သိသာထင်ရှားစွာကြီးထွားလာနေတဲ့ အိန္ဒိယ-ဥဇဘက်ကစ္စတန် ဆက်ဆံရေး

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ CIS မှ နည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Athar Zafar ဝေဖန်ရေးသားထားတဲ့ “သိသာထင်ရှားစွာကြီးထွားလာနေတဲ့ အိန္ဒိယ-ဥဇဘက်ကစ္စတန် ဆက်ဆံရေး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံံ တင်ပြသွားမှာဖြစ်ပါတယ်။

အိန္ဒိယနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်ဖို့အတွက် နှစ်နိုင်ငံတို့ရဲ့ ပထမဦးဆုံး အမျိုးသားညှိနှိုင်းရေးကော်မတီ အစည်းအဝေးပွဲကို ယခုအပတ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲသည့်ကော်မတီဖွဲ့စည်းထားတဲ့ အဓိကရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံအကြား ပူးပေါင်လုပ်ကိုင်သွားကြဖို့ သဘောတူထားတဲ့ စီမံကိန်းတွေရဲ့ လုပ်ကိုင်ဖော်ဆောင်မှု အခြေအနေတွေကို လေ့လာဆန်းစစ်သွားဖို့ဘဲ ဖြစ်ပါတယ်။ အစည်းအဝေးပွဲကို အိန္ဒိယအစိုးရ ပြည်နယ်များ၏ နိုင်ငံခြားရေးဝန်ကြီး V. Muraleedharan နှင့် ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နှင့် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်ဆံမှုဆိုင်ရာဝန်ကြီး Sardor Umurzakov တို့က ပူးတွဲကြီးမှူးကာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါအစည်းအဝေးပွဲကို ကျန်းမာရေးအခြေအနေနဲ့ ခရီးသွားလာဖို့ ခက်ခဲတဲ့အခြေအနေကြောင့် အွန်လိုင်းပေါ်ကတဆင့် ကျင်းပခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံတို့ဟာ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်မှု အခြေအနေတွေကို လေ့လာသုံးသပ်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။ အစည်းအဝေးပွဲမှာ နှစ်နိုင်ငံရင်းနှီးမြှပ်နှံရေးအတွက် သဘောတူစာချုပ်၊ အဓိကဦးစားပေး ကုန်သွယ်ရေးအတွက် သဘောတူစာချုပ်၊ စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဘုံစျေးကွက် ဖြန့်ချိနိုင်ရေး၊ အိန္ဒိယနိုင်ငံရဲ့ ချေးငွေဖြင့်လုပ်ဆောင်နေသည့် စီမံကိန်းများ ဖော်ဆောင်နေမှုများကို ဖော်ထုတ်ဆန်းစစ်ခြင်း၊ Gujarat ပြည်နယ်နှင့် ဥဇဘက်ကစ္စတန်မှ Andijan ဒေသတို့အကြား ပူးပေါင်းလုပ်ဆောင်မှုနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံ Tashkent မြို့ရှိ အိန္ဒိယ-ဥဇဘက်ကစ္စတန် စီးပွားရေးစွမ်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အကောင်အထည်ဖော်နေမှုတို့ကို ဆန်းစစ်ရန် ညှိနှိုင်းလုပ်ဆောင်သွားဖို့အတွက်လည်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဦးနှစ်ဖက်တို့ဟာ စီမံကိန်းပေါင်းစုံတို့ရဲ့ တိုးတက်မှုအခြေအနေတွေကို ကြေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး၊ စီမံကိန်းများကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနဲ့ တိုးချဲ့ခြင်းတို့ဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးကို ပိုမိုမြှင့်တင်ပေးသွားနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ 

အလယ်အာရှဒေသပိုင်းကနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး၊ ၎င်းရဲ့ ပထဝီရေးရာအနေအထားနဲ့ လူဦးရေအရ ဥဇဘက်ကစ္စတန်နိုင်ငံဟာ အဲသည့်ဒေသမှာ အရေကြီးသည့် နေရာကို ရယူထားပါတယ်။ နိုင်ငံရဲ့ လူဦးရေဟာ ၃၂ သန်းရှိပြီး အဲသည့်ဒေသတခုလုံးက စုစုပေါင်း လူဦးရေရဲ့ ထက်ဝက်ခန့်ရှိပါတယ်။ အိန္ဒိယနဲ့ ဥဇဘက်ကစ္စတန်တို့အကြား ကာလရှည်လျားတဲ့ ဆက်ဆံရေးရှိပြီး၊ ကဏ္ဍပေါင်းစုံတို့မှာ ယဉ်ကျေးမှုစရိုက်များကို အပြန်အလှန် မျှဝေထားကြပါတယ်။ နှစ်နိုင်ငံတို့ဟာ မဟာဗျူဟာမြောက် လုပ်ကိုင်ဖက်ဖြစ်ပြီး၊ မကြာသေတဲ့နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးဟာ သိသိသာသာဘဲ ကြီးထွားလာခဲ့ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ ဥဇဘက်ကစ္စတန်နိုင်ငံကို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာ သွားရောက်လည်ပတ်ခဲ့ပြီး၊ ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတက Shavkat Mirziyoyev ကလည်း အိန္ဒိယနိုင်ငံကို ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာ လာရောက်လည်ပတ်ခဲ့ပါတယ်။ ဥဇဘက်ကစ္စတန်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံ တက်ရောက်ပါဝင်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ အိန္ဒိယ-ဗဟိုအာရှ နိုင်ငံခြားရေးဝန်ကြီးများရဲ့ တွေ့ဆုံဆွေးနွေးပွဲကို သမိုင်းဝင်အဖြစ် ပထမဦးဆုံး လက်ခံကျင်းပခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းလုပ်ကိုင်မှုတွေကလည်း ကြီးထွားလာခဲ့ပါတယ်။ သူပုန်များကို တန်ပြန်စစ်ဆင်ရေးအတွက် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ Dustlik-2019 ဟု အမည်ပေးထားတဲ့ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲသည့် စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ၎င်းဥဇဘက်ကစ္စတန်နိ်ုင်ငံကို သွားရောက်လည်ပတ်နေစဉ် ဖွင့်လှစ်ပေးခဲ့ပြီး၊ သူ့ရဲ့အလည်အပတ်ခရီးစဉ်ဟာ ဥဇဘက်ကစ္စတန်နိုင်ငံကို လွန်ခဲ့သော ၁၅ နှစ်အတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးတဦးတယောက်မှ သွားရောက်ခြင်းမရှိသည့်နောက် ပထမဦးဆုံးသွားရောက်မှုလည်းဖြစ်သည်။ ၎င်းရဲ့ခရီးစဉ်အတွင်း စစ်ဖက်ဆိုင်ရာ ပညာရေးနဲ့ ဆေးဝါးတို့နဲ့ပတ်သက်တဲ့ နှစ်နိုင်ငံသဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အိန္ဒိယနဲ့ ဥဇဘက်ကစ္စတန် နှစ်နိုင်ငံစလုံးတို့ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်တွေဖြစ်ပြီး၊ Tashkent မြို့ဟာ SCO ရဲ့ ဒေသအတွင်းအကြမ်းဖက်သမားများအား ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့အစည်း (RATS) ရဲ့ ဌာနချုပ်လည်းဖြစ်ပါတယ်။ 

နှစ်နိုင်ငံဆက်ဆံရေးအဆင့်မှာ နိုင်ငံရေးနဲ့ တိုးမြှင့်လာနေတဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ စီးပွားရေးဆက်ဆံမှုတွေနဲ့ တန်းတူဖြစ်ရပါမယ်။ နှစ်နိုင်ငံအကြား တိုက်ရိုက် ကုန်လမ်းဆက်သွယ်ရေးမရှိတဲ့အတွက် ကုန်သွယ်ရေးကို ထိခိုက်စေပါတယ်။ အိန္ဒိယနိုင်ငံဟာ စီးပွားရေးနိုင်ငံကြီးဖြစ်တာနဲ့အညီ စွမ်းအင်အများအပြား တင်သွင်းရပါတယ်၊ အဲသည့်စွမ်းအင်အရင်းအမြစ်တွေဟာ အလယ်အာရှဒေသ၊ အထူးသဖြင့် ဥဇဘက်ကစ္စတန်မှာ အလျှံပယ်ရှိနေပါတယ်။ Tashkent အစိုးရဟာ အိန္ဒိယနိ်ုင်ငံကို ကုန်သွယ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းလုပ်ကိုင်ဖက်နဲ့ အလားအလာရှိတဲ့ ရင်းနှီမြှပ်နှံတဲ့ နိုင်ငံအဖြစ် ရှုမြင်ထားပါတယ်။ နှစ်နိုင်ငံတို့ဟာ ဘဏ်လုပ်ငန်း၊ သတင်းနှင့်နည်းပညာလုပ်ငန်း၊ ကားထုတ်လုပ်ရေး၊ သတ္တု၊ ဆေးဝါးထုတ်လုပ်ရေးနဲ့ ဓာတုပစ္စည်းထုတ်လုပ်ရေး ကဏ္ဍတို့မှာ ပူးပေါင်းလုပ်ဆောင်မှုတွေကို တိုးချဲ့သွားနိုင်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မှုတွေ မကြာသေးတဲ့နှစ်တွေမှာ တိုးတက်ကြီးထွားလာခဲ့ရင်လည်း၊ COVID-19 ကူးစက်ပျံ့နှံ့မှု ကပ်ရောဂါဟာ နိုင်ငံတကာ စီးပွားရေးလုပ်ဆောင်လည်ပတ်မှုကို ကြီးမားစွာ ထိခိုက်စေခဲ့ပါတယ်။ အိန္ဒိယနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့ဟာ မိမိတို့ရဲ့နိုင်ငံအတွင်း ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေတွေကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီအဖြစ် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ဆေးဝါးပစ္စည်းများကို ဥဇဘက်ကစ္စတန်နိုင်ငံသို့ ပေးပို့ခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ကြီးထွားလာနေတဲ့ ဆက်ဆံရေးဟာ၊ အာဖဂန်နစ္စတန်နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်မှုနဲ့ တောင်အာရှနဲ့ အလယ်အာရှဒေသတို့အကြား ဆက်သွယ်မှုပြတ်တောက်နေတာတွေအပါအဝင် အရေးကိစ္စအများအပြားကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားဖို့အတွက် အခွင့်အရေးတွေကို ရရှိစေခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် ဥဇဘက်ကစ္စတန်နိုင်ငံဟာ အဓိကလုပ်ကိုင်တဲ့ နိုင်ငံအဖြစ် ပါဝင်လာပါတယ်။ ဥဇဘက်ကစ္စတန်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံကဖြတ်ပြီး တောင်အာရှနဲ့ အလယ်အာရှ ကုန်သွယ်ရေးကို လုပ်ဆောင်စေနိုင်မယ့် Mazar-e Sharif ကနေ Heraf အထိ ရထားလမ်းကို ဖောက်လုပ်နေပါတယ်။ အိန္ဒိယနိုင်ငံဟာ Ashgabat စင်္ကြံန်တည်ဆောက်မှုမှာ ပူးပေါင်းလိုက်ပြီး၊ အီရန်နိုင်ငံရှိ Chabahar ဆိပ်ကမ်းတည်ဆောက်မှုမှာလည်း ရင်းနှီးမြှပ်နှံထားပါတယ်။ Chabahar ဆိပ်ကမ်း စတင်လည်ပတ်မှုနဲ့အတူ အပြည်ပြည်ဆိုင်ရာ မြောက်ပိုင်းနဲ့ တောင်ပိုင်း သယ်ယူပို့ဆောင်ရေးစင်္ကြံန် (INSTC) အပြည့်အဝ လည်ပတ်လုပ်ဆောင်နိုင်မှုတို့က ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှုတွေ တိုးတက်ကြီးထွားသွားဖို့ အသင့်ဖြစ်နေပါတယ်။ ဆက်နွယ်ရေးအတွက် အိန္ဒိယနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့ရဲ့ ပူးတွဲကြီးပမ်းမှုတွေဟာ အပြန်အလှန်ကုန်သွယ်ရေး လည်ပတ်မှုအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာမှာဖြစ်ကြောင်း ဆောင်းပါးရှင် Dr. Athar Zafar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။ 

Comments