အိန္ဒိယနိုင်ငံရဲ့ မော်လဒိုက်နိုင်ငံကို ကူညီထောက်ပ့ံမှုက ကပ်ရောဂါကျရောက်သည့်ကာလအတွင်း ကြီးမားတဲ့ အကူအညီဖြစ်စေခဲ့ခြင်း
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယသမုဒ္ဒရာဒေသ မဟာဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. M Samatha ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ မော်လဒိုက်နိုင်ငံကို ကူညီထောက်ပ့ံမှုက ကပ်ရောဂါကျရောက်သည့်ကာလအတွင်း ကြီးမားတဲ့ အကူအညီဖြစ်စေခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းလုံးကူးစက်ပျံ့ပွားနေသည့် ကပ်ရောဂါကျရောက်နေသည့် ကာလအတွင်း အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများရဲ့ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖော်ထုတ်ဖြေရှင်းဆောင်ရွက်ဆောင်နိုင်ဖို့ အကူအညီများ ဆက်လက်ပေးနေခဲ့ပါတယ်။ ယခုအပတ်အတွင်းမှာဘဲ အိန္ဒိယနိုင်ငံဟာ မော်လဒိုက်နိုင်ငံက ကျွန်းဆွယ်ပေါင်း ၆၁ ခုတို့ကို အိမ်ပြင်ဘက် ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးပို့ခဲ့ပါတယ်။ အဲသည့် ထောက်ပံ့ကူညီမှုဟာ ၂၀၁၉ ခုနှစ် မတ်လမှာ မော်လဒိုက်နိုင်ငံသမ္မတ Mohammed Ibrahim Solih အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း အိန္ဒိယနိုင်ငံက ကတိပြုထားတဲ့ မော်လဒိုက်နိုင်ငံရဲ့ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေမှာ ကူညီထောက်ပံ့သွားဖို့ ပြောဆိုထားချက်တွေထဲက အစိတ်အပိုင်းတချို့ဖြစ်ပါတယ်။ ဒေသခံ အဖွဲ့အစည်းများကတဆင့် ထိရောက်စွာလုပ်ဆောင်နိုင်မယ့် လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅.၅ သန်း ထောက်ပံ့ပေးကူညီသွားဖို့ အိန္ဒိယနိုင်ငံက မော်လဒိုက်နိုင်ငံကို ကတိပြုခဲ့ပြီး၊ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၆.၉ သန်း ကူညီထောက်ပံ့ပေးသွားဖို့ ကိုလည်း ကတိပြုခဲ့ပါတယ်။
မော်လဒိုက်လွှတ်တော်ဥက္ကဌ Mohammed Nasheed ကလည်း မော်လဒိုက်နိုင်ငံအတွက် အိန္ဒိယနိ်ုင်ငံနဲ့ ဆက်ဆံရေးအား အရေးကြီးပုံကို လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။ မော်လဒိုက်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အိန္ဒိယကဲ့သို့သော နီးကပ်သည့်ဆက်ဆံရေးရှိသော နိုင်ငံများကို ပစ်ပယ်လိုက်ပါက မဖြစ်နိုင်ကြောင်းနဲ့၊ နိုင်ငံခေါင်းဆောင်များအနေဖြင့် အိန္ဒိယကဲ့သို့သော နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံတဲ့အခါ ဉာဏ်အမြော်အမြင်ကြီးမားစွာနဲ့ ဆုံးဖြတ်လုပ်ဆောင်ကြဖို့အတွက် ၎င်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ထောက်ပံ့မှုပေးထားတဲ့ စီမံကိန်းတွေဟာ ကျွန်းဆွယ်တွေက လူမှုအသိုင်းအဝိုင်းအကြား ခိုင်မာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ပေးပြီး၊ ကျန်းမာသန်စွမ်းတဲ့ လူမှုနေထိုင်ရေးဘဝကို ပေးကမ်းနိုင်မှာဖြစ်ကြောင်း မော်လဒိုက်နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid က ပြောကြားခဲ့ပါတယ်။ စီမံကိန်းများမှာ ပထဝီရေးရာ အနေအထားအရ ကျယ်ပြန့်စွာ ပြန့်နှံ့ရောက်ရှိခဲ့ပြီး၊ များပြားသည့် လူထုနှင့်တကွ မော်လဒိုက်အစိုးရအတွက် အကျိုးရလဒ်များ ခံစားခွင့်ရရှိဖို့ အိန္ဒိယနိုင်ငံက ရည်ရွယ်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကလေးသူငယ်များအတွက် ပန်းခြံများကို ၄ လအတွင်း ကျွန်းဆွယ်ပေါင်း ၆၈ ခုတို့မှာ တည်ဆောက်ပေးသွားဖို့ကိုလည်း စီစဉ်နေပါတယ်။
လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဟာ ရွေးကောက်ခံ သမ္မတ Mohammed Ibrahim Solih အစိုးရရဲ့ ရွေးကောက်ပွဲအတွင်း ကတိပေးပြောဆိုထာတဲ့ အရာဖြစ်ပြီး၊ အဲသည့် ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ကူညီထောက်ပ့ံမှုနဲ့ ကြိုးပမ်းနေပါတယ်။ လွန်ခဲ့သော ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ မော်လဒိုက်နိုင်ငံရဲ့ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် မော်လဒိုက်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာလဲ သိသိသာသာဘဲ ပြောင်းလဲသွားခဲ့ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ နှစ်နိုင်ငံအကြား အပြန်အလှန်သွားရောက် လည်ပတ်မှုတွေကလည်း နှစ်နိုင်ငံဆက်ဆံရေးကို ပြန်ပြီး အားကောင်းစေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ကူညီထောက်ပံ့ပေးဖို့ နဲ့၊ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာ သန်း ၈၀၀ ချေးပေးရန် ကြေညာခဲ့ပါတယ်။ လတ်တလောနှစ်များမှာ တူညီတဲ့ အကျိုးစီးပွားနဲ့ အမြင်တွေဟာလည်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်စေခဲ့ပါတယ်။ နှစ်နိုင်ငံအကြား သဘောတူထားတဲ့ စီမံကိန်တွေကို ကမ္ဘာတဝှမ်းလုံး ကူးစက်ပျံ့ပွားနေတဲ့ ကပ်ရောဂါ ကျရောက်နေသော်လည်း ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်မှုတွေက နှစ်နိုင်ငံအကြား နက်ရှိုင်းတဲ့ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေခဲ့ပါတယ်။
မော်လဒိုက်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံံ့ပွားမှုကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေရပါတယ်။ တနိုင်ငံလုံးမှာ ကူးစက်ခံရသူ ၂၈၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားပြီး၊ အိန္ဒိယသမုဒ္ဒရာတွင်းက ကျွန်းဆွယ်ပေါင်း ၁၀၀၀ နီးပါးရှိတဲ့ နေရာတွေက မိမိနိုင်ငံသားတွေကို ကူညီလုပ်ဆောင်ပေးနိုင်ဖို့မှာ မော်လဒိုက်အစိုးရအတွက် အင်မတန်ခက်ခဲတဲ့ အရာဖြစ်ပြီး၊ အစိုးရဟာ ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကို ကိုင်တွယ်နိုင်ဖို့အတွက် အစိုးရဌာနများ၊ လူမှုအဖွဲ့အစည်းများနဲ့ ညှိနှိုင်းလုပ်ဆောင်နေရပါတယ်။ ကျွန်းနိုင်ငံရဲ့ အဓိကဝင်ငွေကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ရတာဖြစ်ပါတယ်။
မော်လဒိုက်နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကျရောက်မှုအတွင်း ကူညီတဲ့နိုင်ငံတွေမှာ အိန္ဒိယနိုင်ငံဟာ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ Measles ကာကွယ်ဆေးပေါင်း ၃၀,၀၀၀ ကို မော်လဒိုက်နိုင်ငံသို့ အရေးပေါ် အကူအညီအဖြစ် ပေးပို့ခဲ့ပါတယ်။ COVID-19 ကူးစက်ပျံ့ပွားလာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဟာ မော်လဒိုက်နိုင်ငံသို့ စားနပ်ရိက္ခာ တန်ပေါင်း ၆၀၀ နဲ့ ဆေးဝါးအကူအညီကို Sagar မစ်ရှင်ဖော်ဆောင်မှုအတွင်း ၂၀၂၀ ခုနှစ် မေလမှာ ပေးပို့ခဲ့ပါတယ်။ မော်လဒိုက်နိုင်ငံဟာ SAARC အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များရဲ့ ဒေသအတွင်း ကပ်ရောဂါကျရောက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးပွဲကိုလည်း တက်ရောက်ပါဝင်ခဲ့ပါတယ်။
သမ္မတ Solih ဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပြည်ပတင်ပို့မှုအပေါ်မူတည်ပြီး၊ မော်လဒိုက်နိုင်ငံက တွေ့ကြုံရင်ဆိုင်ရမယ့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေကို မီးမောင်းထိုးပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးမှာ ၂၀၂၀ ခုနှစ်မှာ ၁၃% မှ ၃၂% အထိ ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ခန့်မှန်းပြောဆိုထားပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်မှုကို ထိခိုက်စေမှုဟာ မော်လဒိုက်နိုင်ငံရဲ့ စီးပွားရေးကိုလည်း ထိခိုက်စေခဲ့ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဟာ Rapid Credit Facility (RCF) စီမံကိန်းအောက် ငွေပေးချေမှုနဲ့ နှစ်စဉ်လိုအပ်ငွေများကို ကာမိစေဖို့ အမေရိကန်ဒေါ်လာ ၂၈.၉ သန်း ထုတ်ချေးပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ မော်လဒိုက်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေများ ပြန်လည်ရရှိစေနိုင်ဖို့အတွက် ကူညီပေးနိုင်ဖို့ air bubble သို့မဟုတ် လေကြောင်းခရီးစဉ် ဆက်သွယ်ပေးမှုကို မော်လဒိုက်နိုင်ငံနှင့်အတူ ဖော်ဆောင်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် မိမိနိုင်ငံရဲ့ စီးပွားရေးထိခိုက်နေမှုကို လျော့ချနိုင်ဖို့အတွက် မော်လဒိုက်နိုင်ငံဟာ နိုင်ငံခြားဆက်ဆံရေး မူဝါဒတွေကို ပြန်လည်ပြင်ဆင် သုံးသပ်ခြင်းတွေ ပြုလုပ်သွားဖို့ စီမံနေပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ပြီး ဝင်ငွေပိုမိုရရှိဖို့အတွက် စီစဉ်နေပါတယ်။ Male အစိုးရအနေနဲ့ သဘောတူထားတဲ့ စီမံကိန်းတွေကို အလျဉ်အမြန်အကောင်အထည်ဖော်နိုင်ဖို့ အိန္ဒိယနိုင်ငံဟာ အကူအညီများပေးအပ်သွားနိုင်ရေး ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံး ကျရောက်နေတဲ့ ကပ်ရောဂါအခြေအနေ၊ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားက နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေက အိန္ဒိယနဲ့ မော်လဒိုက်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကိုင်သွားဖို့အတွက် တွန်းပို့ပေးတဲ့ တခြားအချက်အလက်တွေဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. M Samatha ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment