ကားလမ်း အခြေခံအဆောက်အအုံမှတဆင့် အိန္ဒိယနိုင်ငံရဲ့ ဆက်သွယ်ချိတ်ဆက်မှု

သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ၊ ဝါရင့်သတင်းထောက် K V Venkatasubramanian ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကားလမ်း အခြေခံအဆောက်အအုံ မှတဆင့် အိန္ဒိယနိုင်ငံရဲ့ ဆက်သွယ်ချိတ်ဆက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးဟာ နိုင်ငံတိုင်းအတွက် အသက်သွေးကြောဖြစ်ပါတယ်။ ဆက်သွယ်ရေးကွန်ယက်ဟာ တန်းတူညီမျှအရေးကြီးပါတယ်။ နိုင်ငံတနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုဟာ ၎င်းရဲ့ ကုန်ထုတ်လုပ်မှုအပေါ်မှာ မူတည်သလို အဲ့သည့် ကုန်တွေကို ပို့ဆောင်လုပ်ရှားမှုတွေအပေါ်မှာလည်း မူတည်ပါတယ်။ အိန္ဒိယနိုင်ငံလို လူဦးရေထူထပ်တဲ့ နိုင်ငံအတွက် လမ်းပန်းဆက်သွယ်ရေး တည်ဆောက်မှုဟာ အင်မတန်အရေးကြီးပါတယ်။ လမ်းပန်းဆက်သွယ်ရေးဟာ ဆက်သွယ်ရေးနဲ့ ကူးသန်းသွားလာမှုတွေ ချောမွေ့ဖြောင့်ဖြူးဖို့အတွက် လုပ်ဆောင်ပေးပါတယ်။

လမ်းပန်းဆက်သွယ်ရေးကွန်ယက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဟာ အိန္ဒိယနိုင်ငံရဲ့ ကိုယ့်အားကိုယ်ကိုး သို့မဟုတ် “Aatmanirbhar” နိုင်ငံဖြစ်ရေး ရည်မှန်းချက်ကို ဖော်ဆောင်သွားဖို့အတွက် အစိုးရရဲ့ ပြုပြင်ပြောင်းလဲ လုပ်ဆောင်သွားမယ့် မတူညီတဲ့ကဏ္ဍများစွာထဲက တခုအပါအဝင်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံဟာ မှန်မှန်ဘဲ တိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။ ဆက်သွယ်ရေးတွေ တိုးတက်လာပြီး၊ လမ်းပန်းဆက်သွယ်ရေးမှတဆင့် ပို့ဆောင်ရေးတွေဟာလည်း လျင်မြန်စွာတိုးတက်လာမှုဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကဏ္ဍဖြစ်လာပါတယ်။ လမ်းပန်းဆက်သွယ်ရေးဟာ ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို ပေးဝေပြီး၊ ပို့ဆောင်ရေးကို ပိုမိုလွယ်ကူးစေခြင်းနဲ့ လူတွေကို လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်စေပါတယ်။

အိန္ဒိယနိုင်ငံဟာ လမ်းပန်းဆက်သွယ်ရေး အရှည် ကီလိုမီတာပေါင်း ၅.၅ သန်း ခန့်ရှိပြီး ကမ္ဘာပေါ်မှာ အရှည်လျားဆုံး လမ်းပန်းဆက်သွယ်ရေးရှိတဲ့ နိုင်ငံတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ အဲသည့်လမ်းတွေဟာ နိုင်ငံတဝန်းလုံးရှိ အဝေးပြေးလမ်းများ၊ မြို့ပြနှင့် ကျေလက်တောရွာများရှိ လမ်းများလဲပါဝင်ပါတယ်။ နိုင်ငံရဲ့ အဝေးပြေးလမ်းမတွေဟာ စုစုပေါင်း လမ်းအရှည်ရဲ့ ၂% ရှိပြီး၊ ကားသွားလာမှုစုစုပေါင်းရဲ့ ၄၀% ကို ပေးဝေနေတာဖြစ်ပါတယ်။ 

အဝေးပြေးလမ်းမကွန်ယက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အိန္ဒိယနိုင်ငံရဲ့ Bharatmala Pariyojana (Bharatmala စီမံကိန်း) ဟာ အရှည် ၆၆,၁၀၀ ကီလိုမီတာရှိတဲ့ စီးပွားရေးစင်္ကြံန်၊ နယ်စပ်ဒေသနဲ့ ကမ်းရိုးတန်းလမ်းများနဲ့ အမြန်လမ်းမကြီးတွေကို ဖောက်လုပ် တည်ဆောက်သွားဖို့ ရည်ရွယ်ထားပါတယ်။ အဆိုပါလမ်းဖောက်လုပ်ရေး စီမံကိန်းတွေဟာ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်လိုတဲ့ နေရာများကို ပိုမိုလွယ်ကူချောမွေ့စွာနဲ့ ရောက်ရှိစေနိုင်မှာဖြစ်ဘဲဖြစ်ပြီး၊ လမ်းပိတ်ဆို့ခြင်းတွေကို ရှောင်ရှားနိုင်ဖို့အတွက် စီမံတည်ဆောက်ခြင်းတို့ ပါဝင်ပါတယ်။

စီမံကိန်းမှာ ခရိုင်ပေါင်း ၅၅၀ ကို ဆက်သွယ်ပေးမယ့် လေးလမ်းသွား ကားလမ်းလည်းပါဝင်ပြီး၊ ကားမောင်းနှင်မှုအရှိန်ကို ၂၀ % မှ ၂၅% အထိ ပိုမိုအရှိန်မြင့် မောင်းနှင်စေနိုင်မှာဖြစ်ကာ၊ ပို့ဆောင်မှု ကုန်ကျစရိတ်ကို ၅% ၆% အထိ ကျဆင်းသွားစေမှာဖြစ်ပါတယ်။ စီမံကိန်းရဲ့ ပထမအဆင့်ဖြစ်တဲ့ အရှည် ၃၄,၈၀၀ ကီလိုမီတာရှိတဲ့ အဝေးပြေးကားလမ်းဖောက်လုပ်မှုကို ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၂ ဘီလီယံ ရင်းနှီးမြှပ်နှံကာ တည်ဆောက်သွားမှာဘဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်အဝေးပြေးလမ်းမဆိုင်ရာအာဏာပိုင်အဖွဲ့ (NHAI) ဟာ ကားလမ်းအရှည် ၃၉၇၉ ကီလိုမီတာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဖောက်လုပ်တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘဏ္ဍာရေးနှစ်တခုအတွင်းမှာ အဝေးပြေးလမ်းမ အရှည်လျားဆုံး ဖောက်လုပ်ပြီးစီးနိုင်မှုလဲ ဖြစ်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးမှာ ကားလမ်းကွန်ယက်ဟာ အဓိကလွှမ်းမိုမှုရှိတဲ့ အရာကို နားလည်အသိအမှတ်ပြုတာနဲ့အညီ၊ အစိုးရဟာ နိုင်ငံတဝှမ်း အရည်အသွေးမြင့်မားတဲ့ ကားလမ်းတွေကို ဖောက်လုပ်နေပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံဟာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ ဖြစ်ပါတယ်။

နိုင်ငံတော် အဝေးပြေးလမ်းမ အခြေခံအဆောက်အုံဟာ ဆက်သွယ်မှုတွေကို တိုးမြှင့်စေပေး၊ လျင်မြန်စွာသယ်ယူပို့ဆောင်နိုင်စေခြင်းနဲ့ လူမှု-စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို ပိုမိုကြီးထွားစေမှာ ဖြစ်ပါတယ်။

ဗဟိုအစိုးရ လမ်းပန်းဆက်သွယ်ရေးနဲ့ အဝေးပြေးလမ်းမများဆိုင်ရာဝန်ကြီး Nitin Gadkari ဟာ သြဂုတ်လ ၂၅ ရက်နေ့မှာ Madhya Pradesh ပြည်နယ်အတွင်း အဝေးပြေးလမ်းဖောက်လုပ်ရေး စီမံကိန်း ၂၆ ခုကိုဖွင့်လှစ်ပေးခဲ့ပြီး၊ စီမံကိန်း ၁၉ ခုကို အခြေခံအုတ်မြစ် ချပေးခဲ့ပါတယ်။ အဲသည့် စီမံကိန်း လုပ်ဆောင်မှုဟာ ကားလမ်းအရှည် ၁၃၆၁ ကီလိုမီတာကို ဖောက်လုပ်သွားမှာဘဲဖြစ်ပါတယ်။ အဲသည့် ကားလမ်းတွေဟာ ဆက်သွယ်ရေးတွေကို ပိုမိုတိုးတက်စေပြီး၊ စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင်များကို ဖန်တီးပေးပြီး၊ ချုံပြီးပြောရမယ်ဆိုရင် Madhya Pradesh ပြည်နယ်ကို တိုးတက်ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။

Chambal အမြန်လမ်းမကို ဖောက်လုပ်ဖို့အတွက် ဗဟိုအစိုးရဟာ Madhya Pradesh ပြည်နယ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ အဲသည့်လမ်းဖောက်လုပ်မှု ပြီးစီးသွားပါက Madhya Pradesh ၊ Rajasthan နဲ့ Uttar Pradesh ပြည်နယ်တွေက နယ်စွန်နယ်ဖျားဒေသတွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ကြီးမားတဲ့ ပြောင်းလဲမှုကို ယူဆောင်ပေးလာနိုင်မှာဘဲဖြစ်ပါတယ်။ အဲသည့်ကားလမ်းဟာ Golden Quadrilateral စီမံကိန်းရဲ့ Delhi- Kolkata စင်္ကြံန်၊ မြောက်ပိုင်း-တောင်ပိုင်း စင်္ကြံန်၊ အရှေ့ပိုင်း-အနောက်ပိုင်း စင်္ကြံန်နဲ့ Delhi-Mumbai အမြန်လမ်းမတွေကို ဆက်သွယ်ပေးသွားမှာဘဲ ဖြစ်ပါတယ်။ အဲသည့်စီမံကိန်းဟာ စီမံကိန်းတလျှောက်ရှိ ခရိုင်များနဲ့ ဒေသများက လူတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးသွားမှာဘဲဖြစ်ပါတယ်။

Delhi ၊ Kolkata ၊ Chennai နဲ့ Mumbai မြို့တို့ကို ဆက်သွယ်ပေးတဲ့ Golden Quadrilateral စီမံကိန်းကို ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Atal Bihari Vajpayee က စတင်ခဲ့တာဖြစ်ပါတယ်။ အစိုးရဟာ ကားလမ်းအခြေခံအဆောက်အအုံတည်ဆောက်မှုကို ပိုမိုပြည့်စုံအောင်နဲ့ ဘက်ပေါင်းစုံပါဝင်ရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ အဲသည့် စီမံကိန်းဟာ ရထားလမ်းတွေ ကားလမ်းများနဲ့သော်လည်းကောင်း၊ ကားလမ်းတွေဟာ ပင်လယ်ဆိပ်ကမ်းအထိနဲ့ ဆိပ်ကမ်းကနေ လေဆိပ်အထိ ဆက်သွယ်ပေးနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

အဲသည့် ဒေသအတွင်း ဆက်နွယ်ချိတ်ဆက်မှုတွေဟာ၊ ရထားလမ်းနဲ့ ကားလမ်းအကြား၊ လေဆိပ်နဲ့ ပင်လယ်ဆိပ်ကမ်းအကြား၊ ရထားဘူတာရုံနဲ့ ဘတ်စ်ကားဂိတ်တို့အကြား ဆက်သွယ်နိုင်အောင် ချိတ်ဆက်ပေးထားပါတယ်။ ဆက်သွယ်ချိတ်ဆက်မှုတွေဟာ ဟိမဝန္တာတောင်ထိပ်တွေကနေ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းစုများရဲ့ ပင်လယ်ဆိပ်ကမ်းအထိ ပေါက်မြောက်ခဲ့ပါတယ်။

အဲသည့်ချိတ်ဆက်မှုတွေနဲ့အတူ အိန္ဒိယနိုင်ငံဟာ ကမ်းရိုးတန်းဒေသအတွင်း အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဓိက အာရုံစိုက်တာကတော့ ပင်လယ်ကမ်းရိုးတန်းဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးကြီးဆုံးဖြစ်တာနဲ့အညီ လေးလမ်းသွားကားလမ်းကို အကောင်းဆုံးနည်းပညာများကို အသုံးပြုပြီး ကမ်းရိုးတမ်းတလျှောက် ဖောက်လုပ်သွားဖို့ဘဲဖြစ်ပါတယ်။ NHAI ဟာ ပင်လယ်ကမ်းရိုးတန်း ဆက်သွယ်ချိတ်ဆက်မှုကို တိုးမြှင့်ပေးနိုင်မယ့် ကားလမ်းအရှည် ၁၅၀၀ ကီလိုမီတာ ဖောက်လုပ်ရေး စီမံကိန်းကို ချမှတ်ထားပါတယ်။ ပင်လယ်ကမ်းရိုးတန်း အခြေခံ အဆောက်အအုံဟာ နိုင်ငံရဲ့ လုံခြုံရေးကိုလည်း ပိုမိုအားကောင်းခိုင်မာစေမှာဖြစ်ကြောင်း ဆောင်းပါးရှင် K V Venkatasubramanian ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”