BRICS အဖွဲ့၏ COVID-19 အား စုပေါင်းတုံ့ပြန်မှု နည်းဗျူဟာများ


သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ရုရှားနှင့် CIS အရေး ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Rajorshi Roy ရေးသားပေးပို့ထားတဲ့ “BRICS အဖွဲ့၏ COVID-19 အား စုပေါင်းတုံ့ပြန်မှု နည်းဗျူဟာများ” အကြောင်း သတင်းဆောင်းပါးကို အစီအရင်ခံ တင်ပြပါရစေ။

COVID-19 ကြောင့် ကမ္ဘာတဝှမ်းလုံး အနှောင့်အယှက်နှင့် ရင်ဆိုင်နေရချိန်တွင် တစ်မူထူးခြားတဲ့ စီမံဆောင်ရွက်မှုများကို ထုတ်ဖော်ရန် ထူးခြားတဲ့အခြေအနေမှာ ရောက်ရှိနေကြောင်း မကြာသေးမီကပဲပြုလုပ်ခဲ့တဲ့ BRICS အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးမှာ ထုတ်ဖော်ခဲ့ကြပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများဟာ ကမ္ဘာကြီးအား စီးပွားရေးကပ်ဘေးသို့ ကျရောက်လုနီးပါး ဖြစ်ပေါ်စေပြီး၊ နိုင်ငံများရဲ့ ကျန်းမာရေးဆိုင်ရာ တုံ့ပြန်လုပ်ဆောင်မှုစနစ်များကို ဒုက္ခပေးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို ဘုံရည်ရွယ်ချက်ဖြစ်သော စုပေါင်းတုံ့ပြန်ရေး နည်းဗျူဟာဖြင့် တုံ့ပြန်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးမှာ ကျန်းမာရေးနှင့် ချမ်းသာကြွဝမှုတို့ကို ပြန်လည်တည်ဆောက်ရေးမှာ အဓိကအာရုံစိုက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာဘဲဖြစ်ပါတယ်။ COVID-19 ကာလအလွန်တွင် ဖြစ်ပေါ်လာမည့် ကမ္ဘာကြီးအား ဦးဆောင်မည့်ကဏ္ဍနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခန်းဏ္ဍတို့တွင် ဘက်ပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းများအား ပြုပြင်ပြောင်းလဲရန် လိုအပ်မှုတို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးများကြား နှိုက်နှိုက်ချွတ်ချွတ်ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးပွဲမှထွက်ပေါ်လာသည့် အဓိကရလဒ်မှာ ထိခိုက်ပျက်ဆီးခဲ့ရသည့် BRICS အဖွဲ့ရဲ့ စီးပွားရေးကို ပြန်လည်တည်ဆောက်ပေးနိုင်ဖို့အတွက် အထူးချေငွေဆိုင်ရာလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ပိုမိုထိရောက်သည့် ဆေးဖက်ဆိုင်ရာ တု့ံပြန်လုပ်ဆောင်မှုများကို ဆောင်ရွက်နိုင်ဖို့အတွက် BRICS အဖွဲ့ဝင်နိုင်ငံများမှ ဆေးဖက်ဆိုင်ရာ အရာရှိများရဲ့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးပွဲကိုလည်း မေလ ပထမအပတ်တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းဖြစ်ပေါ်လာဖို့ ခြိမ်းခြောက်မှုကလည်း၊ ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းဒဏ်ကို ခံနေရသည့် BRICS အဖွဲ့ ၅ နိုင်ငံထဲမှ ၄ နိုင်ငံအတွက်တော့ ကြီးမားသည့် စိန်ခေါ်မှုတရပ်ဘဲဖြစ်ပါတယ်။

ဒီကနေ့ဟာ ပထမဦးဆုံး BRICS အဖွဲ့ရဲ့ ထိပ်သီးညီလာခံကို Yekaterinburg မှာ ပြုလုပ်ခဲ့ပြီးနောက် ၁၁ နှစ် ပြည့်မြောက်ခဲ့သည့်အချိန်လဲဖြစ်ပြီး၊ အဖွဲ့အစည်းရဲ့ ဥက္ကဌအဖြစ် အလှည့်ကျဆောင်ရွက်မှုကလည်း တပတ်လည်ခဲ့ပြီးဖြစ်ကာ၊ ရုရှားနိုင်ငံက ဥက္ကဌအဖြစ် ယခုလိုခက်ခဲသည့်အချိန်အတွင်းမှာ တဖန်ပြန်ပြီးတာဝန်ယူသွားမှာဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ၏ ၄၂% သော လူဦးရေကို ကိုယ်စားပြုထးတဲ့ BRICS အဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတိုင်းအတွက် ၎င်းတို့၏ ဘုံရည်ရွယ်ချက်များကို ဖော်ဆောင်နိုင်ဖို့ စင်္ကြံတခုအဖြစ်လည်း ရပ်တည်လျှက်ရှိပါတယ်။ အဆိုပါရည်ရွယ်ချက်တွေထဲမှာ စီးပွားရေးဆိုင်ရာအုပ်ချုပ်မှု၊ ကုလသမဂ္ဂ၏အဓိကကျမှုတို့အား ပြုပြင်ပြောင်းလဲရေး၊ အချုပ်အချာအာဏာကို လေးစားရန်နှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် နိုင်ငံအားလုံးပါဝင်သော သဘောတူစာချုပ်တွင် တန်းတူညီမျှသည့် နိုင်ငံအများအပြားပါဝင်သော ကမ္ဘာ့ထိန်းသိမ်းရေးအဖွဲ့အား အကောင်အထည်ဖော်ရေးတို့လည်း ပါဝင်သည်။

သို့ပေမယ့်လည်း နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် နိုင်ငံအားလုံးပါဝင်သော သဘောတူစာချုပ်သည် ပဋိပက္ခများကြားတွင် အငြင်းပွားဖွယ်ရာဖြစ်နေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပေါ် ယုံကြည်စိတ်ချရမှုကလည်း မေးခွန်းထုတ်စရာဖြစ်နေပြီး၊ လုံခြုံရေးကောင်စီက ကမ္ဘာလုံးဆိုင်ရာ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအား ဆွေးနွေးရန် ပျက်ကွက်နေခဲ့ပါတယ်။ အဲသည်လိုပဲ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း COVID-19 ကူးစက်ပျံ့နှံ့မှုကိုလျော့ချကန့်သတ်နိုင်စေမည့် ကူးစက်မှုအန္တရာယ်ကို စောစီးစွာသတိပေးခြင်းကို လုပ်ဆောင်ဖို့ပျက်ကွက်ခဲ့ပြီး၊ တရုတ်နိုင်ငံဖက်မှနေပြီး ကာကွယ်ပြောကြားခဲ့မှုများ ရှိကြောင်း စွပ်စွဲခံထားရပါတယ်။ တစ်စတစ်စ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံအပေါ် မကြေနပ်မှုများနဲ့ ဆန့်ကျင်မှုများကလည်း တန်းတူညီမျှရေးနှင့် ပေါင်းစည်းမှု အသစ်တို့ကို ပေါ်ပေါက်လာစေနိုင်ပါတယ်။ မိမိနိုင်ငံပထမ မူဝါဒဖက် ယိမ်းယိုင်မှုကလည်း ကြီးထွားလာနေပြီး၊ နိုင်ငံနယ်စပ်များကို ဖွင့်ပေးကာ ထောက်ပံ့ရေးအတွက် တစ်ဦးကိုတစ်ဦးမှီခိုခြင်းမူဝါဒအား အခြေခံထားသည့် ကမ္ဘာ့ရွာဖြစ်တည်မှု Globalisation စင်္ကြံကို စိန်ခေါ်နေပါတယ်။ နိုင်ငံအများအပြားက အတွင်းသဘောထားကို ပိုပိုပြီး ဆန်းစစ်ကြည့်လာနေချိန်မှာ ၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် နိုင်ငံအားလုံးပါဝင်သော သဘောတူစာချုပ်အတွက် ပြန်ပြီးချိန်ညှိခြင်းကလည်း ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။

ယခုလိုအထစ်အငေါ့များရှိနေလင့်ကစား၊ BRICS အဖွဲ့ရဲ့ ခိုင်မြဲသည့် စေ့စပ်ဆွေးနွေးရေး ယန္တယားက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ကို အတူတကွ ပူးပေါင်းလုပ်ဆောင်ရေး ဖြစ်စေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က BRICS အဖွဲ့က တင်ပြခဲ့တဲ့ ကာကွယ်ဆေး တိုးတက်ဖွံ့ဖြိုးရေးနှင့် သုတေသနဗဟိုဌာန ဖွဲ့စည်းရေးအဆိုပြုချက်က ပြန်ပြီး ဆွဲဆောင်လာပါတယ်။ အိန္ဒိယ၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်မှုတို့က တိုင်းရင်းဆေးအပါအဝင် စျေးနှုန်းသက်သာပြီး၊ ထိရောက်မှုရှိတဲ့ ဆေးဝါးတွေကို ဖန်တီးထုတ်လုပ်နိုင်ဖို့ အကူအညီများ ပေးနိုင်ပါတယ်။ ယောဂကျင့်စဉ်မှနေပြီး အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကို ရရှိခံစားစေနိုင်ပါတယ်။ အဲသည်လိုပဲ ပြန်လည်ဆန်းသစ်ပေးတဲ့ BRICS အဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး ယန္တယားကလည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် Black Swan ဟု ခေါ်သော အတိအကျခန့်မှန်းရန်နှင့် သိရှိရန် ခက်ခဲသည့် အဖြစ်အပျက်တို့မှ သက်သာစေရန် ကူညီပေးမှာဖြစ်ပါတယ်။ ယင်းနှင့်ဆက်စပ်မှုအနေဖြင့် BRICS အဖွဲ့ရဲ့ ဖွံ့ဖြိုးရေးဘဏ်အသစ် က သိပ္ပံနှင့်နည်းပညာတို့၏ ရှေ့ပြေးအဖြစ်ရှိနေတဲ့ အထက်ပါ အဆိုပါပြုချက်များကို ကူညီထောက်မပေးနိုင်ရန် အကောင်းဆုံးအခြေအနေမှာ နေရာယူထားပါတယ်။

စီးပွားရေးလှည့်ပတ်မှု ဆက်ပြီးတည်ရှိနေစေရန် အွန်လိုင်းမှလုပ်ကိုင်ခြင်းကွက်လပ်မှာ အရေးကြီးသည့် မရှိမဖြစ်ကဏ္ဍဖြစ်လာခဲ့ပြီး၊ ဆိုင်ဘာ လုံခြုံရေး အဓိကကျမှုကလည်း ပိုပြီး လေးနက်လာခဲ့ပါတယ်။ အဲသည်လိုပါဘဲ၊ ကမ္ဘာတဝှမ်းလုံး Lockdown ချထားမှုကလည်း သဘာဝတရားအလျောက် ကုသခြင်းနှင့် သဘာဝတရားက ၎င်း၏နေရာကို ပြန်လည်ရရှိစေခဲ့ကာ၊ ရာသီဥတုပြောင်းလဲမှု ကာကွယ်တားဆီးရေးတွင် အကျိုးသက်ရောက်မှုကို ပြန်လည် အလေးထားစေခဲ့ပါတယ်။ အထက်ပါအကြောင်းအရာတွေက BRICS အဖွဲ့၏ ပြောဆိုဆွေးနွေးပွဲမှာ အဓိကအာရုံစိုက်တဲ့ ကိစ္စတွေအဖြစ် ဆက်လက်ရှိနေပါတယ်။

BRICS အဖွဲ့ဝင်နိုင်ငံတွေအကြား မတူကွဲပြားတဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် တွေးခေါ်ကြံဆမှုတွေ ရှိနေပြီး၊ အဲဒါက ရုရှားနှင့် တောင်အာဖရိကနိုင်ငံတွေမှ COVID-19 ကိုင်တွယ်ဖြေရှင်းရာတွင် လစ်ဟာမှုများရှိခဲ့သည့် တရုတ်နိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကာကွယ်ရပ်တည်ပေးခဲ့ခြင်းက ဖော်ပြနေပြီး၊ မတူညီမှုများကို ဘေးဖယ်ထားကာ ဘုံအကျိုးအမြတ်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်မယ့် အစွမ်းရှိမရှိ ဆိုတဲ့ အက်စစ်လိုပြင်းထန်တဲ့ စမ်းသပ်မှုတွေက BRICS အဖွဲ့အတွက် ရှိနေပါတယ်။ COVID-19 ကြောင့် အနာဂတ်အတွက် မသေချာမရေရာမှုများဖြစ်ပေါ်လာနေစဉ်အချိန်အတွင်း၊ တဦးချင်းစီရဲ့အင်အားကိုစုပေါင်းပြီး ပြင်ထန်တဲ့ လေပြင်းမုန်တိုင်းဒဏ်ကို ကျော်လွှားနိုင်ဖို့ လုပ်ဆောင်မှုက မှန်ကန်ဆီလျော်မှုအရှိဆုံးဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Rajorshi Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”