“COVID-19 ပါကစ္စတန် အလစ်အငိုက် ဖမ်းခံလိုက်ရခြင်း”

ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်အရေး ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 ပါကစ္စတန် အလစ်အငိုက် ဖမ်းခံလိုက်ရခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်တင်ပြပါရစေ။

လွန်ခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းမှာ နိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူအနည်းငယ်ကို ပထမဦးဆုံးတွေ့ရှိခဲ့ချိန်မှစပြီး၊ COVID-19 တိုက်ဖျက်ရေးတွင် ပါကစ္စတန်နိုင်ငံ၏ လုပ်ဆောင်ချက်များမှာ အပြင်းပွားဖွယ်ကိစ္စများစွာနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးသယ်ဆောင်လာသူများမှာ အီရန်နိုင်ငံသို့ ဘုရားဖူးသွားပြီး Taftan နယ်စပ်ဂိတ်မှတဆင့် နိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး၊ လက်ရှိအချိန်အထိ တနိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀,၀၀၀ ခန့်ရှိပြီး၊ သေဆုံးသူ ၂၀၀ ကျော် ရှိသွားပြီဖြစ်သည်။ ဒါပေမယ့်လည်း ပါကစ္စတန်နိုင်ငံသည် နေ့စဉ် ကူးစက်ခံရသူများနှင့် သေဆုံးသူများ၏ အရေအတွက်စာရင်းကို လျော့ချပြီး ထုတ်ပြန်နေပါတယ်။ အဲဒါက ပါကစ္စတန်နိုင်ငံမှာ ကူးစက်ပြန့်ပွားမှုနှုန်း လျင်မြန်စွာဖြစ်ပေါ်နေနိုင်တယ် ဆိုတာကို ပြသနေခြင်းပဲဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Khan ၏ သွားလာလှုပ်ရှားမှုများကို ပိတ်ပင်ခြင်း (lockdown) ကို အပြည့်အဝအကောင်အထည်ဖော်ခြင်းအပေါ် ပြီးပြည့်အောင်လုပ်ဆောင်ခြင်းမရှိတဲ့ အပြုအမူ၊ စီးပွားရေးလုပ်ငန်းများအပေါ်ဆုံးဖြတ်ချက်၊ Ramzan မူစလင်များအတွက် သန့်ရှင်းမြင့်မြတ်သောလတွင် ဝတ်ပြုဆုတောင်းသူများအတွက် ဗလီများဖွင့်ပေးရေး ဆုံးဖြတ်ချက်ကို ရှင်းလင်းစွာချမှတ်ထားခြင်းမရှိသေးဘဲ၊ အဲဒါတွေထက်ပိုပြီး၊ အစ္စလမ်မာဘတ်အစိုးရဟာ Kashmir အရေးကို အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဆက်လက်ကြိုးပမ်းနေပြီး၊ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများက Khan အစိုးရ၏ ပေါ်လစီ မူဝါဒများအပေါ် ယုံကြည်မှုများ ကင်းမဲ့စေကာ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုထိန်းချုပ်ရေးအပေါ် ၎င်း၏ အလေးထားလုပ်ဆောင်မှုကိုလည်း သံသယဖြစ်စေခဲ့ပါတယ်။

ဘုံတူညီသည့် ပေါ်လစီကိုရေးဆွဲရန်အတွက် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား ယုံကြည်မှုများ လျော့ကျနေခြင်းကလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် အဟန့်အတားဖြစ်နေစေပါတယ်။

အလုံးစုံ Lockdown ချမှတ်ရန်အတွက် ပါကစ္စတန်နိုင်ငံတွင် ငြင်းခုံမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ Lockdown အပြည့်အဝချမှတ်သည့်အတွက် နိုင်ငံလူဦးရေ၏ ၂၅% ရှိတဲ့ ဆင်းရဲသားပြည်သူများကို ထိခိုက်မှာကို စိုးရိမ်တဲ့ ဝန်ကြီးချုပ် Khan က အသက်ကိုလည်းကယ်၊ စီးပွားရေးများလည်း ဆက်လက်လည်ပတ်ရေးကို အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို တိုက်ဖျက်ရန် ပါကစ္စတန်အစိုးရသည် COVID-19 ကူးစက်ပြန့်နှံ့မှု ကာကွယ်ရေး ကူညီကယ်ဆယ်ရေးရန်ပုံငွေနှင့် ကိုရိုနာ ကူညီကယ်ဆယ်ရေး တပ်ဖွဲ့ (CRTC) ကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတကာမှာရောက်ရှိနေတဲ့ ပါကစ္စတန်လူမျိုးများကို အဆိုပါအဖွဲ့သို့ ရန်ပုံငွေများလှူဒါန်ကြပါရန် Mr Khan က တိုက်တွန်းနိုးဆော်နေပါတယ်။ ဒါပေမယ့် မေးစရာကတော့ CRTC အဖွဲ့ဝင်များကို ရွေးချယ်တဲ့ သတ်မှတ်ထားတဲ့ အခြေခံလိုအပ်ချက်များနဲ့ အင်အားပဲဖြစ်ပါတယ်။

အဆိုပါအဖွဲ့အား ပါကစ္စတန် အတိုက်အခံပါတီများက ‘နိုင်ငံရေးအရ အင်အားတခု’ ဖန်တီးခြင်းအဖြစ် ဝေဖန်ပြောဆိုထားပြီး၊ အဆိုပါအဖွဲ့တွင် Pakistan Tehreek-e-Insaaf (PTI) ပါတီဝင် လုပ်သားအများအပြားပါဝင်ကာ၊ ၎င်းတို့မှတဆင့် PTI ပါတီသည် ပြည်နယ်အတွင်းရှိ နိုင်ငံရေးအသိုင်းအဝိုင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ချယ်လှယ်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောနေကြပါတယ်။

ဗဟိုအစိုးရက ၎င်းတို့၏ နယ်မြေထဲ နိုင်ငံရေးအရ ဝင်ရောက်ချယ်လှယ်လာမှာကို စိုးရိမ်သည့်အတွက် Sindh နယ်မြေတွင် အဆိုပါအဖွဲ့မှတဆင့် စာနပ်ရိက္ခာများ ဝေငှမည့်အစီအစဉ်ကို လက်မခံ ငြင်းဆန်ထားပါတယ်။

သည့်ထက်ပိုပြီး Sindh အစိုးရက ဗဟိုအစိုးရက ပြန်လည်စဉ်စားပေးဖို့ တောင်းဆိုနေသည့်ကြားက အပြည့်အဝ Lockdown ချမှတ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ အစ္စလမ်မာဘတ်နှင့် ကာရာချိ အကြား သဘောထားကွဲလွှဲမှုကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပြန့်ပွားလာချိန်မှစပြီး ပြည်နယ်အတွင်း အပြည့်အဝ lockdown ချရန် ဆုံးဖြတ်ကာ လုပ်ဆောင်ခဲ့ခြင်းကြောင့် Sindh ပြည်နယ်အုပ်ချုပ်ရေးမှူး Murad Ali Shah အား ပါကစ္စတန်နိုင်ငံ သတင်းမီဒီယာတို့က သူရဲကောင်းအဖြစ် ရေးသားဖော်ပြနေကြပါတယ်။

အဲသည့်အချိန်ကစပြီး Sindh ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရတို့အကြား အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုများ နေ့စဉ်လိုလို ဖြစ်နေခဲ့ပါတယ်။ PTI ပါတီကအုပ်ချုပ်သည့် Punjab ပြည်နယ်တွင် ကူးစက်ခံရသူအများဆုံးဖြစ်ကာ ၄၃၂၈ ဦးရှိပြီး၊ အခြား PTI ပါတီအုပ်ချုပ်သည့် နယ်မြေဖြစ်သည့် Khyber-Pakhtunhwa (KPK) တွင် ၁၃၄၅ ဦးရှိပြီး အခြားပါတီအုပ်ချုပ်သည့် ပြည်နယ်များနဲ့ နှိုင်းယှဉ်လိုက်ရင် ကူးစက်ခံရသူ အများဆုံးဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှု တိုက်ဖျက်ရေးလုပ်ဆောင်ရာတွင် ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးနဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍ တဖန်ပြန်လည် လှုပ်ရှားလာခဲ့ပြန်ပါတယ်။ ‘လူထုအာဏာကို ထောက်ပံ့ပေးရန်တွက်ရည်ရွယ်သည့် ၁၉၇၃ အခြေခံဥပဒေဆိုင်ရာ အပိုဒ် ၂၄၅ အရ ပြည်နယ်များမှာ စစ်တပ်၏အကူအညီကို ရယူရမည်ဖြစ်ကြောင်း ’လူထုဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Babar Iftikhar က ကြေညာပါတယ်။ အဆိုပါ အက်ဥပဒေပုဒ်မ အရ စစ်တပ်က ဒီမိုကရက်တစ် အသိုင်းအဝိုင်းသို့ လွတ်လပ်လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး၊ ရည်ရှည်တွင် ၎င်း၏အာဏာကို တရားဝင်ပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်မှုများကို ထိန်းချုပ်ခြင်းများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အခြားတဖက်မှာလည်း ပါကစ္စတန်အစိုးရဟာ Ramzan မူစလင်များအလေးအမြတ်ထားသည့် သန့်ရှင်းမြင့်မြတ်သည့်လတွင် ဝတ်ပြုဆုတောင်းနိုင်ရန် ဗလီများကို ဖွင့်ထားပေးရန် အစ္စလမ်ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးဆရာများကို ဖိအားပေး ပြောဆိုနေပါတယ်။ ဘာသာရေးဆရာများကလည်း ဗလီများတွင် ဝတ်ပြုဆုတောင်းရာတွင် လိုက်နာကျင့်သုံးရမည့် အချက် ၂၀ ကို ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတိုက်ရေးတွင် သာမန်ကာလျှံကာ နှင့် လျော့ပေါ့ပေးမှုများကို လုပ်ဆောင်နေသော်လည်း၊ Kashmir အရေးမှာတော့ အသံကျယ်ကျယ်နဲ့ တက်တက်ကြွကြွလုပ်ဆောင်နေပါတယ်။

ဝန်ကြီးချုပ် Imran Khan ဟာ Jammu နှင့် Kashmir ပြည်နယ်အပေါ် အသစ်ထုတ်ပြန်လိုက်တဲ့ မြို့ပြင်မထွက်ရ မဝင်ရ အမိန့်ဟာ COVID-19 ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေးမှာ နိုင်ငံတကာက အာရုံစိုက်နေချိန်ကို အကျိုးရှိရှိအသုံးချလိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ နယ်စပ်မျဉ်းတလျောက် အပစ်အခတ်ရပ်စဲရေးချိုးဖောက်သည့် လုပ်ရပ်များကို ကျူးလွန်နေပြီး၊ Kashmir ဒေသမှာ စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုတွေကို လည်း မသိချင်ယောင်ဆောင်ကာ ခွင့်ပြုထားပါတယ်။

လွန်ခဲ့သောအပတ် အနည်ငယ်အတွင်း ပါကစ္စတန်နိုင်ငံ၏ နယ်စပ်မျဉ်းတလျောက် အပစ်အခတ်ရပ်စဲရေးချိုးဖောက်သည့် လုပ်ရပ်များ မြှင့်တက်ခဲ့ပြီး၊ Baramulla ခရိုင်အတွင်းရှိ Uri ဒေသနှင့် Poonch ခရိုင်အတွင်းရှိ ထိန်းချုပ်ရေးမျဉ်းကြောင်းတလျောက် PoK နယ်မြေမှ လက်နက်ငယ်များနှင့် မော်တာများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း Jammu နှင့် Kashmir ပြည်နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။

COVID-19 တိုက်ဖျက်ရေးမှာ အိမ်နီးနိုင်ငံ နှစ်နိုင်ငံတို့ရဲ့ လုပ်ဆောင်မှုတို့ဟာ လုံးလုံးလျားလျားကို ကွဲပြားနေပါတယ်။ ပါကစ္စတန်နိုင်ငံ၏ ကူးစက်ခံရသူများစာရင်းကို တိကျခိုင်မာစွာ ထုတ်ပြန်ခြင်းမရှိမှုက သေဆုံးမှုကို များပြားစေနိုင်ပြီး၊ နိုင်ငံကို ဆိုးရွားစွာ ထိခိုက်လာစေနိုင်ပါတယ်။

အပစ်အခတ်ရပ်စဲရေးချိုးဖောက်သည့် လုပ်ရပ်တို့က Kashmir အရေးကို ပိုမိုရှုပ်ထွေးလာစေမှာဖြစ်ပြီး၊ အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းတဲ့ ချောက်နက်ထဲကို တွန်းချသလိုသာ ဖြစ်စေနိုင်ကြောင်း ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”