မှန်ကန်သည့်ဖက်သို့ တက်လှမ်းလိုက်သည့် အွန်လိုင်းပေါ်မှ ဘက်မလိုက်လှုပ်ရှားမှု ညီလာခံ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ လူမှုသိပ္ပံဌာနမှ ညွှန်ကြားရေးမှူး Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “မှန်ကန်သည့်ဖက်သို့ တက်လှမ်းလိုက်သည့် အွန်လိုင်းပေါ်မှ ဘက်မလိုက်လှုပ်ရှားမှု ညီလာခံ” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက် အစီရင်ခံ တင်ပြသွားပါရစေ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုပြဿနာက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်ကိုသာမက နိုင်ငံတခုချင်းစီနဲ့ ကမ္ဘာလုံးဆိုင်ရာ အစိုးရအုပ်ချုပ်ရေး အဖွဲ့အစည်းများအတွက် စကြုံစဖူး စိန်ခေါ်မှုများကို ဖန်တီးခဲ့ပါတယ်။ သံတမန်ရေးရာနှင့် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတို့လည်း စကြုံဖူးသေးတဲ့ ကန့်သတ်မှုတွေနဲ့ တွေ့ကြုံလိုက်ရပါတယ်။ ဘက်မလိုက်လှုပ်ရှားမှု (NAM) အသင်းဝင်များရဲ့ အစည်းအဝေးကို အွန်းလိုင်းပေါ်မှပြုလုပ်ရန် လက်ရှိဥက္ကဌဖြစ်တဲ့ အဇာဘိုင်ဂျန်နိုင်ငံရဲ့သမ္မတ Ilham Aliyev ရဲ့ စည်းရုံးမှုနဲ့ လှုပ်ရှားမှုက မှန်ကန်တဲ့ဖက်ကို တက်လှမ်းလိုက်တဲ့ ခြေလှမ်းပဲဖြစ်ပါတယ်။ ဗီဒီိယိုဆက်သွယ်ရေးမှတဆင့် ပြုလုပ်ခဲ့တဲ့ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရခေါင်းဆောင်များနဲ့ တခြားသူများ တက်ရောက်ပါဝင်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Narendra Modi က ညီလာခံအတွင်း မိန့်ခွန်းပြောကြားခဲ့ရာမှာ “တရားမျှတမှု၊ တန်းတူညီမှုနဲ့ လူသားဆန်မှုတို့မှာ အခြေခံတဲ့ ကမ္ဘာကျေးရွာဖြစ်တည်မှုအတွက် ပုံစံသစ်ကို” လိုအပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များရဲ့ အာရုံကိုစွဲဆောင်စေနိုင်ခဲ့တဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လက်တွေ့ ဖြစ်တည်မှုအသစ်များကို ဖွင့်ဆိုပြရန်အတွက် မရှိမဖြစ် အရေးပါသည့်အရာဖြစ်ကြောင်း လုပ်ဆောင်သွားရန် လိုအပ်နေမှုကို ဝန်ကြီးချုပ် Modi က ချပြသွားခဲ့ပါတယ်။ NAM အသင်းဟာ ကျင့်ဝတ်သိက္ခာကြီးမားသည့် အင်အားအဖြစ် ဆက်လက်ချီတက်နေမှာဖြစ်ပြီး၊ နောက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ စာနာထောက်ထားမှု၏ ကိရိယာတခုကဲ့သို့ ဖြစ်လာမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ၎င်းစိတ်ဓါတ်ကို အခြေခံပြီး အိန္ဒိယနိုင်ငံက NAM အဖွဲ့ဝင်အများစုနိုင်ငံများပါဝင်တဲ့ နိုင်ငံပေါင်း ၁၂၀ ကို ဆေးဖက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဆေးဝါးထုတ်လုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့ပေးတဲ့ ကဏ္ဍတွေမှာ နာမည်ကောင်းကို ရရှိထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဝန်ကြီးချုပ် Modi ကလည်း အိန္ဒိယနိုင်ငံကို “ကမ္ဘာကြီး၏ ဆေးဝါးဖော်စပ်သူ” နိုင်ငံအဖြစ် ညွှန်းဆိုပြောကြားခဲ့ပါတယ်။ အလွန်အရေးကြီးတဲ့ တချို့ဆေးဝါးတွေကို အာဖရိကတိုက်အပါအဝင် ကမ္ဘာကြီးရဲ့ အရေးပါတဲ့နေရာတွေကို အိန္ဒိယဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေက ဖြန့်ဖြူးပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ယေဘုယျဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းက မိမိတို့ရဲ့ အမည်ကို ထွန်းပေါက်အောင် လုပ်ဆောင်နိုင်ခဲ့ကြပြီး၊ ကမ္ဘာ့စျေးကွက်မှာ ၎င်းတို့ရဲ့ နာမည်တွေကို မြင်တွေ့နိုင်ပါတယ်။ အာဖရိကနဲ့ လက်တင်အမေရိကတိုက်က နိုင်ငံတွေဟာ အိန္ဒိယနိုင်ငံမှ ၎င်းတို့ရဲ့နိုင်ငံတွေထဲ ဝင်ရောက်လုပ်ကိုင်မှုတွေကြောင့် အကျိုးအမြတ်တွေ ရရှိခံစားနေကြရပါတယ်။ ယနေ့အချိန်မှာဆိုရင် အဆိုပါ တိုက်နှစ်တိုက်က နိုင်ငံတွေမှာ လူလတ်တန်းစားတွေထက်နိမ့်သည့် လူမှု့အသိုင်းအဝို်င်းတွေအတွက် စျေးနှုန်းချိုသာစွာနဲ့ ဝယ်ယူရရှိနိုင်မယ့် ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေနဲ့ တခြားဆေးဝါးတွေ ရရှိနေနိုင်ပါပြီ။ နောက်ပြီး တခြားအကျိုးရလဒ်ကတော့ အစိုးရရဲ့ လူထုအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကုန်ကျစရိတ်သက်သာအောင်လည်း ကူညီပေးခြင်းပဲဖြစ်ပါတယ်။

ညီလာခံမှ ကြေညာချက်ဖြစ်သည့် ‘COVID-19 အား အတူတကွပူးပေါင်းတိုက်ဖျက်ရေး’ သည် ကမ္ဘာကြီးက ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတကာ၏ စာနာထောက်ထားမှု အရေးကြီးကြောင်းကို ထုတ်ဖော်ပြသလိုက်ခြင်းလည်းဖြစ်သည်။ လက်တွေ့အရေးယူလုပ်ဆောင်မှုကို ရှေးရှုသည့် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပြီး၊ NAM အဖွဲ့ဝင်နိုင်ငံများရဲ့ လိုအပ်ချက်များကို သိရှိဖော်ထုတ်နိုင်ရန် အထူးလုပ်ငန်းအဖွဲ့ (task force) အား ဖွဲ့စည်းသွားဖို့အတွက်လည်း ညီလာခံမှာ သဘောတူခဲ့ကြပါတယ်။

NAM ဆက်သွယ်ရေးအဖွဲ့ ညီလာခံအတွက် ပုံစံနမူနာဟာ ဝန်ကြီးချုပ် Modi ရဲ့ SAARC အဖွဲ့ဝင်နိုင်ငံများနဲ့ ဗီဒီယိုဆက်သွယ်ရေးမှတဆင့် အစည်းအဝေးပြုလုပ်ဖို့ စေ့စပ်ညှိနှိုင်းခဲ့ခြင်း လုပ်ဆောင်မှုက ရယူခဲ့တာဟာ သိသာထင်ရှားနေပါတယ်။ ဒါ့အပြင် တမူထူးကဲတဲ့ G-20 အဖွဲ့ဝင်တွေရဲ့အစည်းအဝေးတောင်မှ အိန္ဒိယနိုင်ငံရဲ့ SAARC အစည်းအပေးပွဲပြုလုပ်ဖို့ စေ့စပ်ညှိနှို်င်းလုပ်ဆောင်မှုက လွှမ်းမိုးမှုရှိစေခဲ့ပါတယ်။ နောက်ပြီး SAARC အဖွဲ့ရဲ့ ဗီဒီယိုအစည်းအဝေးပြီးဆုံးခဲ့ပြီး ၂ ရက်အကြာမှာ ဝန်ကြီးချုပ် Modi ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံ အိမ်ရှေ့မင်းသား Mohammed bin Salman အား ဆက်သွယ်စကားပြောဆိုခဲ့ပြီး၊ အလားတူ အွန်လိုင်းအစည်းအဝေးပွဲမျိုး ပြုလုပ်သွားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

ကမ္ဘာတဝှမ်းလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန်မှာ သံတမန်ဆက်ဆံရေးဟာလည်း စိန်ခေါ်မှု အသစ်နဲ့ တွေ့ကြုံရင်ဆိုင်နေရပါတယ်။ အခြေအနေများ ဆက်လက်ပြောင်းလဲမှုမရှိပဲ၊ ယခုနှစ်အတွင်းမှာ ကျင်းပဖို့ရှိနေတဲ့ BRICS ညီလာခံ၊ NPT ရဲ့ နှစ် ၅၀ ပြည့်မြောက် ညီလာခံ၊ ၂၀၂၀ ခုနှစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံနဲ့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အထွေထွေညီလာခံအပါအဝင် အစည်းအဝေးပွဲများနဲ့ ညီလာခံအများစုဟာ အွန်လိုင်းကနေ ပြုလုပ်သွားဖို့ အလားလာရှိနေပါတယ်။ အွန်လိုင်းညီလာခံဟာ စံနမူနာသစ်တစ်ခု ဖြစ်လာနိုင်ချေရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုဟာ သံတမန်ရေးရာ ဆက်ဆံမှုကို ယခုလိုကပ်ဘေးအချိန်အတွင်း မည်သို့ပြောင်းလဲလုပ်ဆောင်သွားရမှာကို ဖိအားပေး လုပ်ဆောင်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Software ထုတ်လုပ်သည့်ကဏ္ဍမှာ ဦးဆောင်နိုင်ငံဖြစ်သည့်အလျောက် ယခုလိုစိန်ခေါ်မှုကို ကောင်းစွာ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ပါတယ်။ အွန်းလိုင်းမှတဆင့် သွားရောက်လည်ပတ်ခြင်းနှင့် ညီလာခံများပြုလုပ်ခြင်းတို့ဟာ အချိန်အတိုင်းအတာတခုအထိ ဆက်လက်ရှိနေမှာဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပြီးဆုံးသွားပါက ပြောင်းလဲသွားတဲ့ ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးဟာ မမှတ်မိနိုင်အောင်ရှိသွားမှာပဲ ဖြစ်ပါတယ်။

အဖွဲ့အစည်းတွေဟာ အချိန်နှင့်အမျှပြောင်းလဲသွားရမှာဖြစ်ပြီး၊ အဲသည်လိုမလုပ်ဆောင်နိုင်ခဲ့ပါက ၎င်းတို့ဟာ သမိုင်းမှာ မြေဆီလွှာတခုအဖြစ်၊ မှတ်တမ်းတခုအဖြစ်သာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ အလားတူပါပဲ NAM ကလည်း ပြောင်းလဲတိုးတက်ဖို့ လိုအပ်ပါတယ်။ ၎င်းအနေဖြင့် ကမ္ဘာကြီးရဲ့ တိုးတက်ပြောင်းလဲမှုနှင့်အတူ ထိရောက်စွာ တုန့်ပြန်လုပ်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်။ NAM ရဲ့အရေးယူလုပ်ဆောင်မှုများကို ဖွဲ့စည်းခြင်းနှင့် ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းမှုတွေဟာ လက်တွေ့ကျသည့် ကမ္ဘာကြီး၏ဖြစ်ပေါ်တိုးတက်မှုအပေါ် အခြေခံရပါမယ်။ လှုပ်ရှားမှုတိုင်းဟာ အသစ်သောအခွင့်အရေးများကို ရယူနိုင်ဖို့နဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက်၊ လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနဲ့ ခေတ်မီအောင် အဖွဲ့အစည်းကို လုပ်ဆောင်ခြင်းစသည်တို့ကို ပြုလုပ်ရပါမယ်။ သံတမန်ရေးရာနဲ့ အဆင့်မြင့် ညီလာခံတို့ဟာ ပြည့်စုံတဲ့ ဖြေရှင်းချက်တွေအတွက်တော့မဟုတ်ပါဘူး၊ ဒါပေမယ့် ရလဒ်တွေဟာ စစ်ပွဲတွေထက် အကုန်အကျအများကြီးလျော့နည်းပြီး၊ အားလုံးကို ပြေလည်အောင် ဆောင်ကြဉ်းပေးနိုင်ပါတယ်။

တခါတရံမှာ သမိုင်းဟာ ရှေ့ဆက်သွားပြီး တခါတရံမှာ နောက်ပြန်လှည့်တတ်ပါတယ်။ NAM အတွက်လည်း အလားတူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား ကဗျာဆရာနှင့် မနုဿဝါဒီဖြစ်တဲ့ Walt Whiteman ပြောကြားထားသလို “ကျွန်ုပ်ဟာ ကြီးမားပါတယ်၊။ ကျွန်ုပ်မှာ အမြောက်အများပါဝင်ပါတယ်” ဆိုသလိုပဲ NAM ရဲ့ အဓိက ဝါဒရေးရာ ဇစ်မြစ်ကလည်း ဆက်လက်ပြီး ထိရောက်မှုရှိကာ ဆီလျော်မှုတွေရှိနေစဲဖြစ်ပါတယ်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”