စီးပွားရေးကဏ္ဍတွင် အဖူးအပွင့်များ မြင်တွေ့နိုင်ပြီဟု ဝန်ကြီးချုပ်က ဖော်ပြလိုက်


သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတဲ့ “စီးပွားရေးကဏ္ဍတွင် အဖူးအပွင့်များ မြင်တွေ့နိုင်ပြီဟု ဝန်ကြီးချုပ်က ဖော်ပြလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဝန်ကြီးချုပ် Narendra Modi ဟာ ပထမအကြိမ် ပိတ်ဆို့မှုဖွင့်လိုက်ပြီးတဲ့နောက် ပေါ်ထွက်နေတဲ့ အခြေအနေတွေနှင့် Covid-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းနိုင်ရေး အစီအစဉ်တွေကို ဆွေးနွေးဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုနယ်မြေ အုပ်ချုပ်ရေး အရာရှိတွေနှင့်အတူ ဗီဒီယို ညီလာခံမှတဆင့် တုံ့လှယ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ဆဋ္ဌမကြိမ်မြောက် ဆွေးနွေးမှုဖြစ်ပြီး ဒီအရင်ကလည်း၊ မတ်လ ၂၀ ရက်နေ့၊ ဧပြီလ ၂ ရက်နေ့၊ ဧပြီလ ၁၁ ရက်နေ့၊ ဧပြီလ ၂၇ ရက်နေ့နှင့် မေလ ၁၁ ရက်နေ့တို့မှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံအတွင်း ကပ်ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရာမှာ ရောဂါတိုက်ဖျက်ဖို့ ချမှတ်ခဲ့တဲ့ အချိန်ကိုက်ဖြစ်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထိရောက်မှုရှိခဲ့တယ်လို့ ဝန်ကြီးချုပ်က သုံးသပ်ခဲ့ပါတယ်။ ယခုဆိုရင် သယ်ယူပို့ဆောင်ရေး ကဏ္ဍအားလုံးကို ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမား သိန်းပေါင်းများစွာတို့ကလည်း ၎င်းတို့ရဲ့ကျေးရွာတွေကို ပြန်သွားကြပြီဖြစ်ကာ အိန္ဒိယနိုင်ငံသား ထောင်ပေါင်းများစွာတို့ဟာ နိုင်ငံရပ်ခြားကနေ ပြန်လာကြပြီဖြစ်ကာ အိန္ဒိယနိုင်ငံအနေနှင့် လူဦးရေများပြားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကျန်ဒေသတွေမှာလို အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိတဲ့ ပုံစံမျိုးမဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ Atmanirbhar Bharat Abhiyaan စီမံကိန်းအောက်မှာ ပြုလုပ်ထားပြီးဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေး၊ ဥယျာဉ်ခြံ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် MSME ကဏ္ဍတို့ရဲ့ အရေးပါမှုရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဖြည့်ဆည်းပေးဖို့ တန်ဖိုးကွင်းဆက်တွေအပေါ် အတူတကွလုပ်ဆောင်သွားဖို့ အရေးကြီးပုံကိုလည်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။

ဒီဆွေးနွေးမှုဟာ ၂ ရက်ကြာ ဆွေးနွေးပွဲရဲ့ ပထမအပိုင်းဖြစ်ပြီး Punjab၊ Assam၊ Kerala၊ Uttarakhand၊ Jharkhand၊ Chhattisgarh၊ Tripura၊ Himachal Pradesh၊ Chandigarh၊ Goa၊ Manipur၊ Nagaland၊ Ladakh၊ Puducherry၊ Arunachal Pradesh၊ Meghalaya၊ Mizoram၊ Andaman & Nicobar ကျွန်းစု၊ Dadra Nagar Haveli & Daman Diu၊ Sikkim နှင့် Lakshadweep တို့အပါအဝင် ပြည်နယ်တွေနှင့် ပြည်ထောင်စုနယ်မြေတွေ ပါဝင်တက်ရောက်ခဲ့တာကို မြင်တွေ့ရပါတယ်။

အစောပိုင်းက ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံရဲ့ Covid-19 ကပ်ရောဂါတုံ့ပြန်မှုကို ပြန်လည်သုံးသပ်ဖို့အတွက် ဇွန်လ ၁၃ ရက်နေ့မှာ ထိပ်တန်းဝန်ကြီးတွေ၊ အရာရှိတွေနှင့်အတူ အသေးစိတ် ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံတော်အဆင့် အခြေအနေနှင့် ကပ်ဘေးဆိုင်ရာ ပြင်ဆင်ချက်တွေကို သုံးသပ်ခဲ့ကြပါတယ်။ စုစုပေါင်း ရောဂါဖြစ်ပွားမှုအနက် ၃ ပုံ ၂ ပုံတို့ဟာ မြို့ကြီးတွေမှာ ဖြစ်ပွားမှုအချိုးအစားထက် ကျော်လွန်မှုနှင့်အတူ ပြည်နယ် ၅ ခုတို့မှာတွေ့ရတာကို သုံးသပ်ခဲ့ကြပါတယ်။



ဝန်ကြီးချုပ်ဟာ လိုအပ်လာမှာဖြစ်တဲ့ မြို့တော်နှင့် ခရိုင်အတိုင်းအတာ ဆေးရုံ ကုတင်နှင့် သီးသန့်ထားရှိရေး ကုတင် လိုအပ်ချက်တွေနှင့်ပတ်သက်လို့ အခွင့်အာဏာပေးထားတဲ့ အုပ်စုရဲ့ အကြံပြုချက်တွေကို အသိအမှတ်ပြုခဲ့ပြီး ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတွေနှင့် ဆွေးနွေးရာမှာ အရေးပေါ် အစီအစဉ်တွေချမှတ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိတွေကို လမ်းညွှန်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ မုတ်သုန်မိုးဦးရာသီ စတင်လာခြင်းနှင့်အတူ သင့်လျော်တဲ့ ပြင်ဆင်ချက်တွေ ပြုလုပ်ထားဖို့အတွက်လည်း ဝန်ကြီးဌာနကို အကြံပြုဖော်ပြခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”