COVID-19 တိုက်ဖျက်ရေး တိုက်ပွဲတွင် အိန္ဒိယနိုင်ငံရှေ့သို့ ဆက်လက်ချီတက်
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 တိုက်ဖျက်ရေး တိုက်ပွဲတွင် အိန္ဒိယနိုင်ငံရှေ့သို့ ဆက်လက်ချီတက်” ဆိုသည့်အကြောင်း သတင်းဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
COVID-19 ကူးစက်ပြန့်နှံ့မှုအား ရင်ဆိုင်တိုက်ဖျက်ရာတွင် အိန္ဒိယနိုင်ငံသည် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် တည်ကြည်ခိုင်မာစွာဖြင့် ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်နှံ့မှုပြဿနာအား ရင့်ကျက်စွာ တုန့်ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းကပင် ချီးကျူးပြောဆိုခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က ပြန်လာသည့် အိန္ဒိယကျောင်းသားတဦးမှ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအဖြစ် စစ်ဆေးတွေ့ရှိခဲ့ချိန်မှစပြီး အိန္ဒိယနိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန် လိုက်နာစောင့်ထိန်းရမည့် လုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်များကို ချမှတ်ကာ လုပ်ဆောင်ခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ အိန္ဒိယနိုင်ငံထဲသို့ပင်လယ်ရေကြောင်းလမ်းနှင့် လေကြောင်းမှ ဝင်ရောက်လာသော ခရီးသည်အားလုံးကို အပူချိန်တိုင်တာခြင်းများ စတင်ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသည် မတ်လ ၁၅ ရက်နေ့မှစပြီး သံတမန်များမှလွှဲပြီး နိုင်ငံခြားသားများဝင်ရောက်မှုကို ပိတ်ပင်လိုက်ပြီး၊ နိုင်ငံတကာ လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုများအားလုံးကိုလည်း ရပ်နားလိုက်ပါတယ်။
COVID-19 တိုက်ဖျက်ရေးတွင် တူညီသည့် နည်းလမ်းများဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi သည် SAARC အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့် ဗီဒီယို အစည်းအဝေးမှတဆင့် ဆက်သွယ်ကာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှ SAARC အဖွဲ့ဝင်နိုင်ငံများအား ကူညီရန် ရန်ပုံငွေ ဒေါ်လာသန်း ၁၀ ပေးအပ်ကြောင်း ကြေညာခဲ့ပြီး၊ မိမိရဲ့ ဆေးဖက်ဆိုင်ရာ မုခ်ဝကိုလည်း အဖွဲ့ဝင်နိုင်ငံများ အသုံးပြုခွင့် ပေးခဲ့ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာ သွားလာလှုပ်ရှားမှုများကို ပိတ်ပင်သည့် အမိန့်အား လွန်ခဲ့သော မတ်လ ၂၅ ရက်နေ့က ချမှတ်လိုက်ချိန်ကစပြီး ဝန်ကြီးချုပ် Modi သည် အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ သြစတြေးလျားနိုင်ငံနှင့် အခြားနိုင်ငံများအပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် ဆက်သွယ်ပြောဆိုဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။
ဆော်ဒီအာရေးဗီယားနိုင်ငံ ဘုရင် Salman က ကြီးမှူးပြီး ကျင်းပခဲ့သော G-20 အဖွဲ့ဝင်နိုင်ငံတို့ရဲ့ အွန်လိုင်းအစည်းအဝေးပွဲတွင်လည်း ဝန်ကြီးချုပ် Modi က တကမ္ဘာလုံး ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့အား တိုက်ဖျက်ရာတွင် လုပ်ဆောင်နေသည့် အိန္ဒိယနိုင်ငံ၏ နည်းဗျူဟာအား ချပြခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် G-20 အဖွဲ့ဝင်နိုင်ငံများအကြား စုပေါင်းညှိနှိုင်းလုပ်ဆောင်မှုများကို အကောင်အထည်ဖော်လုပ်ဆောင်ရန်အတွက် ဝန်ကြီးချုပ်က နိုးဆော်ခဲ့သည်။ COVID-19 ရိုက်ခတ်မှုဂယက်ကြောင့် ထိခိုက်နေသည့် စီးပွားရေးပြန်လည်ထူထောင်ရာတွင် မတည်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ ထရီလီယံ အား G-20 အဖွဲ့ဝင်များမှ သတ်မှတ်ထားရာတွင် အိန္ဒိယနိုင်ငံကလည်း တစိတ်တပိုင်း ထည့်ဝင်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသည် လူသားချင်းစာနာထောက်ထားသည့် အကူအညီများနှင့် ဆေးဖက်ဆိုင်ရာ ကူညီထောက်ပံ့မှုများကို အာဖဂန်နစ္စတန်နိုင်ငံ၊ သီရိလင်္ကာ၊ မော်လဒိုက်နှင့် နီပေါကဲသို့ SAARC အဖွဲ့ဝင်နိုင်ငံများသို့ အဆိုပါနိုင်ငံများအတွင်း ကိုရိုနာဗိုင်းရပ်စ်စတင်ပြန့်နှံ့ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းပေးပို့ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ငှက်ဖျားရောဂါ ကာကွယ်ဆေး Hydroxychloroquine ဆေးအား အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဘရာဇီး၊ ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံနှင့် အခြား ၄၈ နိုင်ငံတို့ကို ပေးပို့ခဲ့ပါတယ်။
ကမ္ဘာတဝှမ်းလုံးအဆင့် ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်တွင် အိန္ဒိယနိုင်ငံ၏ စွမ်းဆောင်မှု အခန်းကဏ္ဍကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN) ၊ WHO နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ချီးကျူးပြောဆိုခဲ့ကြပါတယ်။ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမှ စက်ရုံအလုပ်ရုံများနှင့် အားနည်းသည့် လုပ်ငန်း ကဏ္ဍများအား ငွေကြေးထောက်ပံ့သည့် လုပ်ဆောင်မှု စီမံကိန်းများကို ချီးကျူးပြောဆိုခဲ့ကြပါတယ်။
ကမ္ဘာတဝှမ်းလုံး ကူးစက်ပြန့်နှံ့မှု ပြဿနာက အိန္ဒိယနိုင်ငံ၏ အကောင်းဆုံးစွမ်းဆောင်မှု အခန်းကဏ္ဍကို ထုတ်ဖော်ပေးလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ရန် တနိုင်ငံလုံးသည် တခုတည်းအဖြစ် စုပေါင်းလာခဲ့ပါတယ်။ ပြည်နယ်များကလည်း ဗဟိုအစိုးရနှင့် နီးကပ်စွာ အတူတကွပူးပေါင်းလုပ်ဆောင်လာကြပါတယ်။ အိန္ဒိယအစိုးရဟာ COVID-19 ဂယက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး ရုတ်တရက် ရပ်တန့်သွားသည့် အရေးနှင့် တွေ့ကြုံလိုက်ရပါတယ်။ သွားလာလှုပ်ရှားမှုများ ပိတ်ပင်တာဆီးခြင်းကို လျော့ချ ဖျတ်သိမ်းလိ်ုက်မည့် နောက်ပိုင်း ဖြစ်ပေါ်လာမည့်အခြေအနေများနှင့် လုပ်ဆောင်ရမည့်အရာများအတွက် ဝန်ကြီးဌာနများက ကြိုတင်ပြင်ဆင်နေပါတယ်။
နိုင်ငံတကာငွေကြေးစျေးကွက်က ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်ကျရောက်လာနိုင်ကြောင်း ပြောဆိုနေချိန်တွင် အိန္ဒိယနိ်ုင်ငံသည် မိမိလုပ်ဆောင်ရမည်အရာများကို ချမှတ်နေပြီး၊ အလုပ်များဖန်တီးပေးနိုင်ရန် အာရုံစိုက်နေပြီး၊ ဧပြီလ ၂၀ ရက်နေ့မှစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အန္တရာယ်မရှိကြောင်း သတ်မှတ်ထားသည့် နယ်မြေဒေသများတွင် တင်းကြပ်မှုများကို တစုံတရာ အတိုင်းအတာအထိ လျော့ချပေးခဲ့ပါတယ်။
အဆိုပါနယ်မြေ ဒေသများတွင်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကျေးလက်ဒေသ ထွက်ကုန်များအတွက် စျေးကွက်များဖြန့်ဝေခြင်း၊ စက်ရုံများနှင့် အခြား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လှုပ်ရှားမှုများကို လူတဦးနှင့်တဦး ခွာပြီးနေထိုင်ရေးမူ မှတဆင့် အတိုင်းအတာတခုအထိ လုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့ပါတယ်။ အဆိုပါ လမ်းညွှန်မှုကို တနိုင်ငံလုံးက ထောက်ခံခဲ့ကြပါတယ်။ယခုကဲ့သို့ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ပြဿနာကြားက ယခုနှစ်မှာ အိန္ဒိယနိ်ုင်ငံတွင် များပြားလှသည့် စားသောက်ကုန်ထုတ်လုပ်မှုရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသည် ခက်ခဲသည့်လမ်းကို ရွေးချယ်ပြီး ရင့်ကျက်စွာလျှောက်လမ်းနေပါတယ်။ နယူးဒေလီအစိုးရဟာ ပြည်တွင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ရင်ဆိုင်တိုက်ဖျက်နေခြင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မိမိ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မှု လုပ်ဆောင်မှုနှစ်ခုအား မျှတမှုရှိစေရန် ထိန်းညှိပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝှမ်းကူးစက်ပြန့်နှံ့မှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် စိတ်ပျက်ဖွယ်ရာအခြေအနေကြားက အိန္ဒိယနိုင်ငံ၏ အပြုသဘောဆောင်သည့်တုန့်ပြန်မှုသည် ခက်ခဲသည့်အချိန်အတွင်း အောင်ပန်းကို ဆင်နိုင်မည်မှာ ဧကန်မလွှဲပင်ဖြစ်ပေသည် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment