စီးပွားရေးလုပ်ဆောင်မှုများမှာ ဆန်းသစ်တီထွင်ကြပါဖို့ ဝန်ကြီးချုပ်က တောင်းဆိုလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းဌာနမှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “စီးပွားရေးလုပ်ဆောင်မှုများမှာ ဆန်းသစ်တီထွင်ကြပါဖို့ ဝန်ကြီးချုပ်က တောင်းဆိုလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Narendra Modi ဟာ All India ရေဒီယိုအစီအစဉ်ကနေ လစဉ်ထုတ်လွှင့်နေတဲ့ ၎င်းရဲ့ Mann Ki Baat အစီအစဉ်ကနေ အိန္ဒိယနိုင်ငံသူ နိုင်ငံသားများကို အမှာစကားပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ဟာ အိန္ဒိယနိုင်ငံအတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဆိုပါနေ့ရက်မှာ အိန္ဒိယစစ်တပ်ဟာ Kargil စစ်ပွဲမှာ အောင်မြင်မှု အလံကို လွှင့်ထူခဲ့ပါတယ်။ Kargil မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအခြေအနေတွေကို အိန္ဒိယနိုင်ငံက ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ပါကစ္စတန်နိုင်ငံဟာ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ဖိအားတွေကို အဲသည့်နေရာဖက်ကို အာရုံလွှဲပြောင်းဖို့အတွက် အိန္ဒိယနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီး မှားယွင်းတဲ့အပြုအမူတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဖက်ကတော့ ပါကစ္စတန်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို မြှင့်တင်သွားနိုင်ဖို့ ကြိုးပမ်းနေခဲ့ပါတယ်။

စစ်ပွဲကာလအတွင်း၊ ကျွန်ုပ်တို့၏ ပြောဆို ပြုမူမှုအားလုံးဟာ နယ်စပ်မှာအစဉ်အမြဲ နိုးနိုးကြားကြားရှိနေတဲ့ စစ်သားရဲ့စိတ်ဓာတ်နဲ့ ၎င်းရဲ့ မိသားစု၏ စိတ်ဓာတ်တွေအပေါ် များစွာ သက်ရောက်မှုရှိကြောင်း ဝန်ကြီးချုပ် Modi က ပြောပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ဒါကို ဘယ်တော့မှ မမေ့သင့်ဘဲ၊ ကျွန်ုပ်တို့ရဲ့ အပြုအမူ၊ အပြောအဆို၊ ထုတ်ပြန်ချက်များ၊ ကန့်သတ်ချက်များ၊ ရည်မှန်းချက်များ၊ ကျွန်ုပ်တို့ လုပ်ဆောင်သမျှနှင့် ပြောဆိုမှုများက ကျွန်ုပ်တို့၏ စစ်သားများရဲ့ စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရာမှာ အထောက်အကူပြုဖို့ ထင်ရှားပြတ်သားစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ်က လွန်ခဲ့သော လအနည်းငယ်အတွင်း အိန္ဒိယနိုင်ငံရဲ့ စည်းလုံးညီညွှတ်စွာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု တိုက်ဖျက်ရေး ကြိုးပမ်းလုပ်ဆောင်နေတာတွေကို လေ့လာသုံးသပ်ခဲ့ပြီး၊ လုပ်ဆောင်မှုတွေက စိုးရိမ်ပူပန်မှု များစွာတို့ကို မှားယွင်းကြောင်း သက်သေပြသနိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာ အိန္ဒိယနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုနှုန်းဟာ တခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ကြည့်ရင် များစွာသက်သာ လျော့ကျနေခဲ့ပြီး၊ ရောဂါပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေမှာလည်း နိုင်ငံအများအပြားနဲ့ နှိုင်းယှဉ်ကြည့်ရင် အများကြီးလျော့နည်းနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်သူတဦးအသက်ဆုံးရှုံးရရင်တောင် အင်မတန်ဝမ်းနည်းမှာ ဧကအမှန်ဖြစ်သော်လည်း၊ နိုင်ငံဟာ ပြည်သူသန်းပေါင်းများစွာကို ကယ်တင်နိုင်ဖို့ အောင်မြင်စွာ ကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့အနေနဲ့ သတိဝီရိယမပြတ်ရှိသင့်ပြီး၊ ယနေ့ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာဟာ အစပိုင်းဖြစ်ပေါ်လာတဲ့ အခြေအနေအတိုင်း ရှိနေဆဲဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးပြီး၊ အမြဲသတိရှိနေသင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ် Modi က Jammu နဲ့ Kashmir ဒေသ၊ Ganderbal အရပ်က Zaitoona Begum ရဲ့ ဝန်ဆောင်မှုတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။ သူမဟာ သူမရဲ့ လူမှု့အသိုင်းအဝိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရေးနဲ့အတူ ဝင်ငွေများရရှိနိုင်ဖို့ အခွင့်အရေးများ ဖန်တီးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ အနီးပတ်ဝန်းကျင်မှာ နှာခေါင်းစီးများနဲ့ စားနပ်ရိက္ခာတွေကို အခမဲ့ ပေးဝေခဲ့ပြီး၊ တချိန်တည်းမှာဘဲ သူမဟာ လူတွေအနေနဲ့ လယ်ယာစိုက်ပျိုးရေးတွေမှာ အဆင်မပြေမှုတွေနဲ့ တွေ့ကြုံရင်ဆိုင်ရမှုက ရှောင်ရှားနိုင်ရန်အတွက် သီးနှံမျိုးစေ့များနဲ့ ပန်းသီးပင်ပျိုတွေကို ပေးဝေခဲ့ပါတယ်။

မှန်ကန်မှုနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေက စိတ်ဆင်းရဲစရာအချိန်များကို အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲပေးတဲ့ ရှည်လျားတဲ့ပြုပြင်ပြောင်လဲရေး လမ်းကြောင်းဖြစ်ပြီး၊ အဲဒါက ဖွံ့ဖြိုးတိုးတက်မှုကို အစပျိုးပေးခြင်းပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုဖြစ်နေစဉ်မှာ နိုင်ငံရဲ့ လူငယ်များနဲ့ အမျိုးသမီးတို့ဟာ ၎င်းတို့ရဲ့ ကျွမ်းကျင်နှံ့စပ်မှုတွေအပေါ် အခြေခံပြီး အတွေ့အကြုံသစ်တွေကို ဖော်ထုတ်လာတာကို ကျွန်ုပ်တို့ မြင်တွေ့ရပြီးဖြစ်ပါတယ်။ Bihar ပြည်နယ်မှာ ကိုယ်ထူကိုယ်ထ အမျိုးသမီးအဖွဲ့ အများအပြားက ရှေးခေတ် အနုပညာထုံးတမ်းဖြစ်တဲ့ Madhubani အလှတန်ဆင်မှုနဲ့အတူ နှာခေါင်းစီးတွေကို ကိုင်တိုင်ထုတ်လုပ်လာပြီး၊ အဲဒါက လူကြိုက်အလွန်များပြားလာခဲ့ပါတယ်။ Madhubani နှာခေါင်းစီးဟာ ဒေသအတွင်းရိုးရာဓလေ့ထုံးတမ်းကို မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးကို ကာကွယ်ပေးခြင်းနဲ့အတူ အဲသည့်ထုတ်လုပ်မှုက လူတွေရဲ့ စာဝတ်နေရေး အလုပ်အကိုင်ရရှိမှု အခွင့်ကိုလည်း အထောက်အကူပြုစေခဲ့ပါတယ်။

ထရီပူရ၊ မဏိပူရ်နှင့် အာသံပြည်နယ်တို့က လက်မှုပညာရှင်တွေကလည်း ဝါးနဲ့ ပြုလုပ်ထားတဲ့ အဆင့်မြင့် သောက်ရေသန့်ဗူးတွေနဲ့ ထမင်းဗူးတွေကို ထုတ်လုပ်လာပါတယ်။ ဒါဟာ ထုတ်ကုန်ပစ္စည်းအသစ်ဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ ကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Modi က လူတွေကို ဆန်းသစ်တီထွင်မှုကို စဉ်းစားဖို့ ပြောပါတယ်။ Bihar ပြည်နယ်က လူငယ်တွေဟာ အဲသည့်လမ်းကြောင်းကို ဖွင့်ချပြခဲ့ပါတယ်။ အစောပိုင်းက ၎င်းတို့ဟာ လုပ်ရိုးလုပ်စဉ်အလုပ်တွေကိုသာ လုပ်နေခဲ့ကြပါတယ်။ တနေ့မှာတော့ ၎င်းတို့ဟာ ပုလဲမွေးမြူရေး စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ ဒေသတဝိုက်မှာ အဲသည့်လုပ်ငန်းက လူသိနည်းတဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ အဲသည့် လူငယ်အဖွဲ့ဟာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး၊ Jaipur နဲ့ Bhubaneswar မြို့တွေကို သွားရောက်ကာ သင်တန်းများတက်ခဲ့ကြပြီး၊ ၎င်းတို့ရဲ့ ကျေးရွာမှာ ပုလဲမွေးမြူရေးကို စတင်ခဲ့ပါတယ်။ ဒီကနေ့အချိန်မှာတော့ ၎င်းတို့ဟာ အဲသည့်လုပ်ငန်းကနေ ဝင်ငွေတွေ ရရှိနေရုံမက၊ Muzaffarpur ၊ Begusarai နဲ့ Patna မြို့တွေကို တခြားပြည်နယ်တွေကနေ ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သင်တန်းတွေ စတင်လေ့ကျင့်သင်ကြားပေးနေပါပြီ။ လူအများအပြားအတွက် အဲသည့်လုပ်ငန်းဟာ ကိုယ့်အားကိုယ်ကိုး တပိုင်တနိုင်လုပ်ငန်းကနေ ဝင်ငွေရရှိစေနိုင်တဲ့ လုပ်ငန်းအဖြစ် လမ်းဖွင့်ပေးခဲ့ပါတယ်။

လာမယ့် သြဂုတ်လ ၇ ရက်နေ့ဟာ National Handloom Day ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အိန္ဒိယ ရက်ကန်းနဲ့ လက်မှုပညာတွေဟာ နှစ်ရာပေါင်းများစွာ ကျော်စောထင်ရှားတဲ့ သမိုင်းရှိပါတယ်။ အိန္ဒိယရက်ကန်းနဲ့ လက်မှုထုတ်ကုန်ပစ္စည်းများကို အတတ်နိုင်ဆုံးအသုံးပြုရန်နဲ့ လူအများအပြားကို ပြောပြဖို့အတွက် ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်ရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟာ Suriname နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြား နီးကပ်တဲ့ ဆက်ဆံရေးကို ပြန်ပြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်းတရာကျော်အချိန်က အိန္ဒိယနိုင်ငံသားတွေဟာ အဲသည့်နိုင်ငံကိုသွားရောက်ကာ စတင်အခြေချ နေထိုင်ခဲ့ကြပါတယ်။ ယနေ့အချိန်မှာတော့ Suriname နိုင်ငံရဲ့ လူဦးရေ ၄ ပုံ ၁ ပုံကျော်ဟာ အိန္ဒိယအနွယ်ဝင်တွေဖြစ်ပါတယ်။ Sarnami ဘာသာစကားဟာ အဲသည့်နိုင်ငံထဲက အများသုံးဘာသာစကားတွေထဲက တခုဖြစ်ပြီး၊ Bhojpuri စကားဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အဲသည့်ယဉ်ကျေးမှု ဆက်စပ်ယှက်နွယ်နေတာကို အင်မတန်ဝမ်းမြောက်ဂုဏ်ယူပါတယ်။

Mr Chandrika Parasad Santokhi ဟာ မကြာသေးခင်ကဘဲ Suriname နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်ခံရပါတယ်။ သမ္မတကျမ်းကျိန်ပွဲမှာ Mr Santokhi ဟာ ဝေဒဓမ္မသီချင်းကို ရွှတ်ဆိုခဲ့ပြီး၊ ၎င်းဟာ Sanskrit ဘာသာစကားကိုလည်း ပြောဆိုတတ်ပါတယ်။ ဝန်ကြီးချုပ် Modi ဟာ အိန္ဒိယနိုင်ငံသူ နိုင်ငံသားပေါင်း သန်း ၁၃၀၀ ကိုယ်စား Mr Chandrika Prasad Santokhi အား ဂုဏ်ပြုစကားပြောဆိုခဲ့ကာ၊ အကောင်းဆုံးဆန္ဒပြုခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”