အိန္ဒိယ-သြစတြေးလျားဆက်ဆံရေး အွန်လိုင်း ထိပ်သီးစည်းဝေးပွဲနှင့် ရလဒ်များ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အင်ဒို-ပစိဖိတ် လေ့လာရေးဗဟိုဌာနမှ ဆောင်းပါးရှင် ပါမောက္ခ Shankari Sundararaman ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-သြစတြေးလျားဆက်ဆံရေး အွန်လိုင်း ထိပ်သီးစည်းဝေးပွဲနှင့် ရလဒ်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းလုံး COVID-19 ကူးစက်ပျံ့နှံ့မှု ရောဂါကပ်ဘေးကျရောက်မှုကြောင့် သွားလာလှုပ်ရှားမှုများ ပိတ်ပင်သည့် (lockdown) ချမှတ်ထားတဲ့ကာလအတွင်း အိန္ဒိယနိုင်ငံနဲ့ သြစတြေးလျားနိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ ထိပ်သီးအစည်းအဝေးကို ပထမဦးဆုံး အွန်လိုင်းပေါ်မှ လုပ်ဆောင်ခဲ့ပါတယ်။ ၎င်းထိပ်သီးအစည်းအဝေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးများကို ပိုမိုခိုင်မြဲဆောင်လုပ်ဆောင်သွားဖို့ နှစ်နိုင်ငံခေါင်းဆောင်များအကြား ၂၀၂၀ ခုနှစ် ဇန်နဝါရီလနှင့် မေလအတွင်း အပြန်အလှန်သွားရောက်လည်ပတ်ကာ လုပ်ဆောင်ဖို့ စီစဉ်ထားမှုရဲ့ နောက်ဆက်တွဲလုပ်ဆောင်ချက်ဖြစ်ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှု ကပ်ဘေးကျရောက်မှုကြောင့်၊ သွားလာလှုပ်ရှားရန် ခက်ခဲသည့်အတွက် နှစ်နိုင်ငံမှ ခေါင်းဆောင်တို့အကြား အွန်လိုင်းမှတဆင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးပွဲရဲ့ အဓိကအာရုံစိုက်မှုမှာ နှစ်နိုင်ငံဆက်ဆံရေးကို ဘက်ပေါင်းစုံပါဝင်တဲ့ နည်းဗျူဟာကျ ပူးပေါင်းလုပ်ဆောင်သူ အဆင့် တိုးမြင့်တည်ဆောက်သွားဖို့ဖြစ်ပါတယ်။ အစည်းအဝေးပွဲအတွင်း နှစ်နိုင်ငံတို့အကြား လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီမှု စာချုပ်ပေါင်း ၉ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ စီးပွားရေးနယ်ပယ်တွင် နှစ်နိုင်ငံကုန်သွယ်ရေး ဆက်ဆံမှုအတွင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုး အပြန်အလှန်ကုန်သွယ်မှုကို လုပ်ဆောင်သွားရန် သဘောတူခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံသည် ၎င်းရဲ့ စီးပွားရေးပေါင်းစည်းမှုအင်အားကို အင်ဒို-ပစိဖိတ်တဝှမ်းလုံးအပေါ်တွင် မှီခိုထားသည့်အလျောက်၊ သြစတြေးလျားနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် အဋ္ဌမမြောက် အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ပါတယ်။

COVID-19 စိန်ခေါ်မှုများနဲ့ စပ်လျဉ်းပြီး ဝန်ကြီးချုပ် Narendra Modi ဖက်က တင်ပြပြောဆိုခဲ့ရာမှာ၊ ကပ်ရောဂါဆိုးကြီးအား တားဆီးကာကွယ်နိုင်ဖို့၊ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ ပူးပေါင်းလုပ်ဆောင်မှုတို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကျန်းမာရေးပြုစုစောင့်ရှောက်မှု နယ်ပယ်တွင် ဖြစ်နိုင်သည့် ပူးပေါင်းလုပ်ဆောင်မှုများကို တင်ပြပြောဆိုခဲ့ကြရာတွင်၊ နှစ်နိုင်ငံအကြား ဆေးဝါးထုတ်လုပ်ရေးနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ပူးပေါင်း ဖော်ထုတ်သွားနိုင်ရန် အခွင့်အရေးများ ဖော်ဆောင်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းများနှင့် စီးပွားရေးကျဆင်းမှုများကို ကမ္ဘာတဝှမ်းလုံး ပူးပေါင်းထုတ်ဖော်သွားဖို့လိုအပ်ကြောင်း ထိပ်သီးအစည်းအဝေးပွဲပြီးနောက် နှစ်နိုင်ငံတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ရှင်းလင်းစွာ ရေးသားဖော်ပြထားပါတယ်။

လုံခြုံရေးနယ်ပယ်တွင် နှစ်နိုင်ငံအကြား အရေးပါသည့်၊ ဘုံထောက်ပို့ရေးများ ကူညီထောက်ပံ့ရန် သဘောတူညီမှု (MLSA) ကို အပြီးသတ်နိုင်ခဲ့ပါတယ်။ စစ်ဖက်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများကို အားကောင်းလာရန် တိုးမြင့်လုပ်ဆောင်ဖို့ ရည်ရွယ်သည့် MLSA သဘောတူညီမှုဟာ နှစ်နိုင်ငံအကြား လုံခြုံရေးနယ်ပယ်တွင် ဘုံတူညီမှုများကို ထုတ်ဖော်သွားဖို့ဖြစ်ပါတယ်။ ဘုံသဘောတူညီမှုဟာ နှစ်နိုင်ငံစစ်တပ်အကြား ထောက်ပံ့ပို့ဆောင်ရေး ကူညီမှုများ အပြန်အလှန်ပေးသွားဖို့ ဆက်သွယ်လုပ်ဆောင်သွားနိုင်ဖို့ဘဲဖြစ်ပါတယ်။ အဲသည့်သဘောတူညီမှုဟာ အင်ဒို-ပစိဖိတ်အတွင်း လုံခြုံရေးဆိုင်ရာ တွက်ချက်မှုများအတွက် အရေးပါလှပြီး၊ နှစ်နိုင်ငံတို့အကြား အစည်းအဝေးပွဲမှာလည်း ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနဲ့ သြစတြေးလျားနိုင်ငံတို့အကြား အင်ဒို-ပစိဖိတ်ဒေသအတွင်း ပူးပေါင်းလုပ်ဆောင်မှုကို များပြားတဲ့ချဉ်းကပ်မှုတို့မှတဆင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံအများအပြားပါဝင်တဲ့ လုံခြုံရေးပူးတွဲလုပ်ဆောင်မှုအဆင့်ဖြင့် လုပ်ဆောင်သွားရန် ကြိုးပမ်းနေတာကို ရှင်းလင်းစွာ မြင်တွေ့ရပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအား ကျင်းပခဲ့သော်လည်း၊ နှစ်နိုင်ငံစလုံးတို့မှာ အရှေ့အာရှနှီးနှောဖလှယ်ပွဲ၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး + (ADMM+) ၊ အိန္ဒိယသမုဒ္ဒရာရပ်ဝန်းအသင်းအဖွဲ့ (IORA) ကဲ့သို့သော နိုင်ငံအများအပြားပါဝင်သည့် လုပ်ဆောင်မှုများတွင်လည်း ပါဝင်နေပြီးဖြစ်ပါတယ်။ IORA အတွင်းမှာဘဲ အိန္ဒိယသမုဒ္ဒရာ သုံးပွင့်ဆိုင် ဆွေးနွေညှိနှိုင်းမှု (TDIO) မှာ အင်ဒိုနီးရှားနိုင်ငံနှင့်၎င်း၊ သြစတြေးလျား-အိန္ဒိယ-ဂျပန် သုံးပွင့်ဆိုင် လုပ်ဆောင်မှုတွေက အင်ဒို-ပစိဖိတ် ပူးပေါင်းလုပ်ဆောင်ရေးမှာ ပိုမိုအားကောင်းစေခဲ့ပါတယ်။ အလားတူဘဲ အင်ဒို-ပစိဖိတ် ဒေသအတွင်း ဘုံတူညီမှုများကို ဖော်ထုတ်ရန်အတွက် လေးပွင့်ဆိုင်ဆွေးနွေးညှိနှိုင်းမှု (Quad) ကိုလည်း ဖော်ဆောင်ထားပါတယ်။

နှစ်နိုင်တို့အကြား ပူးပေါင်းလုပ်ဆောင်ပြီးရရှိဖို့ ကြိုးပမ်းနေတဲ့ အဓိကတန်ဖိုးများမှာ ယခုအစည်းအဝေးပွဲမှာ မြင်တွေ့ရမှာဖြစ်ကြောင်း အစည်းအဝေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ သြစတြေးလျားနိုင်ငံ ဝန်ကြီးချုပ် Scott Morrison ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ရှင်းလင်းစွာ ရေးသားဖော်ပြထားပါတယ်။ ဘက်စုံပါဝင်သည့် နည်းဗျူဟာကျ ပူးပေါင်းလုပ်ဆောင်မှုရဲ့ အဓိကရည်ရွယ်ချက်များကို မီးမောင်းထိုးပြသပြီး သစ်လွင်သည့် ပူးပေါင်းလုပ်ဆောင်မှုအဆင့်ရဲ့ အရေးကြီးမှုကို ဝန်ကြီးချုပ်က အဓိကအာရုံစိုက်ခဲ့ပါတယ်။ ဒီမိုကရေစီနှင့် ဥပဒေစိုးမိုမှုတို့၏ တန်ဖိုးအား နှစ်နိုင်ငံအကြား မျှဝေမှုဘုံတူညီချက်ကို တိုက်ရိုက်ညွှန်းဆိုကာ၊ နှစ်နိုင်ငံဆက်ဆံရေးအား ဘုံနားလည်မှု၊ ယုံကြည်မှုနှင့် ဘုံအကျိုးအမြတ်တို့အပေါ်တွင် အခြေခံကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုထားပါတယ်။ အဆိုပါအခြေခံများမှာ နှစ်နိုင်ငံဆက်ဆံရေးနယ်ပယ်မှာ လွန်စွာအရေးကြီးပြီး၊ အင်ဒို-ပစိဖိတ်ဒေသအတွက် အခရာဖြစ်တဲ့ အရေးကြီးသော စည်းမျဉ်းများချမှတ်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုလည်းဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးတို့မှာ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေ တင်းမာမှုများနှင့် ကြုံတွေ့နေရချိန်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံမှာ Ladakh ဒေသရှိ နှစ်နိုင်ငံနယ်စပ်နေရာတွင် တရုတ်နိုင်ငံနှင့် အချင်းများကာ မတင်မကျအခြေအနေများ ရှိနေခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးကို အေးခဲစေခဲ့သည်။ သြစတြေးလျားနိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရောဂါကပ်ဘေး စတင်လာမှုကို စုံစမ်းဖော်ထုတ်ရန် ထောက်ခံပြောဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံနဲ့ တင်းမာမှုများရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံဖက်မှကြီးမားတဲ့ တုန့်ပြန်မှုကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ တားဆီးပိတ်ဆို့ အရေးယူမှုများကို လုပ်ဆောင်ခဲ့ပါတယ်။ သြစတြေးလျားနဲ့ တရုတ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်သို့ ကျရောက်သွားခဲ့ပြီး၊ တရုတ်သတင်းမီဒီယာများကလည်း သြစတြေးလျားနိုင်ငံအား မညှာမတာ ရေးသားဖော်ပြပြောဆိုခဲ့ကြပါတယ်။ အခုလို အခြအနေမှာ အိန္ဒိယနဲ့ သြစတြေးလျားနိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံပါဝင်တဲ့ နည်းဗျူဟာကျ ပူးပေါင်လုပ်ဆောင်ရေး သို့ အဆင့်မြင့်လုပ်ဆောင်လိုက်ခြင်းက လွန်စွာအရေးပါတဲ့ ခြေလှမ်းတခုဘဲဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ Shankari Sundararaman ဖေဝန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”