အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အိန္ဒိယနိုင်ငံ၏ အဓိကအခန်းကဏ္ဍ



သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ အာဖဂန်-ပါကစ္စတန်အရေးနည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Smita ဝေဖန်ရေးသားပေးပို့ထားတဲ့“အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အိန္ဒိယနိုင်ငံ၏ အဓိကအခန်းကဏ္ဍ” အကြောင်း သတင်းဆောင်းပါး ဆက်လက်အစီအရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါကစ္စတန်နိုင်ငံရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် Doha မြို့အခြေစိုက် အာဖဂန်တာလီဘန်အဖွဲ့ရုံးရဲ့ ဥက္ကဌဖြစ်တဲ့ အဆင့်မြင့်ကိုယ်စားလှယ် Mullah Abdul Ghani Baradar ဟာ ယခုအပတ်မှာ ပါကစ္စတန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ ယခုခရီးစဉ်ဟာ Mullah Baradar ရဲ့လွန်ခဲ့သော ၁၀ လအတွင်း ပါကစ္စတန်နိုင်ငံကို ဒုတိယအကြိမ် လာရောက်မှုလည်းဖြစ်ပါတယ်။ ၎င်းဟာ လွန်ခဲ့သော ၂၀၁၉ ခုနှစ် အောက်တိုဘာလကလည်း တာလီဘန်တပ်ဖွဲ့ဝင်တွေ အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေကိုဆက်လက်တိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေးပြောဆိုဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ရန်အမေရိကန်နိုင်ငံသမ္မတ Donald Trump က ပြောဆိုမှု ထွက်ပေါ်ခဲ့ပြီးနောက် အစ္စလမ်မာဘတ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အစ္စလမ်မာဘတ်က ပြောဆိုဆွေးနွေးမှုမှာ ပါကစ္စတန်နိုင်ငံရဲ့Inter-Services Intelligence (ISI) အကြီးအဲ ဒုတိယဗိုလ်ချုပ်ကြီး Faiz Hameed လည်း တက်ရောက်ပါဝင်ခဲ့ပါတ်။ အဲသည့် ထောက်လှမ်းရေးအဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံကို ဆိုဗီယက်ပြည်ထောင်စုက ဝင်ရောက်ကျူးကျော်သိမ်းပိုက်ခဲ့ချိန် လွန်ခဲ့တဲ့ ၁၉၈၀ နှစ်တွေကတည်းကအာဖဂန်နစ္စတန်နိုင်ငံထဲက လက်နက်ကိုင်အဖွဲ့တွေ၊ အထူးသဖြင့် တာလီဘန်အဖွဲ့ကို လွှမ်းမိုးမှုရှိကြောင်း သိထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ဟာ ၎င်းတို့ရဲ့လွှမ်းမိုးမှုကိုအသုံးချကာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း တာလီဘန်အဖွဲ့ကို အမေရိကန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးသွားဖို့အတွက် ဆွေးနွေးပွဲ စကားဝိုင်းကို ရောက်ရှိလာအောင် လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

အာဖဂန်မှာ Ashraf Ghani ရဲ့ အစိုးရကို တရားဝင်အစိုးရအဖြစ်လက်မခံနိုင်ကြောင်း တာလီဘန်အဖွဲ့က အာဖဂန်ဆွေးနွေးပွဲတွေမစတင်မှီပြောကြားခဲ့ပါတယ်။ အာဖဂန်အစိုးရဟာ အာဖဂန်နိုင်ငံအတွင်း အမေရိကန်တွေရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ဆက်လက်သက်ဆိုးရှည်စေဖို့လုပ်ဆောင်နေတဲ့ အနောက်တိုင်းကတင်သွင်းတဲ့ အဖွဲ့သာဖြစ်ကြောင်း တာလီဘန်အဖွဲ့က ၎င်းရဲ့ အမြင်ကိုပြောဆိုခဲ့ပါတယ်။

ထူးခြားမှုတခုကတော့၊ တာလီဘန် နဲ့ ပါကစ္စတန်တို့ရဲ့ ဆွေးနွေးပွဲဟာ ပါကစ္စတန်နိုင်ငံကအကြမ်းဖက် လှုပ်ရှားမှုတွေကို ထောက်ပံ့မှု၊ ကူညီမှု၊ အားပေးမှုနှင့် ဘဏ္ဍာရေးထောက်ပံ့မှုတွေကို လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်း ၈၈ ခုကိုထုတ်ပြန်ကြေညာခဲ့ရာမှာ တာလီဘန်အဖွဲ့အား ထည့်သွင်းထားခဲ့တဲ့နောက် ထွက်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။ တာလီဘန်ကို နောက်ကွယ်ကနေကြိုးကိုင်ထိန်းချုပ်နေတာ ပါကစ္စတန်ဖြစ်ကြောင်း ကောင်းကောင်းသိထားပြီး၊ အစ္စလမ်မာဘတ်အစိုးရကိုယ်တိုင် ပိတ်ပင်တားမြစ်ထားတဲ့ တာလီဘန်အဖွဲ့နဲ့ ပါကစ္စတန်ဟာ ဆက်ဆံရေးတွေ ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ စိတ်ဝင်စားစရာဘဲဖြစ်ပါတယ်။

အိန္ဒိယနဲ့ အာဖဂန်နစ္စတန်နိုင်ငံအကြား သမိုင်းနဲ့ ယဉ်ကျေးမှုဆက်နွယ်မှုအရ အားကောင်းခိုင်မာတဲ့ ဆက်ဆံရေးတွေရှိနေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ အိန္ဒိယနိုင်ငံဟာ အဓိကအခန်းကဏ္ဍနေ ပါဝင်လုပ်ဆောင်ပါတယ်။ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ အာဖဂန်နစ္စတန်နိုင်ငံကို ဒေသအတွင်းတည်ငြိမ်ရေးအား ဆောင်ကြဉ်းပေးလာနိုင်စေမဲ့ အရင်းအမြစ်ဖြစ်လာစေမဲ့ အဓိကအကြောင်းအရာတွေဖြစ်ကြောင်း နယူးဒေလီအစိုးရ ယုံကြည်ထားပါတယ်။ အဲသည့်ယုံကြည်မှုတွေအရ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က အောက်တိုဘာလက အာဖဂန်နစ္စတန်နိုင်ငံသမ္မတ Hamid Karzai အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ခဲ့စဉ်က အိန္ဒိယနဲ့ အာဖဂန်နစ္စတန်နိုင်ငံအကြားမဟာဗျူဟာမြောက် ပူးပေါင်းလုပ်ကိုင်သွားဖို့ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲသည့် သဘောတူညီချက်အရ၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ကုန်သွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊လူမှုရေး၊ ယဉ်ကျေးမှု၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေး အစရှိတဲ့နယ်ပယ်ပေါင်းစုံတို့မှာ ပိုမိုအားကောင်းလာစေရန် ပူးပေါင်းလုပ်ဆောင်နိုင်စေခဲ့ပါတယ်။ အဲသည့်သဘောတူစာချုပ်ဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ယခုလိုအရေးကြီးတဲ့ အစိုးရအပြောင်းအလဲကာလမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေ ရှိနေဖို့အတွက် ကျွန်ုပ်တို့ရဲ့အားကောင်းတဲ့ပါဝင်လုပ်ဆောင်မှုအတွက် ကြီးမားတဲ့ အချက်ပြမှုဘဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ပါဝင်လုပ်ကိုင်နေခဲ့ပြီး၊ လမ်းများ၊ ကျောင်းများ၊ ဆေးရုံများကဲ့သို့သော အခြေခံအဆောက်အအုံတည်ဆောက်မှုတွေအတွက် ရင်းနှီးမြှပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ထည့်ဝင်ထားပါတယ်။ နယူးဒေလီအစိုးရဟာ အာဖဂန်နိုင်ငံမှာ အကြီးဆုံးရေကာတာဖြစ်တဲ့ အိန္ဒိယ-အာဖဂန် ချစ်ကြည်ရေး Salma ရေကာတာကို Hari မြစ်ပေါ်မှာတည်ဆောက်ပေးခဲ့ပါတယ်။ အဲသည့်ရေကာတာကို ဝန်ကြီးချုပ် Narendra Modi နဲ့ အာဖဂန်သမ္မတ Ashraf Ghani တို့က ပူးတွဲဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါရေကာတာကနေ ရေအားလျှပ်စစ်ဓါတ်အား ၄၂ မီဂါဝပ်ကို ထုတ်လုပ်ပေးပြီး၊ စိုက်ပျိုးရေးလယ်ယာမြေဧကပေါင်းဟက်တာ ၇၅,၀၀၀ အတွက် ဆည်ရေကို ပေးဝေနေပါတယ်။ နောက်ပြီး အဲသည့်ရေကာတာဟာ ရှိနေပြီးဖြစ်တဲ့ ဟက်တာပေါင်း ၃၅,၀၀၀ ရှိ ဆည်မြောင်းကို ရေများသွယ်တန်းပေးကာတည်ငြိမ်စေပြီး၊ နောက်ထပ် မြေဧက ၄၀,၀၀၀ ဟက်တာအတွက် ဆည်မြောင်များတည်ဆောက်ဖို့အတွက် ထောက်ပံ့ကူညီပေးနေပါတယ်။ အိန္ဒိယနိုင်ငံဟာ အာဖဂန်ပြည်သူများအတွက် ပညာရေးနဲ့ ကျွန်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကူညီလုပ်ဆောင်ပေးနေပါတယ်။

အိန္ဒိယနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးကပ်စွာ သတိထားစောင့်ကြည့်လျှက်ရှိပြီး၊ လျဉ်မြန်စွာဆုံးဖြတ်လုပ်ဆောင်တဲ့ အရာတွေကို လက်ခံယုံကြည်မှုမရှိရင်လည်း နယူးဒေလီအစိုးရဟာ အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုကို ကြိုဆိုထောက်ခံခဲ့ပါတယ်။ နယူးဒေလီအစိုးရဟာ Ghani အစိုးရကိုထောက်ခံပြီး၊တာလီဘန်တို့အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဒီမိုကရက်တစ်နည်းလမ်းအရ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးစနစ်ကို လက်ခံဖို့ အတည်ပြုဖို့အတွက် အလိုရှိပါတယ်။ ဆက်လက်ဖြစ်ပေါ်နေတဲ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ကပ်ရောဂါ ကာလအတွင်း အိန္ဒိယနိုင်ငံဟာ အာဖဂန်နိုင်ငံသို့အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေကို အာဖဂန်ပြည်သူတွေအတွက် မကြာခန ပေးပို့ခဲ့ပါတယ်။

ကမ္ဘာကြီးတခုလုံးက COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုနဲ့ ရင်ဆိုင်နေရချိန်မှာ၊ အာဖဂန်နစ္စတန်နိုင်ငံဟာ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြဿနာနှစ်ခုနဲ့ တွေ့ကြုံရင်ဆိုင်နေရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တခုတည်းကသာ တာလီဘန်နှင့် ဆယ်စုနှစ်ပေါင်းကြာရှည်စွာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်မှာဖြစ်ကြောင်း အာဖဂန်ပြည်သူအများပိုင်းက ယုံကြည်ထားပြီး၊လက်နက်ကိုင်အဖွဲ့အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စေ့စပ်ဆွေးနွေးမှုတွေကိုဘယ်လောက်အထိ အလေးထားလိုက်နာလုပ်ဆောင်မှုရှိသလဲဆိုတာကို၊ အထူးသဖြင့် အမေရိကန်စစ်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံက ရုပ်သိမ်းသွားပြီးတဲ့နောက် ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Smita ဝေဖန်ရေးသားထားတာကိုနိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး

စိတ်နှလုံးမှ ပြောသော စကားများ (အပိုင်း-၉)

“အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း”