နီပေါနိုင်ငံ၏ မြေပုံအသစ်အား အိန္ဒိယနိုင်ငံက လက်မခံပယ်ချလိုက်ခြင်း
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ နိုင်ငံရေးဝေဖန်ရေးသမား Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “နီပေါနိုင်ငံ၏ မြေပုံအသစ်အား အိန္ဒိယနိုင်ငံက လက်မခံပယ်ချလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
နီပေါနိုင်ငံရဲ့ အောက်လွှတ်တော် Pratinidhi Sabha က တိုင်းပြည်ရဲ့ နယ်နိမိတ် သတ်မှတ်ထားတဲ့မြေပုံကို ပြင်ဆင်ရေးဆွဲနိုင်မယ့် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ၂၀၂၀ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ အတည်ပြုပေးခဲ့ပြီး၊ အဲသည့်မြေပုံအရ အိန္ဒိယနိုင်ငံ Uttarakhand ပြည်နယ်အတွင်းရှိ Pithoragarh ခရိုင်ထဲက တချို့နယ်မြေတွေဟာ နီပေါနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
အဲသည့်ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ အစောပိုင်းကာလမှာ ဆွေးနွေးဖို့ တင်သွင်းခဲ့ပါတယ်။ Kalapani, Limpiyadhura နဲ့ Lipulekh နယ်မြေများ နီပေါနိုင်ငံထဲကို ထည့်သွင်းထားတဲ့ နီပေါနိုင်ငံရဲ့ အဲသည့်မြေပုံအသစ်ကို ကက်ဘိနက်က ၂၀၂၀ ခုနှစ် မေလ ၁၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲသည့်နယ်မြေတွေဟာ အိန္ဒိယနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းတွေဖြစ်ပြီး၊ Uttarakhand ပြည်နယ် Pithoragarh ခရိုင်ရဲ့ အုပ်ချုပ်ရေးအောက်မှာ အမြဲတစေရှိနေခဲ့တာပါ။ အဆိုပါနယ်မြေဧရိယာဟာ စတုရန်း ကီလိုမီတာပေါင်း ၃၅၀ နီးပါးရှိပြီး၊ အိန္ဒိယနိုင်ငံသားများအတွက် Kailash Mansarovar သို့ ဘုရားဖူးသွားရာလမ်းကြောင်းနဲ့ အိန္ဒိယနဲ့ တိဘက်အကြား ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။ နောက်ပြီးအဲသည့်နယ်မြေဟာ အိန္ဒိယ၊ နီပေါနဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိဘက်ဒေသ သုံးပွင့်ဆိုင်လမ်းဆုံ အနီးမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
နီပေါနိုင်ငံရဲ့ အခုလိုလုပ်ဆောင်ခြင်းဟာ နှစ်နိုင်ငံအကြား နားလည်မှုရယူထားတဲ့ နယ်စပ်အရေးများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်လုပ်ဆောင်ရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံက ဖော်ပြပြေဆိုပါတယ်။ အခုလို နီပေါနိုင်ငံရဲ့ နယ်မြေချဲ့ထွင်တဲ့ အတုအရောင်လုပ်ဆောင်ချက်ဟာ မည်သည့် သမိုင်းဝင်သတင်းအချက်အလက်များနဲ့ အထောက်အထားတွေကိုမှ အခြေခံထားခြင်းမရှိကြောင်း အိန္ဒိယနိုင်ငံက အခိုင်အမာပြောကြားလိုက်ပါတယ်။ အစောပိုင်းက၊ နီပေါနိုင်ငံဖက်မှ အသစ်ပြင်ဆင်ရေးဆွဲထားတဲ့ မြေပုံသစ်ကို လွန်ခဲ့သောလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ချိန်မှာ၊ အဲသည်လို တရားနည်းလမ်းမကျတဲ့ အတင်းအကြပ်မြေပုံရေးဆွဲမှုတွေကို ရပ်တန့်လိုက်ရန် အိန္ဒိယနိုင်ငံဖက်က ပြောကြားခဲ့ပြီး၊ နယ်စပ်နယ်နိမိတ်အရေးများကို သံတမန်ရေးရာလမ်းကြောင်းဖြင့် ဆွေးနွေးအဖြေရှာရန် နီပေါနိုင်ငံခေါင်းဆောင်များမှ ဖန်တီးဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး Rajnath Singh က အိန္ဒိယနိုင်ငံအတွင်းလုံးလုံးသာဖြစ်တဲ့ Uttarakhand ပြည်နယ်ရှိ Dharchula မြို့မှ Lipulekh ကိုဖြတ်ပြီး Kailash Mansarovar ကိုသွားတဲ့ ကီလိုမီတာ ၈၀ ရှည်လျားတဲ့ ကားလမ်းကို ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပြီးနောက် နီပေါနိုင်ငံဖက်မှ မလိုအပ်တဲ့ Kalapani ငြင်းခုံမှုကို လုပ်ဆောင်လာခဲ့ပါတယ်။ အဆိုပါ လမ်းဖောက်လုပ်ရေး စီမံကိန်းကို နီပေါနိုင်ငံဖက်က လက်မခံပယ်ချခဲ့ပြီးနောက်၊ အဆိုပါလမ်းမှာ Mansarovar သို့သွားမည့် အိန္ဒိယနိုင်ငံသား ဘုရားဖူးများနဲ့ ကုန်သည်များအတွက် သွားရလွယ်ကူစေရန်သာဖြစ်ပြီး၊ လမ်းဖောက်လုပ်မှုမှာ အိန္ဒိယနိုင်ငံအတွင်းရှိ နယ်မြေများအတွင်း မှာသာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကလည်း အိန္ဒိယနိုင်ငံက Jammu နဲ့ Kashmir ပြည်နယ်ကို ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်ပြီး ထည့်သွင်းရေးဆွဲထားတဲ့ မြေပုံအသစ်ကို ထုတ်ပြန်ခဲ့ချိန်ကလည်း နီပေါနိုင်ငံဖက်က ဆန့်ကျင်ပြောဆိုမှုများလုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ မြေပုံသစ်မှာ Kalapani, Limpiyadhura နဲ့ Lipulekh တို့ကို အိန္ဒိယနိုင်ငံထဲ ထည့်သွင်းထားခြင်းအား နီပေါနိုင်ငံက လက်မခံပယ်ချခဲ့ပြီး၊ အဲသည့်နယ်မြေတွေဟာ အရင်မြေပုံတွေမှာလဲ အိန္ဒိယနိုင်ငံရဲ့ နယ်မြေထဲမှာအမြဲရှိနေခဲ့တာပါ။ အဲသည်နယ်မြေတွေဟာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတွေအဖြစ် အမြဲတစေရှိနေပြီး၊ လောလောဆယ် နီပေါနိုင်ငံဖက်က လုပ်ဆောင်တဲ့ မလျော်ကန်တဲ့တုံ့ပြန်ချက်တွေအတွက် အသစ်တောင်းဆိုမှု သို့မဟုတ် ရန်စမှုတွေကတော့ မရှိသေးပါဘူး။
ဒါပေမယ့်၊ နီပေါနိုင်ငံဖက်က ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး၊ နယ်နိမိတ်အငြင်းအခုံကိစ္စကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးအဆင့် တွေ့ဆုံဆွေးနွေးသွားဖို့ တောင်းဆိုခဲ့ပါတယ်။ နှစ်နိုင်ငံစလုံး COVID-19 ကူးစက်ပျံ့နှံ့မှုအရေးနဲ့ ရင်ဆိုင်နေရတာမို့ တွေ့ဆုံဆွေးနွေးမဲ့ ရက်ကိုတော့ မသတ်မှတ်ရသေးဘဲ၊ K.P. Sharma Oli အစိုးရမှ အဆိုပါနယ်မြေများကို နီပေါနိုင်ငံထဲ ထည့်သွင်းထားတဲ့ မြေပုံအသစ်ရေးဆွဲရေး ဥပဒေမူကြမ်းကို လွှတ်တော်ထဲကို တင်သွင်းခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သံတမန်ရေးလမ်းကြောင်းမှ ဖြေရှင်းသွားဖို့ ဖြစ်လာခဲ့ပါတယ်။ Mr Oli နှင့် နီပေါနိုင်ငံရဲ့ တခြားခေါင်းဆောင်များက ယခုအရေးကို တွေ့ဆုံဆွေးနွေးမှုကတဆင့် ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
၂၀၂၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ နီပေါအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် မူကြမ်းကို ၄ ရက်အတွင်း အတည်ပြုနိုင်ဖို့ အငြင်းပွားနေတဲ့ အဆိုပါနယ်မြေများနှင့်စပ်လျဉ်းပြီး နီပေါနိုင်ငံဖက်ကို အလေးသာစေမယ့် သမိုင်းဝင်အထောက်အထားများနဲ့ သက်သေများကို စုဆောင်းသွားဖို့ အသင်းတသင်းကို ဖွဲ့စည်းခဲ့ပါတယ်။ အဲသည့် မူကြမ်းကို နီပေါကက်ဘိနက်က အတည်ပြုခဲ့ပြီး အောက်လွှတ်တော်က နောက်ပိုင်း လက်ခံအတည်ပြုခဲ့ရင်လည်း နီပေါခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဆက်လက်ရှိကောင်း ရှိနေဆဲဖြစ်ပါမယ်။
အိန္ဒိယနဲ့ နီပေါနိုင်ငံဟာ ထုံးတမ်းအစဉ်အလာအရ ပထဝီရေးရာ၊ ယဉ်ကျေးမှု၊ သမိုင်းနှင့် ဘာသာရေးတွေမှာ ဆက်နွယ်မှုများရှိနေခဲ့ပါတယ်။ နှစ်နိုင်ငံတို့မှာ နယ်နိမိတ်ပြဿနာများကို ဖြေရှင်းတဲ့ ယန္တယားရှိပြီးသာဖြစ်ပြီး၊ ၉၈% သော နယ်နိမိတ်ငြင်းခုံမှုများကို ဖြေရှင်းခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိငြင်းခုံမှုကိုလည်း အိမ်နီးချင်းနှစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ သံတမန်ရေးလမ်းကြောင်းများကတဆင့် အစောဆုံးဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်ရပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment