အိန္ဒိယ-ဗီယက်နမ် ဆက်ဆံရေးရဲ့ အရှိန်အဟုန်သစ်
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Rupa Narayan Das ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဗီယက်နမ် ဆက်ဆံရေးရဲ့ အရှိန်အဟုန်သစ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဝန်ကြီးချုပ် Narendra Modi ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဘက်ပေါင်းစုံပါဝင်တဲ့ မဟာဗျူဟာမြောက် လုပ်ကိုင်ဖက်အဖြစ် ပြောင်းလဲသွားခဲ့တဲ့ အိန္ဒိယ-ဗီယက်နမ် ဆက်ဆံရေးဟာ၊ ဆက်လက်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက်သာမက၊ အင်ဒို-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အရေးကြီးတဲ့ကဏ္ဍဖြစ်လာခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်နဲ့ တခြားနေရာတွေမှာ လွှမ်းမိုးထိန်းချုပ်နိုင်ကြိုးစားလာမှုနဲ့ ရန်လိုမှုတွေကို တန်ပြန်လုပ်ဆောင်သွားဖို့ လိုအပ်မှုမှာ နောက်ထပ် ထပ်မံဖြည့်လိုက်တဲ့ အရာလည်းဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား အဆင့်ပေါင်းစုံတို့မှာ နှစ်နိုင်ငံပူးပေါင်းဖွဲ့စည်းထားတဲ့ ယန္တယားတွေကနေတဆင့် ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေနဲ့၊ ဘက်ပေါင်းစုံကဏ္ဍအစည်းအဝေးတွေကို ပြုလုပ်နေပါတယ်။
ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးတဲ့ ၁၇ ကြိမ်မြောက် အိန္ဒိယ-ဗီယက်နမ် ပူးတွဲကော်မရှင်ရဲ့ အစည်းအဝေးပွဲ (JCM) ကိုတော့ ဗီဒီယိုဆက်သွယ်ရေးကတဆင့်သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ JCM ဟာ နည်းဗျူဟာအရ ထင်ရှားပါတယ်။ အဲသည့်အစည်းအဝေးပွဲကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. S. Jaishankar နဲ့ ဗီယက်နမ်နိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr Pham Bin Minh တို့က ပူးတွဲသဘာပတိအဖြစ် တာဝန်ယူပြီး ကျင်းပခဲ့ပါတယ်။ အစည်းအဝေးပွဲအတွင်း နှစ်နိုင်ငံတို့ဟာ လက်ရှိကာလ အိန္ဒိယ-ဗီယက်နမ် မဟာဗျူဟာမြောက် ပူးပေါင်းလုပ်ကိုင်မှု တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ခဲ့ပြီး ၊ နှစ်နိုင်ငံအကြား ကျယ်ပြန့်တဲ့ ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ကာကွယ်ရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်သွားဖို့နဲ့၊ ကြီးထွားလာတဲ့ လူသားအကျိုးပြု လျူကလီယားစွမ်းအင်၊ အာကာသ၊ အဏ္ဏဝါသိပ္ပံနဲ့ နည်းပညာအသစ်တွေအပေါ် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။
နှစ်နိုင်ငံတို့ဟာ ဒေသအတွင်းနဲ့ နိုင်ငံတကာအရေးမှာ ဘုံအကျိုးစီးပွားနဲ့ အထူးသဖြင့် ကူးစက်ပျံ့ပွားဖြစ်ပွားနေတဲ့ COVID-19 အရေးအပေါ် ၎င်းတို့ရဲ့ အမြင်တွေကို အပြန်လှန် တင်ပြခဲ့ကြပါတယ်။ အိန္ဒိယနဲ့ ဗီယက်နမ် နှစ်နိုင်ငံစလုံးတို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ချီးကျူးပြောဆိုမှုကို ခံရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဝန်ကြီးချုပ် Modi ရဲ့ အမျှော်အမြင်ဖြစ်တဲ့ ကိုယ့်အားကိုယ်ကိုး Atmanirbhar Bharat နဲ့ လူသားအခြေပြု ကမ္ဘာ့ရွာဖြစ်တည်မှုအပေါ်အခြေခံပြီး ပိုမိုကြ့ံခိုင်အောင် တည်ဆောက်သွားဖို့ လုပ်ဆောင်နေချိန်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးလုပ်ကိုင်နိုင်စွမ်းနဲ့ တောင်းဆိုမှုတွေအပေါ် အခွင့်အရေးယူ လုပ်ကိုင်သွားဖို့အတွက် ဗီယက်နမ်နိုင်ငံကို Dr. Jaishankar က ဖိတ်ခေါ်ခဲ့ပါတယ်။
နှစ်နို်င်ငံတို့ဟာ ဒေသအတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စအများအပြားတို့မှာ တူညီတဲ့ခံယူချက်နဲ့ ချဉ်းကပ်လုပ်ဆောင်မှုတွေ ရှိတာနဲ့အညီ၊ ဘက်ပေါင်းစုံပါဝင်ရေးနဲ့ လာမည့် ၂၀၂၁ ခုနှစ်မှစပြီး နှစ်နိုင်ငံစလုံး အမြဲတမ်းမဟုတ်သည့်အဖွဲ့ဝင်အဖြစ် ပါဝင်သွားကြမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့အား ပြောင်းလဲဖွဲ့စည်းရေးအတွက် နီးကပ်စွာ အတူတကွလုပ်ဆောင်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။ နှစ်နိုင်ငံတို့ဟာ အာဆီယံအဖွဲ့ရဲ့ မူဘောင်အရဖွဲ့စည်းထားတဲ့ ဒေသအတွင်းက အရေးကြီးတဲ့ ဖိုရမ်များမှာ ပူးပေါင်းလုပ်ဆောင်မှုနှင့် ပူးတွဲညှိနှိုင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ အာဆီယံအဖွဲ့အား ယခုနှစ်မှာဥက္ကဌအဖြစ် တာဝန်ယူတဲ့ ဗီယက်နမ်နိုင်ငံကို အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံမှုပေးကြောင်းနဲ့ ကမ္ဘာတဝှမ်းလုံး COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု အရေးနဲ့ တွေ့ကြုံရင်ဆိုင်နေရချိန်မှာ အာဆီယံအဖွဲ့ကို ထိရောက်တဲ့ ခေါင်းဆောင်မှုကို ပေးနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း Dr. Jaishankar က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နိုင်ငံအများအပြားက ဆန့်ကျင်ပြောဆိုနေတဲ့ကြားက အရင်းအမြစ်ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက များပြားတဲ့ စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို ပို့ဆောင်ပြီး အဲသည့်ဒေသမှာ စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းလာတဲ့ အခြေအနေတွေကို အစောပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ဟာ နယူးဒေလီမြို့မှာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ကို ရှင်းလင်း ပြေဆိုခဲ့ပါတယ်။ ဗီယက်နမ်သံအမတ်ဟာ အိန္ဒိယ ONGC Videsh ကုမ္ပဏီက ရေနံတူးဖော်နေတဲ့ ဗီယက်နမ်နိုင်ငံပိုင် ပင်လယ်ပြင်အပါအဝင်၊ တောင်တရုတ်ပင်လယ်ရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ၁၉၈၂ ဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံတကာပင်လယ်ပြင်ဆိုင်ရာ အက်ဥပဒေ (UNCLOS) အပါအဝင် တခြား အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ၊ လွတ်လပ်စွာသွားလာရှားခွင့်နဲ့ အရင်းအမြစ်များကို တူးဖော်ခွင့်ကို အိန္ဒိယနိုင်ငံက ထောက်ခံပါတယ်။ ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ ဝန်ကြီးချုပ် Modi ရဲ့ ခရီးစဉ်နောက် ဖြစ်ပေါ်တိုးတက်မှုအဖြစ် နှစ်နိုင်ငံကာကွယ်ရေးကဏ္ဍမှာ ပူးပေါင်းလုပ်ဆောင်မှုမှာ အိန္ဒိယနိုင်ငံက ဗီယက်နမ်ရဲ့ လုံခြုံရေးအတွက် ကင်းလှည့်ရေယာဉ်တွေကို ပေးပို့သွားဖို့ စီစဉ်ခြင်းဖြင့် ဗီယက်နမ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အချာတည်တံ့ခိုင်မြဲရေးကို အလေးထားကြောင်း အိန္ဒိယနိုင်ငံက ပြသခဲ့ပါတယ်။
အိန္ဒိယပြည်သူတွေဟာ ဗီယက်နမ်နိုင်ငံသားတွေရဲ့ ဇွဲလုံးဝိရိယနဲ့ သူရဲကောင်းဆန်တဲ့ လုပ်ဆောင်ခဲ့မှုတွေကို အထင်ကြီး လေးစားကြပါတယ်။ Ho Chi Minh နဲ့ ဗိုလ်ချုပ် Vo Nguyen Giap တို့လို ဗီယက်နမ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အမည်တွေဟာ အိန္ဒိယနိုင်ငံမှာ ထင်ရှားပါတယ်။ သမိုင်းအရ၊ ယဉ်ကျေးမှုအရနဲ့ နိုင်ငံရေးအရ နှစ်ဦးနှစ်ဖက်နဲ့ နှစ်နိုင်ငံခေါင်းဆောင်များအကြား ယုံကြည်ရတဲ့ ဆက်နွယ်မှုတွေဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပြည်သူတွေအချင်းချင်း ဆက်ဆံရေးကိုဖြစ်ပေါ်စေရုံသာမက မြင့်မားတဲ့ မဟာဗျူဟာမြောက်အဆင့်ကို ရောက်အောင် တွန်းပို့ပေးနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Rupa Narayan Das ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment