နီပေါနိုင်ငံထဲက နိုင်ငံရေးအကြပ်အတည်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နီပေါနိုင်ငံအပေါ် နည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Nihar R Nayak ဝေဖန်ရေးသားပေးပို့ထားတဲ့ “နီပေါနိုင်ငံထဲက နိုင်ငံရေးအကြပ်အတည်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

COVID-19 ကူးစက်ပျံ့ပွားမှု ကပ်ဘေးဆက်လက်ဖြစ်ပေါ်နေဆဲကာလအတွင်း၊ လက်ရှိ နီပေါနိုင်ငံ အုပ်ချုပ်ရေးအစိုးရ နီပေါကွန်မြူနစ်ပါတီ (NCP) မှ ဝါရင့်ပါတီခေါင်းဆောင်တချို့ရဲ့ ဝန်ကြီးချုပ် K P Sharma Oli ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုမှုကြောင့် နီပေါနိုင်ငံဟာ နိုင်ငံရေး လှိုင်းဂယက်နဲ့ တွေ့ကြုံနေရပါတယ်။ ဒါဟာ ပထမဦးဆုံးအကြိမ်အဖြစ် အမြဲတမ်းကော်မတီ (SC) အဖွဲ့ဝင် ၄၄ ဦးထဲမှ ၃၁ ဦး Mr Oli ကို ပွင့်ပွင့်လင်းလင်းဘဲ ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ SC ရဲ့ အစည်းအဝေးပွဲကို ခေါင်းစဉ် ၃ ခုဖြစ်တဲ့၊ COVID-19 အခြေအနေကိုင်တွယ်မှုအပါအဝင် နီပေါအစိုးရရဲ့ မူဝါဒနှင့် စွမ်းဆောင်ရည်၊ အိန္ဒိယ-နီပေါ နယ်စပ်အရေးကိစ္စနဲ့ လက်ရှိအုပ်ချုပ်ရေး NCP ပါတီမှ အထင်ကရပုဂ္ဂိုလ်များအပါအဝင် အဖွဲ့အစည်းပေါင်းများစွာ ဆန့်ကျင်နေတဲ့ လွှတ်တော်ကအတည်ပြုလိုက်တဲ့ UN Millennium Challenge Cooperation စတဲ့အရေးတွေကို ပြန်လည်သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် မေလ ၂၄ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

SC ရဲ့ အစည်းအဝေးပွဲမှာ ဝန်ကြီးချုပ် Oli ရဲ့ ကောင်းမွန်းတဲ့အုပ်ချုပ်ရေးအစိုးရကို ဖော်ဆောင်နိုင်ရန် ပျက်ကွက်ခြင်း၊ အကျင့်ပျက်ချစားမှုများ ကြီးထွားလာခြင်းနှင့် COVID-19 ကူးစက်ပျံ့ပွားမှုကို အစိုးရက မထိန်းချုပ်နိုင်ခြင်းတို့ကို ခေါင်းဆောင်များက အဓိကအာရုံစိုက်ခဲ့ကြပါတယ်။ အစိုးရနှင့် ပါတီ နှစ်ရပ်စလုံးကို ကောင်းမွန်စွာအုပ်ချုပ်နိုင်ခြင်း မရှိသည့်အတွက် နိုင်ငံဝန်ကြီးချုပ်ရာထူးနှင့် ပါတီဥက္ကဌနေရာမှ နှုတ်ထွက်ရန် Mr Oli ၏ တွဲဖက်ပါတီဥက္ကဌ Pushpa Kamal Dahal (Prachanda) နဲ့ ပါတီရဲ့ ဝါရင့်ခေါင်းဆောင်များဖြစ်တဲ့ Madhav Kumar Nepal, Jhala Nath Khanal နဲ့ Bamdev Gautam တို့ရဲ့ တောင်းဆိုမှုကြောင့် ပါတီအတွင်း တိုက်ခိုက်မှုပိုမိုပြင်းထန်လာခဲ့ပါတယ်။ Mr Oli ဟာ အစိုးရနဲ့ ပါတီကို ခေါင်းဆောင်ဖို့ ကျင့်ဝတ်သိက္ခာပိုင်းမှာ ကျဆုံးလျှက်ရှိကြောင်း အဲသည့်ခေါင်းဆောင်တွေက ပြောဆိုခဲ့ပါတယ်။

ယခုလို ကြိုးပမ်းလာခြင်းမှာ ၎င်းအနေနဲ့ အိန္ဒိယနိုင်ငံပိုင် နယ်မြေထဲမှာပါဝင်တဲ့ Kalapani, Lipulekh နဲ့ Limpiyadhura ဒေသတွေကို နီပေါနိုင်ငံရဲ့ မြေပုံအသစ်ထဲမှာ ထည့်သွင်းရေးဆွဲရေး စည်းရုံးလှုံဆော်ကာ ဖော်ဆောင်ခဲ့ခြင်းကြောင့် နီပေါနိုင်ငံအတွင်းနဲ့ အိန္ဒိယနိုင်ငံထဲမှ အင်အားတချို့က ၎င်းအားကလဲ့စားချေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း Mr Oli က ပြောပါတယ်။

ယခုနှစ်အစောပိုင်းကလည်း Prachanda အဖွဲ့က Mr Oli ကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ အိန္ဒိယနိုင်ငံက Lipulekh နဲ့ Mansarovar ကြားက လမ်းသစ်ဖောက်လုပ်ရေးကို မေလ ၈ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပြီးနောက် အဲသည်အချိန်မှာ Mr Oli ဟာ ပြည်သူတွေကို မြေပုံကိစ္စနဲ့ မြှားပြီး အာရုံလွှဲခဲ့ပါတယ်။ နောက်ပိုင်းမှာ Oli အစိုးရဟာ Lipulekh ၊ Kalapani နဲ့ Limpiyadhura ဒေသတွေကို နီပေါနိုင်ငံထဲမှာ ထည့်သွင်းရေးဆွဲထားတဲ့ မြေပုံသစ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပါတယ်။ Mr Oli ဟာ တရုတ်နိုင်ငံရဲ့အကူအညီကို ရယူပြီး၊ ပါတီအတွင်းစည်းလုံးညီညွှတ်ရေးနဲ့ ၎င်းရဲ့အစိုးရ ဆက်လက်တည်မြဲရေးကို ဖော်ဆောင်နိုင်ဖို့ ပါတီရဲ့ ဝါရင့်ခေါင်းဆောင်တွေကို ဖိအားတွေ ပေးခဲ့ပါတယ်။

K P Sharma Oli ဦးဆောင်တဲ့ CPN-UML ပါတီနဲ့ Prachanda ဦးဆောင်တဲ့ CPN-Maoist Centre ပါတီတို့က Marxist-Leninist ဝါဒကို အခြေခံပြီး၊ အချက် ၇ ချက်ပါဝင်တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ပါတီနှစ်ခုကို ပေါင်းစည်းခဲ့ပြီးနောက် NCP ပါတီကို လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပါတီနှစ်ခု ပေါင်းစည်းရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ နိုင်ငံကို ဆိုရှယ်လစ်ဝါဒနှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးဆောင်ခေါ်ဆောင်သွားနိုင်ရေးဘဲဖြစ်ပါတယ်။ ပါတီနှစ်ခု ပေါင်းစည်းမှုမလုပ်ခင်မှာ၊ နှစ်ပါတီစလုံး ၂၀၁၇ ခုနှစ် ပါလီမန်ရွေးကောက်ပွဲပြိုင်ပွဲမှာ မဟာမိတ်ဖွဲ့ကာ ပူးပေါင်းပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ မဟာမိတ်ပါတီက ပါလီမန်အမတ်နေရာအများစုကို သက်တောင့်သက်သာအနိုင်ရရှိခဲ့ပြီး၊ ပြည်နယ်လွှတ်တော် ၇ ခုမှ ၆ ခုတို့မှာ အနိုင်ရရှိခဲ့ပါတယ်။

Oli အစိုးရရဲ့ ကျဆုံးမှုအဖြစ် ပြသနေတာက မြို့တော် Kathmandu နဲ့ နိုင်ငံအနှံ့အပြားရှိ မြို့တွေမှာ ထောင်ပေါင်းများစွာသော လူငယ်တွေဟာ ဇွန်လ ၉ ရက်ကစပြီး ‘ရပ်တန်းကရပ်’ ဆိုတဲ့ ကြွေးကြော်သံကို အော်ဟစ်ကာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ပြသလျှက်ရှိနေပါတယ်။ COVID-19 ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ အစိုးရဖက်က ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ပေးဖို့ ၎င်းတို့က တောင်းဆိုနေကြပါတယ်။ လက်ရှိအချိန် နီပေါနိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း ၁၄,၀၀၀ ကျော်ရှိပြီး၊ ရောဂါပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၂၄ ဦး ရှိပါတယ်။

နီပေါနိုင်ငံမှ တိုင်းရင်းသားမျိုးနွယ်စုများနဲ့ လူနည်းစုအဖွဲ့အစည်းများကလည်း နီပေါနိုင်ငံသားများနှင့် လက်ထပ်ထိန်းမြှားထားသည့် နိုင်ငံခြားသူများအနေဖြင့် နီပေါနိုင်ငံသား ခံယူခွင့်အား ၇ နှစ်ကြာစောင့်ဆိုင်းရမည်ဖြစ်သည့် အစိုးရ၏ နိုင်ငံသားဆိုင်ရာ အခြေခံဥပဒေမူကြမ်းအသစ်ကို ဇွန်လ ၂၃ ရက်နေ့မှစပြီး ဆန့်ကျင်ဆန္ဒပြသလျှက်ရှိပါတယ်။ အဲသည့် ဆန္ဒထုတ်ဖော်ပြသမှုတွေဟာ Kathmandu မြို့နဲ့ Terai ဒေသအတွင်းရှိ မြို့တွေမှာ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်။

နီပေါနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ကာလကြာရှည်စွာ တည်ရှိနေတဲ့ ပထဝီရေးရာ၊ သမိုင်းနဲ့ ယဉ်ကျေးမှု ဆက်နွယ်မှုတွေမှာအခြေခံပြီး ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ရှိနေခဲ့တာပါ။ ဆက်ဆံရေးတွေဟာ နီးကပ်ခြင်း၊ ပြည့်စုံခြင်းနဲ့ ရှုထောင့်ပေါင်းစုံပါဝင်ပါတယ်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို လွန်ခဲ့သော ၁၉၄၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှ စတင်တည်ထောင်ခဲ့ပါတယ်။ နယ်စပ်ဖွင့်လှစ်ခြင်းနဲ့ ၁၉၅၀ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သဘောတူစာချုပ်ဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ ထူးခြားတဲ့ ကြင်အင်လက္ခာအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိ်ုင်ရေး၊ အချုပ်အခြာအာဏာဆိုင်ရာ တန်းတူညီမျှမှု စတဲ့ ကျင့်ဝတ်တွေကို ဆက်လက်ထိန်းသိမ်း ဖော်ဆောင်လျှက်ရှိပြီး၊ နီပေါနိုင်ငံရဲ့ မျှော်လင့်ခြင်းနဲ့ ထိခိုက်လွယ်တဲ့အနေအထားတွေကို နားလည်ကာ၊ တန်းတူညီမျှတဲ့ တိုးတက်ဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဖော်ကိုင်ဖက်ဖြစ်တာနဲ့အညီ အတူတကွ ကြီးထွားတိုးတက်လာဖို့ လုပ်ဆောင်နေပါတယ်။ Kathmandu အစိုးရအနေဖြင့်လည်း အလားတူ သဘောထား ရပ်တည်ချက်အတိုင်း ပြန်လည်တုံ့ပြန်လုပ်ဆောင်သင့်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Nihar R Nayak ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments