၁၅ ကြိမ်မြောက် အိန္ဒိယ-အီးယူ ထိပ်သီးညီလာခံက နည်းဗျူဟာသစ် ၂၀၂၅ ခုနှစ် လမ်းပြမြေပုံကို ချမှတ်လိုက်ခြင်း



သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ Jean Monnet ဥက္ကဌ၊ ဥရောပရေးရာ လေ့လာဆန်းစစ်ရေးဗဟိုဌာနနှင့် Jawaharlal Nehru တက္ကသိုလ်မှ ဆောင်းပါးရှင် ပါမောက္ခ Ummu Salma Bava ဝေဖန်ရေးသားပေးပို့ထားတဲ့ “၁၅ ကြိမ်မြောက် အိန္ဒိယ-အီးယူ ထိပ်သီးညီလာခံက နည်းဗျူဟာသစ် ၂၀၂၅ ခုနှစ် လမ်းပြမြေပုံကို ချမှတ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

COVID-19 ကူးစက်ပျံ့ပွားမှု ကပ်ဘေးကြောင့် အိန္ဒိယ-ဥရောပသမဂ္ဂ (အီးယူ) တို့ရဲ့ ၁၅ ကြိမ်မြောက် ထိပ်သီးညီလာခံကို အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ရပါတယ်။ နှစ်ဖက်အကြား ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးနှင့် လူအခွင့်အရေးတန်းဖိုးတို့အား လေးစားတန်းဖိုးထားမှုနှင့် မြင့်တင်မှုတို့ကို အပြန်အလှန်ဖလှယ်ခဲ့ကြပြီး၊ ထိရောက်တဲ့ ဘက်ပေါင်းစုံပါဝင်ရေးဝါဒနှင့် တရားဥပဒေအခြေခံ ဘက်ပေါင်းစုံညွှန်ကြားမှုကို ဗဟိုပြုတဲ့ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ဖြစ်လာရန် ကြိုးပမ်းလုပ်ဆောင်သွားကြဖို့ နှစ်ဖက်စလုံး ကတိပြုခဲ့ကြပါတယ်။ ယင်းထိပ်သီးညီလာခံဟာ နှစ်ဖက်အကြားက ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခွင့်ကို ပေးဆောင်ခဲ့တာသာမက၊ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ လူမှု-စီးပွားရေး အကျိုးဆက်များကိုအခြေခံပြီး နှစ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်ပေးနိုင်မယ့် “အီးယူ-အိန္ဒိယ နည်းဗျူဟာကျ မိတ်ဖက်၊ ၂၀၂၅ ခုနှစ်သို့ တက်လှမ်းမယ့် လမ်းပြမြေပုံ” ကို ချမှတ်ခဲ့ပါတယ်။ ပူးပေါင်းလုပ်ဆောင်မှုကို ချဲ့ထွင်ရေးနှင့် စပ်လျင်းပြီးပြောဆိုရာတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi သည် ဥရောပသမဂ္ဂကောင်စီဥက္ကဌ Mr Charles Michel နှင့် ဥရောပသမဂ္ဂကော်မရှင်ဥက္ကဌ Ms Ursula von der Leyen တို့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့အတွက် နည်းဗျူဟာကျ မိတ်ဖက် လမ်းပြမြေပုံသစ်ကို ဘယ်လို အကောင်အထည်ဖော် လုပ်ဆောင်သွားမှာကို သဘောတူခဲ့ကြပါတယ်။

အများပြည်သူကျန်းမာရေးဆိုင်ရာ အရေးကိစ္စများကို ဖော်ထုတ်သွားရန် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းနဲ့ COVID-19 ကာကွယ် ကုသဆေးကို ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းတခုအဖြစ် သတ်မှတ်သွားရန်လိုအပ်ကြောင်းတို့ကို နှစ်ဖက်စလုံးက အလေးထားပြောကြားခဲ့ပါတယ်။ အီးယူအဖွဲ့ဟာ အိန္ဒိယနိုင်ငံအတွက် အကြီးမားဆုံး ကုန်သွယ်ဖက်အဖွဲ့ဖြစ်ပြီး၊ လက်ရှိပထဝီနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေအရ လွှမ်းမိုးကြီးထွားလာနေတဲ့ တရုတ်နိုင်ငံအား ပြန်လည်ဆန့်ကျင်နိုင်ဖို့အတွက် နှစ်ဖက်ပူးပေါင်းလုပ်ဆောင်မှုကို ပိုမိုအားကောင်းစွာ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းကို ပြသလျှက်ရှိနေပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများကို ဖော်ထုတ်သွားရန်နဲ့ အဆင့်မြင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတရပ် လုပ်ဆောင်သွားဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ် ဆက်လက်ဖွင့်ထားဖို့အတွက် လုပ်ဆောင်သွားဖို့ နှစ်ဖက်စလုံးက ထပ်လောင်းကတိပြု ပြောကြားခဲ့ကြပါတယ်။ ညီလာခံမှာ ကုန်သွယ်ရေးအပြင် နယူးဒေလီနှင့် ဘရပ်ဆဲလ် အစိုးရအဖွဲ့တို့အကြား နက်ရှိုင်းကျယ်ပြန့်တဲ့ ထိတွေ့ဆက်ဆံမှုများနဲ့ပတ်သက်ပြီးလည်း ပြန်လည်သုံးသပ်သွားနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တခြားအာရုံစိုက် ပြောဆိုဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှု၊ ပွင့်လင်းမှုနဲ့ တရားမျှတတဲ့ ကုန်သွယ်ရေး၊ ပြည်ပအရေးနှင့်လုံခြုံရေး မူဝါဒ၊ ဒီဂျစ်တယ်ပြောင်းလဲရေး၊ လူ့အခွင့်အရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခေတ်မှီတိုးတက်ပြောင်းလဲရေး၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု စသည်တို့ ဖြစ်ကြပါတယ်။

အကြီးမားဆုံး အရွှေ့အပြောင်းကတော့ အိန္ဒိယနဲ့ ဥရောပသမဂ္ဂအဖွဲ့အကြား နိုင်ငံရေးဆိုင်ရာ ထိတွေ့ဆက်ဆံရေးကို တိုးချဲ့လိုက်ခြင်းဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၂၀၂၂ ခုနှစ်မှာ G-20 အဖွဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်ရန်ရှိမှုနဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်လာခဲ့ခြင်းကို ဘရပ်ဆဲလ်အစိုးရက ကြိုဆိုခဲ့ပြီး၊ ယင်းဖြစ်ပေါ်တိုးတက်မှုနှစ်ခုစလုံးဟာ နယူးဒေလီအစိုးရရဲ့ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှုတွေမှာ စွမ်းဆောင်နိုင်မှုတွေ ကြီးထွားလာတာကို ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။ နိုင်ငံခြားအရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒများမှာ နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်မှုကို ပိုမိုတိုးချဲ့သွားဖို့အတွက် တွန်းအားတရပ်အနေနဲ့ နှစ်ဖက်စလုံးဟာ၊ “ပူးပေါင်းလုပ်ဆောင်မှုကို ပိုမိုအားကောင်းစေရေး၊ လက်နက်ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေး၊ အကြမ်းဖက်ဝါဒလွှမ်းမိုမှုကို တန်ပြန်တိုက်ဖျက်ရေး၊ ငွေကြေးမသမာလုပ်ဆောင်မှုတိုက်ဖျက်ရေး၊ အကြမ်းဖက်ဝါဒအား ငွေကြေးထောက်ပံ့မှုကို တန်ပြန်တိုက်ဖျက်ရေးနှင့် ဆိုင်ဘာလုံခြုံရေးအပါအဝင် အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး” တို့ကို သဘောတူခဲ့ကြပါတယ်။

အိန္ဒိယနဲ့ အီးယူတို့ဟာ အီရန်နဲ့ အာဖဂန်နစ္စတန်ကဲ့သို့သော နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စများကို ပူးပေါင်းလုပ်ဆောင်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ် လမ်းပြမြေပုံထဲက သဘောတူညီချက်တွေထဲမှာ နိုင်ငံခြားအရေးနှင့် လုံခြုံရေးမူဝါဒတွေကို ပိုမိုအားကောင်းအောင်ပြုလုပ်ရေးနဲ့ စစ်တပ်ခြင်း ဆက်သွယ်ရေးနဲ့ လွှဲပြောင်းပေးရေး၊ လုံခြုံရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုကို ပုံမှန်လုပ်ဆောင်သွားနိုင်ဖို့အထိ တိုးချဲ့သွားမှာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း လုံခြုံရေးကိစ္စမှာလည်း ပင်လယ်ဓားပြများကို တန်ပြန်တိုက်ဖျက်ရေးထက် သာလွန်တဲ့ လုံခြုံရေးဆိုင်ရာ ပြောဆိုဆွေးနွေးမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အင်ဒို-ပစိဖိတ် သမုဒ္ဒရာဟာ တကမ္ဘာလုံးအတွက် နည်းဗျူဟာအရအရေးကြီးတဲ့ နေရာအဖြစ် သိသာထင်ရှားစွာ ကြီးထွားလာနေပြီး၊ ဒါဟာ နယူးဒေလီနဲ့ ဘရပ်ဆဲလ်အစိုးရတို့အကြား အကောင်းလက္ခဏာဆောင်တဲ့ တိုးတက်ဖွံ့ဖြိုးမှုဖြစ်ပြီး၊ အိန္ဒိယသမုဒ္ဒရာအတွင်း လုံခြုံရေးနဲ့ တည်ငြိမ်းရေးတို့တည်ရှိနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့်အရာတွေကို နှစ်ဖက်စလုံးက ချပြခဲ့ကြပါတယ်။ အဖွဲ့အစည်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုနဲ့ စုစည်းမှုတို့ကို တိုးချဲု့လုပ်ဆောင်သွားဖို့ အားဖြည့်လုပ်ဆောင်ခြင်းကို နှစ်ဖက်စလုံးက ကြီးမားတဲ့ တန်ဖိုးအဖြစ် ရူမြင်လာခြင်းမှာ နိုင်ငံရေး ဆက်ဆံမှုမှာ ရင့်ကျက်လာတာကို ပြသလိုက်ခြင်းလဲဖြစ်ပါတယ်။

နှစ်ဖက်စလုံးဟာ တရားဥပဒေအခြေခံတဲ့ ဆက်သွယ်ရေးဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်အရ၊ လူမှုရေးအရနှင့် ဘဏ္ဍာရေးအရ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးကိုထောက်ကူမှုပေးနိုင်တဲ့ စီမံကိန်းတွေကို ဖော်ဆောင်သွားဖို့ လိုအပ်ကြောင်းကိုလည်း အလေးထားပြောဆိုခဲ့ကြပါတယ်။ အိန္ဒိယနဲ့ အီးယူ ပူးပေါင်လုပ်ဆောင်မှုဟာ COVID-19 အလွန်ကာလမှာ စီးပွားရေးပြန်လည်ထူထောင်ရေးနဲ့ လူသားထုအခြေပြု ကမ္ဘာ့ရွာဖြစ်တည်လာရေးတို့မှာ အဓိကအခန်းကဏ္ဍက ပါဝင်လုပ်ဆောင်သွားနိုင်ကြောင်း အဖွင့်အမှာစကားပြောရာမှာ ဝန်ကြီးချုပ် Modi က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ယင်းအတွေးအမြင်ဟာ နှစ်ဖက်စလုံးက ပူးတွဲကြေညာထားတဲ့ Common Agenda on Migration and Mobility (CAMM) စီမံကိန်းအား အကောင်အထည်ဖော် လုပ်ဆောင်သွားရေးမှာ အရေးကြီးတဲ့ အလင်းပြမှုတခုလဲဖြစ်ပါတယ်။ အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ အပြန်အလှန်ပြောဆိုဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင်သွားရေးနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းများအကြား ထိတွေ့ဆက်ဆံရေးများနှင့် အပြန်အလှန်ဖလှယ်ရေးတို့ကို အားကောင်းစေရန် လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။

ထပ်လောင်းပြောရမယ်ဆိုရင်၊ နှစ်ဖက်စလုံးတို့ဟာ အရပ်ဘက်နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအရေးကို အဆုံးသတ်ဆွေးနွေးခဲ့ပြီး၊ အရင်းအမြစ်လုံလောက်စွာ ရရှိနိုင်ရေးနဲ့ စီးပွားရေးလည်ပတ်မှုအပေါ် ပူးတွဲကြေညာချက်တို့ကို ချမှတ်ခဲ့ကြပါတယ်။ COVID-19 ကူးစက်ပျံ့ပွားမှုက ယခုနှစ် မတ်လမှာ ကိုယ်တိုင်ကိုယ်ကျ အစည်းအဝေးပွဲများသို့ တက်ရောက်ပါဝင်နိုင်ရေးကို တားဆီးခဲ့ပြီး၊ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေး နယ်ပယ်တွေမှာ ပိုပြီး ဖြစ်ပေါ်စေခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် လမ်းပြမြေပုံအသစ်ဟာ အိန္ဒိယနဲ့ အီးယူ တို့အကြား နည်းဗျူဟာကျပူးပေါင်းလုပ်ဆောင်မှုကို ပိုမိုအားကောင်းစေရန် လုပ်ဆောင်သွားဖို့ နှစ်ဖက်စလုံးအပေါ် နိုင်ငံရေးဆိုင်ရာ ကတိကဝတ်တွေကို ညွှန်ပြနေခြင်းလည်းဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ Ummu Salma Bava ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”