အရှိန်အဟုန်မြှင့်မားလာနေတဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်နွယ်မှု

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ IDSA မှ သုတေသနပြုလုပ်သူ Dr Smruti S Pattanaik ဝေဖန်ရေးသားပေးပို့ထား “အရှိန်အဟုန်မြှင့်မားလာနေတဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်နွယ်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။ ၎င်းဟာ ဝန်ကြီးချုပ် Narendra Modi ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheik Hasina အတွက် ပါးလိုက်တဲ့ သတင်းကိုလည်းယူဆောင်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ကို ဝန်ကြီးချုပ် Hasina က သူမကိုယ်တိုင် တွေ့ဆုံခဲ့ပါတယ်။ COVID-19 ကူးစက်ပျံ့ပွားနှံ့မှု ကပ်ရောဂါဖြစ်ပွားလာခဲ့တဲ့နောက်ပိုင်း ၎င်းဟာ ဝန်ကြီးချုပ် Hasina က ပထမဦးဆုံး လက်ခံတွေ့ဆုံတဲ့ နိုင်ငံခြားသံတမန်တဦးလည်းဖြစ်ပါတယ်။ နယူးဒေလီနဲ့ ဒါကာ အစိုးရတို့၏ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဆွေးနွေးပွဲတွေဟာ လွန်ခဲ့သောလများက အွန်လိုင်းပေါ်ကတဆင့်သာ လုပ်ဆောင်နေခဲ့တာပါ။ ကပ်ရောဂါကျရောက်မှုကြောင့် တောင်အာရှနိုင်ငံဟာ စီးပွားရေး အကြီးအကျယ်ထိခိုက်နေခဲ့ပြီး၊ နိုင်ငံခြားရေးအတွင်းဝန်ရဲ့ သွားရောက်လည်ပတ်မှုဟာ သိသာထင်ရှားတဲ့ ကိစ္စဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ ၎င်းရဲ့ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ၊ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ ဝန်ကြီး Shahriar Alam နဲ့ နိုင်ငံခြားရေးအတွင်းဝန် Masud Bin Momen တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့အကြား နာရီပိုင်းကြာ တွေ့ဆုံဆွေးနွေးမှုအတွင်း၊ တည်ရှိနေပြီးသားဖြစ်တဲ့ ဆက်နွယ်မှုတွေနဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေကို ဘယ်လိုနည်းလမ်းနဲ့ ပြန်ပြီးစတင်မယ်၊ COVID-19 ကုသ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် တိုးတက်မှုအခြေအနေများကို နှစ်ဦးနှစ်ဖက် အပြန်အလှန် အသိပေးဖို့နဲ့၊ ဆက်လက်ကျင်းပနေတဲ့ Mujib Borsho အခမ်းအနားကို ပူးပေါင်းပြီး ဘယ်လိုအဆုံးသပ်မယ်ဆိုတာတွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ နှစ်နိုင်ငံစလုံးတွေ့ကြုံနေရတဲ့ စီးပွားရေးအခက်အခဲ စိန်ခေါ်မှုတွေကို COVID-19 ကာလအလွန်မှာ ဘယ်လိုရင်ဆိုင်သွားကြမယ် ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးများအဆင့် ပါဝင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အိန္ဒိယနိုင်ငံက ထောက်ပံ့ပေးထားတဲ့ စီမံကိန်းပေါင်းစုံနဲ့ နှစ်နိုင်ငံဆက်ဆံရေးက ကဏ္ဍပေါင်းစုံကို သုံးသပ်တဲ့ ပူးတွဲအတိုင်ပင်ခံကောင်စီကို ပြန်လည်စတင်ဖို့ အိန္ဒိယနိုင်ငံက တင်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် လုပ်ငန်းစဉ်တွေကို ပြန်လည်စတင်နိုင်ဖို့အတွက် အွန်လိုင်းပေါ်ကတဆင့် တွေ့ဆုံဆွေးနွေးဖို့ အိန္ဒိယနိုင်ငံဖက်က တင်ပြတောင်းဆိုထားပါတယ်။ နှစ်နိုင်ငံအကြား စီးပွားရေးသမားများ၊ အစိုးရအရာရှိများ အပြန်အလှန်လာရောက်ဖို့နဲ့ အိန္ဒိယနိုင်ငံအတွင်း ဆေးကုသလိုသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအတွက် နှစ်နိုင်ငံသီးသန့်လေကြောင်းခရီးစဉ် ‘air bubble’ အစီအစဉ်ကို ဖန်တီးဖို့အတွက်လည်း အိန္ဒိယနိုင်ငံဖက်က တင်ပြတောင်းဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ကုသဖို့အခြေအနေများနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က တင်ပြဆွေးနွေးခဲ့ပါတယ်။ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဒါကာအစိုးရဟာ ယင်းကိစ္စနဲ့ပတ်သက်ပြီး တခြားနိုင်ငံများနဲ့လည်း ပြောဆိုဆွေးနွေးနေပါတယ်။

COVID-19 ကြောင့် ထိခိုက်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေကို အိန္ဒိယဟာ လွန်ခဲ့တဲ့ ဇွန်လိုင်လကစပြီး ပုံမှန်ပြန်လည်လည်ပတ်နိုင်ဖို့ အဆင့်ဆင့် လုပ်ဆောင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကြောင့် ၂ လ ကျော် ပိတ်ထားခဲ့တဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို နှစ်နိုင်ငံတို့ဟာ ဇွန်လမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၎င်းရဲ့ ကူညီထောက်ပံ့မှု အစီအစဉ်အရ ဒီဇယ်ဆီသုံး မီးရထားစက်ခေါင်း ၁၀ ခေါင်းကို ပေးပို့ခဲ့ပါတယ်။ ဇူလိုင်လအတွင်းမှာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးမှာ ပထမဦးဆုံး လုပ်ဆောင်ခဲ့တဲ့အရာ အများအပြားရှိခဲ့ပြီး၊ ကာလကတ္တားမြို့မှ Agartala မြို့နှင့် Karimganj မြို့သို့ Chittagong ဆိပ်ကမ်းမှတဆင့် ကွန်တိန်နာတင်သည့် သင်္ဘောကို နှစ်ပေါင်း ၅၅ နှစ်ကြာ ရပ်နားခဲ့ပြီးနောက်ပိုင်း၊ ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ်မောင်းနှင်သွားရောက်ခဲ့ပြီး၊ သံမဏိဘားများနဲ့ ပဲအမျိုးမျိုးပါဝင်တဲ့ ကြီးမာတဲ့ကုန်စည်ကို တင်ဆောင်ခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ်အဖြစ် Andhra Pradesh ပြည်နယ်ရှိ Guntur မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Benapole သို့ ငရုပ်သီးများနဲ့ အထည်များကို တင်ပို့ခဲ့ပါတယ်။ ပါဆယ်တင်သည့် ကားများနှင့် ကုန်တင်ကားများမှာ တည်ရှိနေပြီဖြစ်တဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ထပ်လောင်းဖြည့်ဆည်းလိုက်ပါတယ်။

ဒါကာအစိုးရရဲ့ အဓိကစိုးရိမ်မကင်းဖြစ်ရတဲ့ အရာတွေထဲက တခုဟာ နိုင်ငံအတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရှိနေခြင်းဘဲဖြစ်ပါတယ်။ အဲသည့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ရှိနေတဲ့အတွက် ဒေသအတွင်း ပိုမိုကြီးမားတဲ့ လုံခြုံရေးဆိုင်ရာ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ဒါကာအစိုးရက အချိန်အတော်အတန်ကြာ ပြောဆိုတင်ပြထားပြီး အိန္ဒိယနိုင်ငံရဲ့ အာရုံစိုက်မှုကို ရရှိလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကောင်းမွန်တဲ့ ဆက်သွယ်ရေးရုံးကတဆင့် မြန်မာနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံဖို့အတွက် နားချဖို့ ဒါကာအစိုးရက အိန္ဒိယနိုင်ငံကို တောင်းဆိုထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒါကာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံပြီး၊ မြန်မာအစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့လိုအပ်ကြောင်း ထုတ်ပြန်ကြေညာချက်အမျိုးမျိုးထုတ်ပြန်ခဲ့ပါတယ်။ နယူးဒေလီအစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်များကို ၎င်းတို့ရဲ့နေရပ်သို့ လုံခြုံစွာနဲ့ သိက္ခာရှိစွာ အစောဆုံး ပြန်လည်ပို့ဆောင်သွားဖို့အတွက် ထောက်ခံခဲ့ပါတယ်။ ၎င်းတို့ နေရပ်ပြန်သွားရေးကို ထောက်ခံသည့်အနေဖြင့် အိန္ဒိယအစိုးရဟာ မြန်မာအစိုးရနှင့် သဘောတူထားချက်တွေထဲက အစိတ်အပိုင်းတချို့အရ အသင့်ဆောက်လုပ်ထားတဲ့ နေအိမ်အလုံးပေါင်း ၂၅၀ ကို ပေးအပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Insaniyat စီမံကိန်းအောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း အကူအညီများ ပေးပို့ခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးဟာ ရွှေခေတ် (shonali adhyay) ဖြစ်ကြောင်း ဝန်ကြီးချုပ် Narendra Modi ရဲ့ သတ်မှတ်ပြောဆိုမှုနဲ့ ဒေသအတွင်း စံပြဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar တို့ရဲ့ ပြောကြားချက်တွေဟာ အံ့သြစရာတော့မဟုတ်ပါဘူး။ အဲသည့် သဘောထား ခံစားချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကလည်း ပြန်လည်တုန့်ပြန်ခဲ့ပြီး၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ဆက်နွယ်မှုဟာ သမိုင်းတွင်သော၊ ကျောက်ဆောင်ကဲ့သို့ ခိုင်ခံ့ပြီး သွေးသားတော်စပ်သကဲ့သို့သော ဆက်ဆံရေးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောကြားခဲ့ပါတယ်။ COVID-19 ကာလအတွင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်လည်ပတ်မှုဟာ နှစ်နိုင်ငံဆက်နွယ်မှုတွေကို ပိုမိုခိုင်ခံ့စေခဲ့ခြင်းသာ ဖြစ်ပါကြောင်း ဆောင်းပါးရှင် Dr Smruti S Pattanaik ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”