အရှိန်မြှင့်လာနေတဲ့ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ
သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ JNU တက္ကသိုလ်မှ VC နှင့် Rector ၊ ပါမောက္ခ Chintamani Mahapatra ဝေဖန်ရေးသားပေးပို့ထားတဲ့ “အရှိန်မြှင့်လာနေတဲ့ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုက ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၂၀၀ ကျော်က ဘီလီယံနဲ့ချီရှိတဲ့လူတွေရဲ့ နေ့စဉ်သွားလာလှုပ်ရှား ဆက်ဆံရေး၊ အထူးသဖြင့် စီးပွားရေးအခြေအနေတွေကို ထိုခိုက်စေခဲ့ပါတယ်။ သိသာထင်ရှားစွာပါဘဲ ကပ်ရောဂါဆိုးကြီး ကျရောက်မှုက အချိန်မှန် ရွေးကောက်ပွဲကျင်းပမှုက အစိုးရအုပ်ချုပ်ရေးစနစ်အတွက် အင်မတန်အရေးကြီးအရာအဖြစ် ရှိနေတဲ့ ဒီမိုကရက်တစ်နိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထိခိုက်စေခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်အကြွယ်ဝဆုံး၊ အင်အားအကြီးဆုံးနဲ့ အခိုင်မာဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနိုင်ငံဟာလည်း ကပ်ရောဂါဆိုးကြီးကျရောက်မှုကြောင့် နိုင်ငံရေးလုပ်ငန်းစဉ်များကို နှောင့်နှေးကြည့်ကြာစေမှုများအပါအဝင် ထိခိုက်မှုများစွာကို တွေ့ကြုံနေရပါတယ်။
အမေရိကန်နိုင်ငံသားတွေဟာ လေးနှစ်တကြိမ် သမ္မတသစ်ကို မဲပေးရွေးချယ်ရပါတယ်။ အများအားဖြင့် နိုင်ငံသားတွေကို လက်ရှိသမ္မတကို နောက်ထပ်လေးနှစ် ဒုတိယ သက်တမ်းအတွက် မဲပေးရွေးချယ်လေ့ရှိကြပါတယ်။ ဒီကနေ့အချိန်မှာ ကြီးမားတဲ့ မေးခွန်းမေးစရာ ထွက်ပေါ်လာတာကတော့ လာမယ့်ရွေးကောက်ပွဲကို ချောချောမောမော ကျင်းပနိုင်မလားဆိုတာနဲ့၊ လက်ရှိသမ္မတ Donald Trump ပြန်ပြီး အရွေးခံရမလား ဆိုတာဘဲဖြစ်ပါတယ်။
လာမယ့်နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲဟာ တခြားနှောက်ယှက်မယ့်အကြောင်းအရာတွေ မရှိဘဲ ချောချောမောမော ကျင်းပသွားနိုင်မှာဘဲဖြစ်ပါတယ်။ COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် Lockdown တွေ ချမှတ်ခဲ့ရခြင်း၊ ပြန်ပြီးဖွင့်ပေးခဲ့ခြင်းနဲ့ လူအများစုရုံးတဲ့နေရာတွေမှာ ရောဂါကူးစက်ပျံ့ပွားမှာကို စိုးရိမ်ရခြင်း၊ မဲဆွယ်စည်းရုံးရန်ခက်ခဲစေခဲ့ခြင်းနဲ့ လူထုစည်းဝေးပွဲပြုလုပ်ရန် ခက်ခဲခြင်းတို့က အမေရိကန်နိုင်ငံရဲ့ အဓိကပါတီတွေအတွက် အရေးကြီးတဲ့ သမ္မတလောင်း မဲပေးရွေးချယ်ခြင်းနဲ့၊ ပါတီရဲ့အစည်းအဝေးပွဲတွေ ကျင်းပပြုလုပ်သွားဖို့ စတာတွေကို ထိခိုက်နှောင့်ယှက်မှု ဖြစ်စေခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကန် ပါတီတို့ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွေဟာ နောက်ဆုံးမှာတော့ ၎င်းတို့ရဲ့ သမ္မတလောင်းတွေကို ရွေးချယ်အတည်ပြုနိုင်ခဲ့ပြီး အခမ်းအနားကြီးတွေ ကျင်းပခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီအတွက်ကတော့ သမ္မတ Donald Trump ဟာ သေချာပေါက် အခက်အခဲမရှိ လွယ်ကူစွဲဘဲ ရွေးချယ်ခံရမှာဖြစ်ပြီး၊ ၎င်းရဲ့ မဲဆွယ်စည်းရုံးဟောပြောမှုကို အမေရိကန်နိုင်ငံသား မဲဆန္ဒရှင် သန်းပေါင်းများစွာနဲ့ တကမ္ဘာလုံးက စောင့်ကြည့် ကြည့်ရှုကြမှာဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံက ဒုသမ္မတဟောင်းဖြစ်တဲ့ သမ္မတလောင်း Joe Biden ကို အတည်ပြုခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ကိုယ်စားလှယ်တွေဟာ Milwaukee နဲ့ Wisconsin မှာ စုရုံးပြီး လေးနှစ်တစ်ကြိမ်သာကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ဖို့ ဖြစ်သော်လည်း သည်နှစ်မှာတော့ လုပ်ဆောင်နိုင်ခွင့် မရရှိခဲ့ပါဘူး။ အမေရိကန်နိုင်ငံ အထက်လွှတ်တော် ဆီးနိတ်အမတ် Joe Biden ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ပါတီက အတည်ပြုလိုက်ပြီး၊ ဆီးနိတ်အမတ် Kamala Harris ကို ပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် အတည်ပြုလိုက်ပါတယ်။
အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်ပျံ့ပွားမှုကြောင့် ကမ္ဘာပေါ်မှာ ထိခိုက်မှု အဆိုးရွားဆုံး ခံရတဲ့နိုင်ငံဖြစ်ပါတယ်။ လက်ရှိအမေရိကန်အုပ်ချုပ်ရေး အစိုးရရဲ့ ကပ်ရောဂါကျရောက်မှုအား ကိုင်တွယ်ပုံနဲ့ အမေရိကန် လူမှုအသိုင်းအဝိုင်းများကြား သဘာထားကွဲလွှဲမှုတွေ ဖြစ်ပွားနေတာက အမေရိကန်နိုင်ငံသားတွေကို စိတ်ပျက်စေပါတယ်။ ပိုပြီးအရေးကြီးတာက နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေ ကြီးထွားလာတာနဲ့အတူ စီးပွားရေးတိုးတက်မှုမှာလည်း အနှုတ်လက္ခဏာ ပြလာခြင်းဘဲဖြစ်ပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စနစ်နဲ့ အခြေခံအဆောက်အအုံဟာလည်း အားနည်းနေကြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားတဲ့ ကာလမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားလာမှာကို တိုက်ဖျက်သွားဖို့အတွက် အကြံပေးခဲ့တဲ့အချိန်တုန်းက အစိုးရအထက်ပိုင်း အရာရှိတွေက အရေးတယူမရှိခဲ့တာကလည်း အုပ်ချုပ်ရေးပိုင်းမှာ အားနည်းမှုတွေကို ဖော်ပြသလိုဖြစ်စေခဲ့ပါတယ်။ အသားအရောင်ခွဲခြားမှု ပြဿနာကလည်း နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့နေပြီး၊ ဒါဟာ လက်ရှိအမေရိကန်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စိုးရိမ်မှုတွေထဲမှာ ထပ်ဖြည့်လိုက်တဲ့ ကိစ္စဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး မူဝါဒ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအတွက် စိုးရိမ်ကြောင့်ကြမှု၊ စီးပွားရေးနဲ့ ကပ်ရောဂါကူးစက်ပျံ့ပွားမှုတွေကို ကိုင်တွယ်ပုံစတဲ့ အချက်တွေဟာ အမေရိကန်အတိုက်အခံပါတီရဲ့ ဝေဖန်ထိုးနှက်တိုက်ခိုက်မှုမှာ အဓိကပြောဆိုတဲ့ ကိစ္စတွေဖြစ်လာပါတယ်။ လက်ရှိဆန္ဒသဘောထား ကောက်ယူမှုစာရင်းဇယားမှာ Joe Biden ဟာ ၄% သာလွန်ပြီး ဦးဆောင်နေပါတယ်။
လေးနှစ်တစ်ကြိမ် အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ ကျရောက်တိုင်း အိန္ဒိယနိုင်ငံသားတွေဟာလည်း အိန္ဒိယနိုင်ငံအတွက် ဘယ်သူက ပိုမိုကောင်းမွန်တဲ့ သမ္မတဖြစ်မလဲဆိုတာကို ပြောဆိုဆွေးနွေးငြင်းခုန်နေကြဖြစ်ပါတယ်။ ဒါကတော့ သဘာဝဘဲဖြစ်ပါတယ်၊ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ အဓိကပါတီတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် ပါတီတွေရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေရှိနေတဲ့ အရာက အိန္ဒိယနိုင်ငံမှာ ဘယ်ပါတီဖက်ကို ပိုပြီး အလေးသာသလဲဆိုတဲ့ လက်ခံယုံကြည်မှုတွေအတိအကျမရှိကြောင်း ဖော်ပြနေပါတယ်။
ဆီးနိတ်အမတ် Kamala Harris ဟာ ပထမဦးဆုံး အိန္ဒိယအနွယ်ဝင် ဒုသမ္မတလောင်း ဖြစ်လာပါတယ်။ ဒါဟာ ထုံးစံအရ လာမယ့်အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအပေါ် အိန္ဒိယပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ကြီးမားစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်လက်ပူးပေါင်းလုပ်ကိုင်ရေးမူဝါဒကို အမေရိကန်နိုင်ငံမှာ ပါတီနှစ်ခုစလုံးရဲ့ ထောက်ခံမှုဟာ မှန်မှန်ကြီးထွားလာနေခဲ့ပါတယ်။ တကယ်လို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ သမ္မတအိမ်ဖြူတော်အတွင်း အုပ်ချုပ်ရေးအဖွဲ့ ပြောင်းလဲသွားခဲ့ရင်လည်း အင်ဒို-အမေရိကန် ဆက်ဆံရေး အခြေခံရပ်တည်ချက်တွေဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
လက်ရှိအမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲဆိုင်ရာ ငြင်းခုန်ပြောဆိုမှုတွေမှာ Donald Trump နဲ့ Joe Biden တို့ နှစ်ဦးစလုံးဟာ တရုတ်နိုင်ငံအပေါ် ပိုပြီးတင်းကြပ်စွာ ဆက်ဆံသွားဖို့ အပြိုင်အဆိုင်ပြောဆိုနေပါတယ်။ ၎င်းတို့နှစ်ဦးစလုံးဟာ အင်ဒို-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးဆက်လက် တည်မြဲနေစေဖို့အတွက် အိန္ဒိယနိုင်ငံနဲ့ ဘယ်လိုနည်းနဲ့ ပိုမို ပူးပေါင်းလုပ်ဆောင်သွားမှာကို ထပ်တလဲလဲ ပြောဆိုခဲ့ကြောင်း ဆောင်းပါးရှင် ပါမောက္ခ Chintamani Mahapatra ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment