အိန္ဒိယနိုင်ငံ၏ ကမ္ဘာတဝှမ်းသို့ ကူညီထောက်ပံမှုများ ဆက်လက်တည်ရှိနေခြင်း
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ သတင်းဝေဖန်ဆန်းစစ်သူ Kaushik Roy ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံ၏ ကမ္ဘာတဝှမ်းသို့ ကူညီထောက်ပံ့မှုများ ဆက်လက်တည်ရှိနေခြင်း” ဆိုတဲ့ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီရင်ခံ တင်ပြပါရစေ။
အိန္ဒိယနိုင်ငံအနေဖြင့် COVID-19 ကူးစက်ပျံ့နှံ့မှု အခြေအနေကြောင့် နိုင်ငံအတွင်း တတိယအဆင့် (3.0) Lockdown ချမှတ်မှုသို့ ဝင်ရောက်လာချိန် တဆက်တည်းပဲ နိုင်ငံတကာသို့ အကူအညီပေးမှုများလည်း လစ်လပ်မှုမရှိအောင် လုပ်ဆောင်နေပါတယ်။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်း တည်ငြိမ်ကျဆင်းသွားအောင် ကြိုးပမ်းလုပ်ဆောင်နေရုံမက နယူးဒေလီအစိုးရဟာ ကမ္ဘာတဝှမ်းလုံးကို ကူညီနိုင်ရန် ပိုမိုအားထုတ်လုပ်ဆောင်သွားဖို့အတွက် အသင့်ရှိနေပါတယ်။
အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် တခြားနိုင်ငံများကို ကူညီထောက်ပံ့ပေးမှုများဆက်လက် လုပ်ဆောင်နေပြီး၊ ဝန်ကြီးချုပ် Narendra Modi ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ပြီး၊ ခေါင်းဆောင်နှစ်ဦးတို့ဟာ ဒေသအတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တို့ဟာ မိမိတို့နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စပ်ကူးစက်ပျံ့နှံ့မှု ဂယက်ကြောင့် ထိခိုက်မှုများကို လျှော့ချနိုင်ငံရန် အဆင့်အဆင့် လုပ်ဆောင်နေမှုများကို ဖလှယ်ခဲ့ကြပါတယ်။
လွန်ခဲ့သော မတ်လ အတွင်း SAARC အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်တို့ရဲ့ ဗီဒီယိုအစည်းအဝေးမှာ သဘောတူထားတဲ့ အထူးကြိုတင်ပြင်ဆင်မှုများကို အကောင်အထည်ဖော် လုပ်ဆောင်နေမှုများ ကြေနပ်အားရမှုရှိကြောင်း၊ ဝန်ကြီးချုပ် Modi နှင့် Ms Hasina တို့ ထုတ်ဖော်ခဲ့ကြပါတယ်။ SAARC အဖွဲ့၏ COVID-19 အရေးပေါ် ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်း ပါဝင်ထည့်ဝင်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း Mr Modi က ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ပြောကြားခဲ့ပြီး၊ ဒေသအတွင်း COVID-19 တိုက်ဖျက်ရေးတွင် ပူးပေါင်းလုပ်ကိုင်နိုင်ရန် ဦးဆောင်မှုပေးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အကူအညီများ ပေးပို့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ် Hasina ကလည်း ဝန်ကြီးချုပ် Modi အား ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသည် Chennai နှင့် Kolkata မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပြည်တော်ပြန်ရေးတွင်လည်း ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။
နှစ်နိုင်ငံအကြား လိုအပ်သည့် ကုန်ပစ္စည်းများကို ကုန်းလမ်း၊ ရထားလမ်း၊ လေကြောင်းနှင့် ရေကြောင်းများမှတဆင့် နယ်စပ်ဖြတ်ကျော်ကာ ဆက်လက် ပေးပို့နိုင်သည့်အတွက် ခေါင်းဆောင်နှစ်ဦးတို့ဟာ ကြေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံက ဆက်လက်ဖြစ်ပေါ်နေသော COVID-19 ကူးစက်ပျံ့နှံ့မှုဂယက်ကြောင့် ထိခိုက်နေသည့် စီးပွားရေးနှင့် ကျန်းမာရေးတို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ကူညီရန် အသင့်ရှိကြောင်း Mr Modi က Ms Hasina ကို ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် Modi သည် မြင့်မြတ်သည့်လဖြစ်သော Ramzan လတွင် ဘင်္ဂလားဒေ့ရှ်ပြည်သူများကို နှုတ်ခွန်းဆသခဲ့ပြီး၊ ယခုလို အကြပ်အတည်းကာလတွင် ၎င်းတို့နှင့်အတူရှိကြောင်း ပြန်လည်တဖန် ခိုင်ခိုင်မာမာပြောကြားခဲ့ပါတယ်။
Mr Modi ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆက်သွယ်ပြောဆိုခဲ့ပြီး၊ ဒေသအတွင်းနဲ့ ပြည်တွင်းထဲက COVID-19 ကူးစက်ပျံ့နှံ့မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် လုပ်ဆောင်မှုများကို ခေါင်းဆောင်နှစ်ဦးကြား ဖလှယ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းပထမ မူဝါဒတွင် အရေးကြီးသည့် စင်္ကြံတခုဖြစ်သည့် အလျောက် COVID-19 ဂယက်ကြောင့် ထိခိုက်ရသည့် စီးပွားရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးတို့တွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအား လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် Modi မှ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိင်ငံရှိ မြန်မာနိုင်ငံသားများကို အကူအညီများပေးအပ်မည့်အကြောင်း ဝန်ကြီးချုပ် Modi က ပြောကြားခဲ့ပြီး၊ မြန်မာနိုင်င်ငံအတွင်းရှိ အိန္ဒိယနိင်ငံသားများကို ကူညီဖေးမမှုများပေးအပ်သည့်အတွက် ကျေးဇူတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုပြောကြားခဲ့ပါတယ်။ COVID-19 ဂယက်ကြောင့် တွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖော်ထုတ်ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြရန်အတွက် မပြတ်ဆက်သွယ်သွားကြဖို့ ခေါင်းဆောင်နှစ်ဦးကြား သဘောတူခဲ့ကြပါတယ်။
ဝန်ကြီးချုပ် Modi ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ် Prayut Chan-o-cha နဲ့လည်း တယ်လီဖုန်ဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ် Modi ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ အစည်းအဝေးကို တက်ရောက်၎င်းရဲ့ခရီးစဉ်အကြောင်းကို ပြန်ပြောင်းသတိရကာ ပြောဆိုခဲ့့ပါတယ်။ ဝန်ကြီးချုပ်က ထိုင်းနိုင်ငံ တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူများကို နှုတ်ခွန်းဆက်သခဲ့ပြီး၊ ခေါင်းဆောင်နှစ်ဦးတို့ဟာ မိမိတို့နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့အား ကာကွယ်တားဆီးရေး လုပ်ဆောင်မှုများကို ပြောဆိုဖလှယ်ခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို ထိရောက်စွာတိုက်ဖျက်နိုင်ဖို့ ဒေသတွင်းနှင့် ကမ္ဘာတဝှမ်းလုံးမှ ပူးပေါင်းလုပ်ကိုင်သွားရန် အရေးကြီးကြောင်း ဝန်ကြီးချုပ် Modi က ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံမှ လိုအပ်နေတဲ့ ဆေးဖက်ဆိုင်ရာ အကူအညီများကို ကူညီထောက်ပံ့ရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် Modi က ဝန်ကြီးချုပ် Chan-o-cha အား အတည်ပြုပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံရဲ့ သုတေသနပညာရှင်များ၊ သိပ္ပံပညာရှင်များနဲ့ ဆန်းသစ်တီထွင်သူများအကြား ပိုမိုပူးပေါင်းလုပ်ကိုင်သွားကြဖို့ လိုအပ်နေကြောင်း ခေါင်းဆောင်နှစ်ဦးစလုံး သဘောတူညီခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား သက်ဆိုင်ရာနိုင်ငံအတွင်းနေထိုင်နေသည့် မိမိနိုင်ငံသားများကို ကူညီဖေးမမှုများပေးခဲ့သည့်အတွက် ခေါင်းဆောင်နှစ်ဦးတို့ အကြား အပြန်အလှန်ကျေးဇူးတင်စကား ပြောဆိုခဲ့ကြပါတယ်။
နှစ်နိုင်ငံအကြား တိုင်းရင်းလူမျိုးစုနှင့် ရှေးရိုးရာယဉ်ကျေးမှုတို့မှာ ဆက်နွယ်မှုတို့ဖြင့် ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် ပင်လယ်ရေကြောင်း ပူးပေါင်းလုပ်ကိုင်မှုတွင် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံလည်း ဖြစ်ပါတယ်။
ဒေသအတွင်းနဲ့ တခြား ပိုမိုဝေးကွာသည့် အိမ်နီးချင်းနိုင်ငံများသို့ အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုများ ဆက်လက်ရောက်ရှိနေပါတယ်။ နယူးဒေလီအစိုးရဟာ ဆေးဝါးပစ္စည်းများ နဲ့ ကူညီရေးအဖွဲ့များကို နိုင်ငံအများအပြားသို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိနိုင်ငံအတွင်းရှိ နိုင်ငံခြားသားများ ပြည်တော်ပြန်ရေးတွင်လည်း ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။
ကူညီထောက်ပံ့မှုများ အရေးတကြီးလိုအပ်နေသည့် အခုလိုအချိန်ကာလမျိုးမှာ အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ အကူအညီများ ပေးပို့ခဲ့ခြင်းကို နိုင်ငံအများအပြားက ချီးကျူးပြောဆိုနေပါတယ်။ COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ လူသားထုအားထိခိုက်ရိုက်ခတ်မှုများ လျော့ပါးစေရေးအတွက် အိန္ဒိယနိုင်ငံရဲ့ ကိုယ်ကျိုးမကြည့်ဘဲ ကူညီထောက်ပံ့မှုတွေဟာ ကိုရိုနာ အလွန်ကာလမှာ နာမည်ကောင်းကျန်ရစ်စေမည်မှာ ဧကန်မလွှဲဖြစ်ပါကြောင်း ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment