အတားအဆီး အကာအရံတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့တဲ့ Bajwa ရဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ သွားရောက်လည်ပတ်မှု
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်အပေါ် ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားပေးပို့ထားတဲ့ “အတားအဆီး အကာအရံတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့တဲ့ Bajwa ရဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ သွားရောက်လည်ပတ်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
ယမန်နှစ်က အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းလိုက်တာဟာ ပါကစ္စတန်နိုင်ငံအတွက် ပြည်တွင်းနဲ့ ပြည်ပ မူဝါဒတွေအပေါ် ထိခိုက်စေခဲ့ပါတယ်။ Kashmir ဒေသဟာ ၎င်းရဲ့ အဓိကနိုင်ငံခြားရေးမူဝါဒဖြစ်တာနဲ့အညီ ပါကစ္စတန်နိုင်ငံရဲ့ Tehreek-Insaaf အစိုးရဟာ နိုင်ငံတကာအရေးဖြစ်လာစေဖို့ အားကုန်ကြိုးပမ်းခဲ့ပါတယ်။ အစ္စလမ်မာဘတ်အစိုးရဟာ Kashmir အရေးနဲ့ပတ်သက်ပြီး အထူးသဖြင့် အစ္စလမ်မစ်ပူးပေါင်းလုပ်ဆောင်ရေးအဖွဲ့ (OIC) အဖွဲ့အနေဖြင့် အဆင့်မြင့် အစည်းဝေးပွဲတရပ် ကျင်းပသွားဖို့ မျှော်လင့်ထားခဲ့ပါတယ်။ အစ္စလမ်မစ်နိုင်ငံတွေရဲ့ ဗဟိုနဲ့ OIC အဖွဲ့အပေါ် အဓိကလွှမ်းမိုးမှုရှိတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံအနေနဲ့ ၎င်းတို့ဖက်ကို ရပ်တည်ဖို့အတွက် ပါကစ္စတန်နိုင်ငံဟာ အမြဲတမ်းကြိုးပမ်းနေခဲ့တာပါ။
ဒါပေမယ့် အဲသည့်မျော်လင့်ချက်တွေဟာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က OIC နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေဟာ Kashmir အရေးနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ မျှော်လင့်ချက်တွေကို လှည့်ဖြားနေကြောင်းနဲ့ ပါကစ္စတန်အနေနဲ့ ရင်းအရေးကိစ္စနဲ့ပတ်သက်ပြီး စိတ်ရှည်သီးခံမှုတွေ ကုန်ဆုံးနေပြီးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနဲ့ အတူ ဆုတ်ယုတ်လာခဲ့ပါတယ်။ တကယ်လို့ OIC အနေနဲ့ Kashmir အရေးကို အလေးမထားပါက၊ OIC အပြင်ဘက်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံမပါဘဲ ပါကစ္စတန်နိုင်ငံအနေဖြင့် တခြားအစ္စလမ်မစ်နိုင်ငံများနှင့် သီးခြားအဖွဲ့တခုဖွဲ့စည်းသွားနိုင်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ အဲသည်လို ပြောဆိုလိုက်တာက ဆော်ဒီနိုင်ငံအုပ်ချုပ်ရေးခေါင်းဆောင်တွေကို စိတ်ပျက်စေခဲ့ပြီး၊ Imran Khan က ထိခိုက်ခဲ့ရတဲ့အရာတွေကို ပြန်ပြီးတည့်မတ်နိုင်ငံဖို့ ပါကစ္စတန်စစ်တပ် နဲ့ နိုင်ငံရေး နှစ်ဖက်စလုံးက ထိပ်ပိုင်းခေါင်းဆောင်တွေကို စေလွှတ်ခဲ့ပါတယ်။
ထိခိုက်ခဲ့ရတဲ့ ဆက်ဆံရေးတွေကို ပြန်လည်ဖားထေးတည့်မတ်ဖို့အတွက် ဘုရင့်နိုင်ငံကို ပါကစ္စတန်စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Qamar Javed Bajwa နဲ့ DG Inter-Services-Intelligence ဒုတိယဗိုလ်ချုပ်ကြီး Faiz Hameed တို့က ယခုအပတ်အတွင်း သွားရောက်ခဲ့ကြပါတယ်။ အဲသည့် သွားရောက်လည်ပတ်မှုက စစ်ရေးကိစ္စများအတွက် သွားရောက်ခဲ့တာဖြစ်ကြောင်း ပါကစ္စတန်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဗိုလ်ချုပ် Bajwa ဟာ ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်တဲ့ Khalid bin Salman bin Abdul-Aziz နဲ့ နှစ်နိုင်ငံပူးပေါင်းကာကွယ်ရေးနဲ့ ဒေသအတွင်းလုံခြုံရေးနဲ့ပါတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချုပ် Bajwa ဟာ ဆော်ဒီနိုင်ငံ ဗိုလ်ချုပ် Fayiadh bin Ha’med Al-Rowaily နဲ့ ဒုတိယဗိုလ်ချုပ်ကြီး Fahad bin Turki Al Saud တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နှစ်ဖက်စစ်တပ်အကြားဆက်ဆံရေးနဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေက ဆွေးနွေးပွဲရဲ့ အဓိကအကြောင်းအရာတွေဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။
ဒါပေမယ့်လည်း ဆော်ဒီဘက်က တရားဝင်ထုတ်ပြန်ချက်အရ၊ အဆိုပါတွေ့ဆုံဆွေးနွေးမှုဟာ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မှုကို ထပ်လောင်းဖြည့်ဆည်းလိုက်တဲ့ ဘုံစိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်ကြခြင်းပင်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဘုံစိုးရိမ်ပူပန်မှုတွေလို့ ဒီနေရာမှာ ပြောရရင် ပါကစ္စတန်နိုင်ငံက အတားအဆီးအကာအရံတွေကို ပြောင်းလဲလိုက်ဖို့ ကြိုးပမ်းခြင်းဘဲဖြစ်ပါတယ်။ Kashmir အရေးနဲ့ပါတ်သက်ပြီး ဆော်ဒီနိုင်ငံအပေါ် Qureshi ရဲ့ ဝေဖန်ပြောကြားမှုတွေကြောင့် အခြေအနေတွေ တင်းမာလာတာကို ပြန်လည်ဖြေလျော့ဖို့အတွက် ဗိုလ်ချုပ် Bajwa က ကြိုးပမ်းခဲ့ခြင်းသာဖြစ်ပါတယ်။ ဗိုလ်ချုပ် Bajwa ရဲ့ ဆော်ဒီနိုင်ငံတို့ သွားရောက်လည်ပတ်မှုဟာ နှစ်နိုင်ငံအကြား မတူညီတဲ့အသေးအဖွဲကိစ္စတွေကို ဖယ်ရှားလိုက်ဖို့ဘဲဖြစ်ကြောင်း ပါကစ္စတန် ရထားဝန်ကြီး Sheikh Rashid က သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။ Qureshi ရဲ့ ထုတ်ဖော်ပြောဆိုမှုကြောင့် ပေါ်ပေါက်လာတဲ့ တင်းမာမှုတွေကို ဖြေလျော့ဖို့အတွက် ဆော်ဒီနိုင်ငံ ကိုမသွားရောက်မီ ဗိုလ်ချုပ် Bajwa ဟာ ပါကစ္စတန်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ သံအမတ် ရေတပ်ဗိုလ်ချုပ်ကြီး Nawaf Saeed Al Malkiy နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲသည်တွေ့ဆုံမှုကဘဲ ၎င်းရဲ့ ဆော်ဒီနိ်ုင်ငံကို သွားရောက်ဖို့ လမ်းကြောင်းကို ဖွင့်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ် Bajwa ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံ အိမ်ရှေ့မင်းသား Mohammed Bin Salman (MBS) တွေ့ဆုံခွင့်မရခဲ့တာကြောင့် ဆော်ဒီနိုင်ငံအနေနဲ့ အတားအဆီးတွေကို ပြုပြင်သွားဖို့ သိပ်ပြီး အလျင်စလိုရှိပုံမပေါက်ကြောင်း ပြသနေပါတယ်။ ဒါဟာဘာကိုပြသနေသလဲဆိုရင် Shah Mehmood Qureshi ရဲ့ ထုတ်ဖော်ပြောဆိုမှုကို ဆော်ဒီအုပ်ချုပ်ရေးခေါင်းဆောင်တွေက စိတ်ဆိုးနေဆဲဖြစ်ကြောင်းကို ပြသလိုက်တဲ့ ကြီးမားတဲ့ အရိပ်လက္ခဏာပဲဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူများရဲ့အဆိုအရ ဆော်ဒီနိုင်ငံဟာ ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အနားပေးလိုက်ဖို့ ပါကစ္စတန်နိုင်ငံကို သီးသန့်ပြောဆိုမှုတွေ ရှိခဲ့တယ် ဆိုတာပါဘဲ။ ဆော်ဒီနိုင်ငံ အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံဖို့ မအောင်မြင်ဖြစ်ခဲ့ရပြီးတဲ့နောက် ပါကစ္စတန်စစ်တပ်ရဲ့ အကြီးအကဲနှစ်ဦးဟာ ပါကစ္စတန်နိုင်ငံသို့ ပြန်မသွားမီ ဝတ်ပြုဆုတောင်းဖို့ Jeddah ကို သွားရောက်ခဲ့ကြပါတယ်။
ဆော်ဒီနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံအကြား သဘောထားကွဲလွှဲမှုတွေရှိနေတယ်ဆိုတာကို ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan က လက်မခံ ပယ်ချခဲ့ပြီး၊ ပါကစ္စတန်နဲ့ ဆော်ဒီအာရေးဗီးယားတို့ရဲ့ ဆက်ဆံရေးတွေ ပျက်ပြားလာကြောင်း ကောလဟာလသတင်းတွေ မှန်ကန်မှုမရှိကြောင်း TV အင်တာဗျူးတခုမှာ ၎င်းက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်၊ ဗိုလ်ချုပ် Bajwa ရဲ့ ခရီးစဉ်ဟာ အစ္စလမ်မစ်နိုင်ငံများအကြား အံ့သြတုန်လှုပ်စေခဲ့ပြီး၊ တူရကီ၊ အီရန်နှင့် မလေးရှားနိုင်ငံတို့က အုပ်စုအသစ်ကို ထူထောင်သွားဖို့အထိ ခြိမ်းခြောက်ပြောဆိုလာစေခဲ့တဲ့ ယူအေအီးနိုင်ငံက အစ္စရေးနိုင်ငံနဲ့ ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တဲ့ အရေးဖြစ်ပွားခဲ့ပြီးနောက် အလောတကြီးပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။
ဆော်ဒီနိုင်ငံကလည်း ပါကစ္စတန်နိုင်ငံက တူရကီနဲ့ အီရန်နိုင်ငံတို့ဖက်ကို သိပ်ပြီးနီးကပ် ရင်းနှီးလာတာကို သိပ်ပြီးသက်ညှာခွင့်မပေးခဲ့ပါဘူး။ အီရန်နိုင်ငံဟာ ဒေသအတွင်းမှာ ဆော်ဒီနိုင်ငံရဲ့ ပြိုင်ဘက်ဖြစ်သလို၊ တူရကီနိုင်ငံဟာလည်း OIC အဖွဲ့ရဲ့ ခေါင်းဆောင်အသစ်အဖြစ် နောက်ပိုင်းမှာ ဖော်ပြလာပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ အစ္စလမ်မစ်ကမ္ဘာအတွင်းက အနေအထားကို အားလုံးသိရှိပြီးသားဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားခဲ့တဲ့ အစ္စလမ်မာဘတ်နဲ့ Riyadh အစိုးရကြားက တင်းမာမှုတွေဟာ နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေမရှိလာတာကို ဖော်ပြနေပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ် Bajwa ရဲ့ ဘုရင့်နိုင်ငံကို သွားရောက်လည်ပတ်မှုဟာ ပျက်ပြားလာနေတဲ့ ဆက်ဆံရေးကို ပြန်လည်ပြုပြင်သွားနိုင်ဖို့ ကြိုးပမ်းမှုဘဲဖြစ်ပါကြောင်း ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment