အိန္ဒိယနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် ကိုယ့်အားကိုယ်ကိုးနိုင်ရေးအတွက် တာစူလျှက်ရှိ

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Shankar Kumar ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် ကိုယ့်အားကိုယ်ကိုးနိုင်ရေးအတွက် တာစူလျှက်ရှိ’ တဲ့ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
စိုက်ပျိုးမွေးမြူရေးနှင့် ကာကွယ်ရေးတို့အပါအဝင် အဓိကကျတဲ့ ကဏ္ဍပိုင်းတွေမှာ အိန္ဒိယနိုင်ငံရဲ့ ခွန်အားဟာ မိမိကိုယ်တိုင် မီခိုအားကိုးနိုင်ရေးအပေါ်မူတည်ပြီး အဲဒီမျှော်မှန်းချက်နှင့် အစပျိုးလုပ်ဆောင်ချက်တရပ်ကတော့ နိုင်ငံတော်ကို ကမ္ဘာ့ထိပ်တန်းအဆင့်ကို ပေါက်ရောက်စေဖို့ဖြစ်ပါတယ်။ ဒါကို စိုက်ပျိုးမွေးမြူရေး အခြေခံ အဆောက်အဦ ရံပုံငွေကြေးအောက်မှာ ရူပီးငွေ ကုဋေ ၁ သိန်း အထောက်အကူ ပေးအပ်လိုက်တဲ့အခါမှာတော့ ရုပ်လုံးပေါ်လွင်လာခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh ဟာ သတ်မှတ်ချိန်ကာလနောက်ပိုင်းမှာ တင်သွင်းမှုပိတ်ဆီးသွားမယ့် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်း ၁၀၁ မျိုးပါဝင်တဲ့ စာရင်း ၁ ခုကို ကြေညာခဲ့ပါတယ်။ အဲဒီ လုပ်ဆောင်ချက် ၂ ရပ်တို့ဟာ အချိန်များစွာ မကုန်ဆုံးဘဲ၊ ကမ္ဘာ့ အလျင်မြန်ဆုံး ဖွံ့ဖြိုးနေတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုမထိခိုက်စေဘဲ ကိုယ့်နိုင်ငံအပေါ် ကိုယ်တိုင်မီခိုအားထားနိုင်လာဖို့ အိန္ဒိယနိုင်ငံရဲ့ မျှော်မှန်းချက်ထဲမှာ နယ်ပယ်သစ်တရပ်အဖြစ် ပေါ်ပေါက်နေပါတယ်။
စိုက်ပျိုးမွေးမြူရေး အခြေခံ အဆောက်အဦ ရံပုံငွေကြေးအဖြစ် မျှော်ကိုးချက်ကတော့ ဒီကဏ္ဍရဲ့ ထုတ်ကုန်ပစ္စည်းတွေ သိုလှောင်သိမ်းဆည်းပြီး အလေအလွင့် လျော့ပါးစေလျှက် ကုန်ပစ္စည်းတွေ ဈေးကောင်းရောင်းချနိုင်ဖို့အရေး နိုင်ငံရဲ့ တောင်သူလယ်သမား အသိုင်းအဝိုင်းတွေ အခွင့်အလမ်းရရှိနိုင်ကြစေဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အတော်အသင့်ရှိတဲ့ လူဦးရေ ရာခိုင်နှုန်း အတော်များများတို့ဟာ အသက်မွေးဝမ်းကြောင်းအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ်မှာ မီခိုနေရဆဲဖြစ်တာကြောင့် ဒီကဏ္ဍဟာ ကုန်လှောင်ရုံ၊ အအေးပေးစနစ်ကွင်းဆက်နှင့် စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်း ကြီးမားစွာ လမ်းပွင့်လျှက်ရှိပါတယ်။
၂၀၂၀ ခုနှစ်၊ မတ်လမှ ဇွန်လအတွင်း စိုက်ပျိုးမွေးမြူရေး ပြည်ပတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်နှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၃.၂၄% တိုးများခဲ့ပါတယ်။ တောင်သူလယ်သမားတွေနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတို့ဟာ လာမယ့် နှစ်ကာလတွေအတွင်း ကိုယ်တိုင်မီခိုအားထားနိုင်တဲ့ နိုင်ငံဖြစ်လာစေဖို့ အိန္ဒိယနိုင်ငံရဲ့ တွန်းအားတွေထဲမှာ အဓိက မောင်းနှင်အားတွေ အသေအချာ ရှိနေကြပါတယ်။
အလားတူပဲ အိန္ဒိယနိုင်ငံဟာ ကာကွယ်ရေးကဏ္ဍမှာ ဖြည့်ဆည်းမှုတို့အပါအဝင် အရေးပါတဲ့ နည်းပညာပိုင်းမှာ ကိုယ်တိုင်မီခိုအားထားနိုင်ဖို့ လုပ်ဆောင်နေသလို ကာကွယ်ရေး ဝန်ကြီးဌာနဟာ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့အကြားမှာ ကဏ္ဍပိုင်းအလိုက်အားဖြင့် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်း တင်သွင်းမှု ၁၀၁ မျိုးတို့ကို ပိတ်ဆီးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးအဖြစ် ဒီလိုလုပ်ဆောင်ချက်တွေကို မိမိတို့ကိုယ်ပိုင် ပုံဖော်တီထွင်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေရရှိစေခြင်းဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေကို ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားလိုက်ပြီဖြစ်ပါတယ်။
အဲဒီလို ပစ္စည်း ၁၀၁ မျိုးတို့ကို ပြည်တွင်းတင်သွင်းမှု ပိတ်ဆီးလိုက်ခြင်းနှင့်အတူ လာမယ့် ၅ နှစ်မှ ၇ နှစ်အတွင်း ပြည်တွင်းစက်မှုလုပ်ငန်းကဏ္ဍအပေါ်မှာ ရူပီးငွေ ကုဋေ ၄ သိန်းနီးပါးရှိတဲ့ ကန်ထရိုက်စာချုပ်တွေ ရရှိသွားမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီအနက် ရူပီးငွေ ကုဋေ ၁၃၀၀၀၀ နီးပါးတန်ဖိုးရှိတဲ့ပစ္စည်းတွေဟာ ကြည်းတပ်မတော်အတွက် မျှော်မှန်းထားပြီး ကုဋေ ၁၄၀၀၀၀ နီးပါးတို့ကိုတော့ အလားတူကာလအတွင်းမှာပဲ ရေတပ်မတော်အတွက် ရည်စူးထားတာဖြစ်ပါတယ်။
ကိုယ့်အားကိုယ်ကိုးတဲ့ အိန္ဒိယနိုင်ငံဆိုတာ နိုင်ငံကို ကမ္ဘာ့နိုင်ငံတွေနှင့် အဆက်ဖြတ်တယ်လို့ မယူဆနိုင်ကြောင်း ဒီနေရာမှာ ရှင်းလင်းရမှာဖြစ်ပါတယ်။ ကိုယ်တိုင်အားကိုးရေးဟာ ကမ္ဘာ့စီးပွားရေးရဲ့ ပိုမိုအရေးပါအရာရောက်တဲ့ အစိတ်အပိုင်းဖြစ်လာဖို့လို့ ပြန်ဆိုရမှာဖြစ်ကြောင်း အစိုးရက ရှင်းလင်းဖော်ပြထားပြီးဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Shankar Kumar ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”