်ကမ်း အသုံးပြုရေးကို တိုးမြှင့်သွားဖို့ တက်ကြွစွာပါဝင်လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့လက အီရန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကို အီရန်ဒုဝန်ကြီးနဲ့ မီးရထားဝန်ကြီးဌာနရဲ့ အကြီးအကဲဖြစ်သူ Saeed Rasouli က ဖိတ်ခေါ်ပြီး၊ Chabahar-Zahedan ရထားလမ်းဖောက်လုပ်ရေးမှာ နှစ်နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှုတွေကို ပြန်လည်သုံးသပ်စေခဲ့ပါတယ်။

လက်ရှိအိန္ဒိယနဲ့ အီရန်နှစ်နိုင်ငံ ကုန်သွယ်ရေးအား အမေရိကန်နိုင်ငံရဲ့ အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတာကြောင့် အပျက်သဘောဆောင်တဲ့ ထိခိုက်မှုတွေရှိနေရင်လဲဘဲ၊ အိန္ဒိယနဲ့ အီရန်နိုင်ငံတို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေးကို ပိုမိုနက်ရှိုင်းလာစေဖို့အတွက် ကြိုးပမ်းလုပ်ကိုင်နေပါတယ်။ အိန္ဒိယနိုင်ငံအတွက် အီရန်နိုင်ငံဟာ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ မဟာဗျူဟာမြောက်အရေးကြီးတဲ့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ အလယ်အာရုကို ဝင်ရောက်ရေးတို့မှာ အလားအလာကြီးတဲ့ ရပ်ဝေးမြေခြားက အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ အလားတူပါဘဲ အိန္ဒိယနိုင်ငံဟာလည် အီရန်နိုင်ငံအတွက် ကြီးမားတဲ့စျေးကွက်အဖြစ် ဝန်ဆောင်မှုတွေပေးအပ်နေပြီး၊ အထူးသဖြင့် ထုံးတမ်းအစဉ်အလာအရ အီရန်နိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းတဲ့ အဓိကနိုင်ငံဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းဒေသအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ ပထဝီ-နိုင်ငံရေးနဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြားက ကြီးမားတဲ့ အာဏာလွန်ဆွဲပွဲတွေအကြားမှာ ဒေသအတွင်းကြီးမားတဲ့ သြဇာလွှမ်းမိုးမှုတွေ ပေါ်ပေါက်စေပြီး၊ အီရန်နိုင်ငံရဲ့ ပြင်ပကမ္ဘာနဲ့ဆက်ဆံရေးမှာ အပျက်သဘောဆောင်တဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ကာလကြာရှည်စွာ ဖြစ်ပေါ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့ပွားမှု ကပ်ရောဂါ COVID-19 ရဲ့ဂယက်ကြောင့် အဲသည့် ကန့်သတ်ချုပ်ချယ်မှုတွေဟာ ပိုမိုကြီးမားလာခဲ့ပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ အဆင့်မြင့်ဝန်ကြီးနှစ်ဦးရဲ့ နယူးဒေလီကနေ တီဟီရန်ကို သွားရောက်ခဲ့တာဟာ ကပ်ရောဂါကူးစက်ပျံ့ပွားမှုနဲ့ဆက်စပ်ပြီး ခရီးသွားလာမှုတွေကို ပိတ်ပင်ထားတဲ့ တင်းကြပ်မှုတွေ လျော့ချပေးလိုက်တာနဲ့ ချက်ခြင်းပေါ်ပေါက်ခဲ့တာဖြစ်ပြီး၊ အဲဒါကဘာကို ဖော်ပြနေသလဲဆိုရင် အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံနဲ့ ဆက်နွယ်နေတာကို အလေးထားကြောင်း သက်သေပြသလိုက်ခြင်းဘဲဖြစ်ပါတယ်။ ဒါတွေဟာ အိန္ဒိယ-အီရန် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရေးမှာ အရေးပါလာမှာဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”