အာဖဂန် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ဒေသပိုင်းဆိုင်ရာ ဩဇာချိန်ခွင်လျှာ ကစားပွဲတခု ဖြစ်မလာစေရေး



ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် M. K. Tikku ရေးသားပေးပို့ထားတဲ့ ‘အာဖဂန် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ဒေသပိုင်းဆိုင်ရာ ဩဇာချိန်ခွင်လျှာ ကစားပွဲတခု ဖြစ်မလာစေရေး’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အာဖဂန် တာလီဘန်နှင့် အမေရိကန်အစိုးရတို့အကြားစတင်နေတဲ့ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု မျှော်မှန်းချက်တွေဟာ ယခုအခါမှာတော့ ရုပ်လုံးကြွလာဟန် ရှိပါတယ်။ ဒါဟာ ကာဘူးလ်မြို့မှာ ဩဂုတ်လ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ ကိုယ်စားလှယ်ပေါင်းစုံ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ Loya Jirga ကြီးမှာ ကျန်ရှိနေသေးတဲ့ တာလီဘန် အကျဉ်းသား ၄၀၀ ကျော်တို့ကို လွှတ်ပေးဖို့ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ကြတာကြောင့် ပိုမိုသိသာထင်ရှားလာခဲ့ပါတယ်။ အဲဒီမှာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထားတဲ့ ဆွေးနွေးမှုတွေအတွက် နည်းလမ်းပေးသွားလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နှင့် အဲဒီဆွေးနွေးပွဲညီလာခံကြီးက တာလီဘန်တို့ကိုအပေါ် လိုက်လျောပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအစပျိုးချက်တွေကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဒိုဟာမြို့မှာ တာလီဘန်တို့နှင့် အမေရိကန် ပြည်ထောင်စုတို့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ပါ အကြောင်းအရာတွေမှာ တွေ့မြင်နိုင်ပါတယ်။ အဲဒီသဘောတူညီချက်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင်ဖို့အတွက် ကြိုတင်စည်းမျဉ်းသတ်မှတ်ချက်တရပ်အဖြစ် တာလီဘန် အကျဉ်းသားတွေ လွှတ်ပေးဖို့ ဖော်ပြထားပါတယ်။ နောက်ဆက်တွဲအဖြစ်နဲ့တော့ အာဖဂန်အစိုးရဟာ လွန်ခဲ့တဲ့ ၆ လအတွင်းမှာ တာလီဘန်အကျဉ်းသား ၅ ထောင်တို့ကို လွှတ်ပေးခဲ့ပြီး အကျဉ်းသား ၄၀၀ ကျန်ရှိနေခဲ့ပါတယ်။ အဲဒီအကျဉ်းသားတွေဟာ သမ္မတ Ashraf Ghani အကြိမ်ကြိမ် ဖော်ပြနေခဲ့တဲ့အတိုင်း ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ အပြစ်ရှိတာကြောင့် အမှုစစ်ဆေး တရားရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာလည်း တာလီဘန်တို့ဟာ ၎င်းတို့ရဲ့လိုအင် ရရှိခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက် လမ်းရှင်းထားပြီးနောက်ပိုင်းမှာပင် အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာရှည်ခံမယ့် ငြိမ်းချမ်းရေး မျှော်မှန်းချက်ဟာ အလှမ်းဝေးနေဆဲ ဖြစ်သွားနိုင်ပါသေးတယ်။ ဒါဟာ အကြောင်းတရား အသီးသီးတို့ကြောင့်ဖြစ်ပြီး အဲဒီအနက် အခြေခံ အကြောင်းတရားကတော့ အကြမ်းဖက်သမား အုပ်စုတွေရဲ့ ဖော်ပြချက် ကဏ္ဍအမျိုးမျိုးတို့ ဆက်လက်ပါရှိနေမှုဖြစ်ပြီး ဒီအုပ်စုတွေအနက် အများစုတို့ဟာ ပါကစ္စတန်နိုင်ငံပြင်ပမှာ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားအုပ်စုတွေကတဖက်၊ တခြားတဖက်မှာ Al-Qaida နှင့် Islamic State အုပ်စုတို့အကြား အပြန်အလှန် မှီတည်နေတဲ့ဆက်ဆံရေးကို အာဖဂန် နိုင်ငံခြားရေးဝန်ကြီး Mohammed Haneef Atmar ဖော်ပြလိုက်တာထက် ပိုမိုရှင်းလင်းတဲ့အရာ မရှိနိုင်တော့ပါဘူး။ Mr. Atmar က “မိမိတို့ဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တွေကိုသာ တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ နိုင်ငံဖြတ်ကျော်တည်ရှိတဲ့ အကြမ်းဖက်ကွန်ယက်တွေရဲ့ အုပ်စု ၄ ဖွဲ့ရှိတယ်” လို့ ရှင်းလင်းဖော်ပြခဲ့ပါတယ်။ အဲဒါတွေမှာဆိုရင် သူပြောပုံအရတော့ ဒေသတွင်းအခြေခံ အကြမ်းဖက်အုပ်စုတွေ၊ အဲဒီနောက် ဥဇဘက်ကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုနှင့် တာကီစတန် အရှေ့ပိုင်း အစ္စလာမ္မစ် လှုပ်ရှားမှုတို့လို ဒေသပိုင်း အကြမ်းဖက် ကွန်ယက်တွေ ဖြစ်ပါတယ်။ တတိယကဏ္ဍကတော့ Lashkar-e-Taiba နှင့် Jaish-e-Mohammad တို့လို ပါကစ္စတန် အကြမ်းဖက်သမား အုပ်စုတွေ ဖြစ်ပါတယ်။ နောက်ဆုံးအားဖြင့်တော့ Al Qaeda နှင့် Daesh တို့လို နိုင်ငံတကာ အကြမ်းဖက် အုပ်စုတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် စိန်ခေါ်ချက်တွေဟာ အတော်ကြီးမားလှပါတယ်။
အိန္ဒိယနိုင်ငံဟာ အာဖဂန်နစ္စတန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင် နေခဲ့ပါတယ်။ အဲဒီနိုင်ငံအတွင်း ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ လွှတ်တော် အဆောက်အဦတွေနှင့် Salma ရေကာတာတို့ တည်ဆောက်ဖို့ အကူအညီပေးခဲ့ပါတယ်။ အိန္ဒိယဟာ အခက်အခဲဖြစ်နေတဲ့နိုင်ငံအတွင်း အခြေခံအဆောက်အအုံတွေဆောက်လုပ်ဖို့အတွက် ယခုအချိန်အထိ နှစ်ပေါင်းများစွာ ပါဝင်လုပ်ဆောင်နေခဲ့ပြီး နယူးဒေလီအစိုးရကလည်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဒေါ်လာ ၂ ဘီလျံကျော် မြှုပ်နှံထားတာကို နိုင်ငံတကာ အသိုင်းအဝိုင်းတို့က သတိပြုမိကြရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဖဂန်ပြည်သူ ၃ ပုံ ၁ ပုံနီးပါးတို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အထူးသဖြင့်တော့ ဒီနိုင်ငံအတွင်း အခြေချလိုကြတဲ့ ဒေသပိုင်း နိုင်ငံတွေဖြစ်တဲ့ ပြင်ပကမ္ဘာအတွက် များစွာစိုးရိမ်ဖွယ်ရာအဖြစ် မရှုမြင်ကြပါဘူး။ ဒီကာလဟာ ကာလတာရှည် သောကခံစားနေကြရတဲ့ အာဖဂန်ပြည်သူလူထုရဲ့အသံကို ကြားသိရမယ်အချိန် ဖြစ်ပါတယ်။ လူထုဟာ တကယ်ပဲ ထိုက်တန်လှပါတယ်… စသဖြင့် ဆောင်းပါးရှင် M. K. Tikku ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”