အိန္ဒိယနိုင်ငံ၏ အရှေ့သို့လှမ်းမျှော်ခြင်းနှင့် COVID-19 တိုက်ဖျက်ရေး
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အာရှအရှေ့ပိုင်းနှင့် တောင်အာရှ ပိုင်းဆိုင်ရာ နည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံ၏ အရှေ့သို့လှမ်းမျှော်ခြင်းနှင့် COVID-19 တိုက်ဖျက်ရေး” အကြောင်း သတင်းဆောင်းပါးကို အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းလုံးအတိုင်းအတာဖြင့် ကူးစက်ပြန့်ပွားနေသည့် COVID-19 ပြဿနာကြားက အိန္ဒိယနိုင်ငံ၏ အရှေ့သို့ လှမ်းမျှော်ခြင်း မူဝါဒကို ဖော်ဆောင်စေနိုင်ခဲ့သော အကျိုးရလဒ်တခုကတော့ ဝန်ကြီးချုပ် Narendra Modi က ဗီယက်နမ်၊ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့အပါအဝင် နည်းဗျူဟာကျ အဓိကလုပ်ဆောင်ဖက်များဖြင့် လူထုကျန်းမာရေး စီမံခန့်ခွဲမှုနှင့် စီးပွားရေး စိန်ခေါ်မှုများနှင့်စပ်လျင်းပြီး ဆွေးခဲ့ခြင်းဘဲဖြစ်ပါတယ်။ COVID-19 တိုက်ဖျက်ရေးတွင် SAARC အဖွဲ့၏ ထိရောက်သည့်ခေါင်းဆောင်မှု အရည်အသွေးကို ပြသနိုင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Modi သည် အိန္ဒိယနိုင်ငံ၏ အရှေ့သို့လှမ်းမျှော်ခြင်း ပေါ်လစီ၏ အဓိကျသူများဖြင့် နောက်ထပ် ပူးပေါင်းလုပ်ဆောင်မှုနယ်မြေသစ်ကို ရှာဖွေလိုက်ခြင်းဖြစ်ပါတယ်။
COVID-19 တိုက်ဖျက်ရန် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ထောက်ကူပစ္စည်းများအပါအဝင် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင့်သွားရန် ယခုအပတ်အစောပိုင်းက၊ ဝန်ကြီးချုပ် Modi သည် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ တကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ပစ္စည်းများကို မှာယူတင်သွင်းရန်အတွက် အိန္ဒိယနိုင်ငံက ရှာဖွေနေပြီး ကိုးရီးယားနိုင်ငံအခြေစိုက် ဖြန့်ဖြူးရောင်းချသူများမှာ ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သူ ကုမ္ပဏီတို့နှင့် ဆက်စပ်မှုရှိနေကြောင်းကိုလည်း ရှာဖွေသိရှိထားပါတယ်။
တရုတ်နိုင်ငံနှင့်ရှည်လျားသည့် နယ်နိမိတ်ခြင်း ထိစပ်မှုရှိသော်လည်း ဗီယက်နမ်နိုင်ငံတွင် ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေအနည်းငယ်သာရှိပြီး၊ သေဆုံးသူ မရှိသေးကြောင်း ကြေညာထားပါတယ်။ နယ်စပ်အဝင်အထွက်ကို တင်းကြပ်စွာ ထိန်းချုပ်လိုက်ခြင်း၊ ကျန်းမာရေး စီမံဆောင်ရွက်မှုများကို အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်းနှင့် ခေတ်သစ်နည်းပညာများကိုအသုံးပြုပြီး အသိပေးနိုးဆော်ချက်များကို လုပ်ဆောင်ခဲ့ခြင်းက ဗီယက်နမ်နိုင်ငံအား COVID-19 ကာကွယ်ရာတွင် ထိရောက်မှုရှိစေခဲ့ပါတယ်။ လက်ရှိ အာဆီယံအဖွဲ့အစည်း၏ ဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် ဗီယက်နမ်နိုင်ငံသည် ဧပြီလ ၁၄ ရက်နေ့ကလည်း အာဆီယံအဖွဲ့နှင့် တခြားသုံးနိုင်ငံ အထူးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါတယ်။ ဗီဒီယို ရုပ်သံဖြင့်ပြုလုပ်ခဲ့သော အဆိုပါအစည်းအဝေးပွဲတွင် ဗီယက်နမ်နိုင်ငံသည် အဖွဲ့အစည်းပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ကုမ္ပဏီများ၊ လူထုတရပ်လုံးမှ COVID-19 ၏ စိန်ခေါ်မှုများကို ဖော်ထုတ်ပြောဆိုကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးကြားပြောဆိုဆွေးနွေးခဲ့ရာတွင် နည်းဗျူဟာ ဘုံရည်မှန်းချက်များကို ဖလှယ်ခဲ့ကြပါတယ်။ ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် ကျယ်ပြန့်သော နည်းဗျူဟာကျ လုပ်ကိုင်ဖက်ဖြစ်ပြီး နယူးဒေလီအစိုးရ၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ နည်းဗျူဟာကျ စီမံချက်ဖြစ်သည့် ဥပဒေအခြေပြု အုပ်ချုပ်ရေးကို ဖော်ဆောင်ရာတွင် အရေးကြီးသည့် အချက်အချာကျသောကဏ္ဍတခုကဲ့သို့ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးသည့် အချက်အချာကဏ္ဍဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသည် Hanoi အစိုးရအတွက် ထိပ်ဆုံးကုန်သွယ်ဖက် ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဗီယက်နမ်နိုင်ငံသည် စင်္ကာပူနိုင်ငံပြီးလျင် အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကုန်တင်ပို့ရောင်းချသည့်နိုင်ငံဖြစ်ကာ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အင်ဒိုနီးရှား၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့ပြီးလျင် စတုတ္ထအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။
Mr Modi သည် အစောပိုင်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe နှင့်လည်း ပြောဆိုဆွေးနွေးခဲ့ကာ၊ အိန္ဒိယ-ဂျပန် အထူးနည်းဗျူဟာကျနှင့် ကမ္ဘာ့အတိုင်းအတာ ပူးပေါင်းဆောင်ရွက်မှုသည် နည်းပညာသစ် တိုးတက်ဖွံ့ဖြိုးမှုနှင့် COVID-19 ဗိုင်းရပ်စ်ပြဿနာ ပြီးဆုံးသွားပြီးနောက် ဖြေရှင်းဆောင်ရွက်ရမည့် အရာများအပေါ်တွင်သာ ပိုမိုအာရုံစိုက်သင့်ကြောင်း ခေါင်းဆောင်နှစ်ဦးကြား အပြန်အလှန်ပြောဆိုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံသည် အရေးပေါ်အခြေအနေကြေညာမှုကို ရက်ထပ်တိုးခဲ့ပြီး၊ ဧပြီလ ၁၅ ရက်နေ့အထိ တနိုင်ငံလုံးတွင် COVID-19 ကူးစက်ခံရသူ ၈၁၀၀ ဦးရှိပြီး၊ တိုကျိုမြို့သည် Osaka ပြီးလျင် ကူးစက်ခံရသူ အများဆုံးရှိသည့်မြို့ဖြစ်ကြောင်း၊ အစိုးရကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
COVID-19 ကြောင့် ထိခိုက်ခဲ့ရသော အကြီးမားဆုံး နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲလည်းပါဝင်ခဲ့ပြီး၊ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ကျင်းပရန် ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝှမ်းကူးစက်ပြန့်ပွားမှုအား ကာကွယ်တိုက်ဖျက်ရာတွင် စီးပွားရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဂျပန်နိုင်ငံက ကူညီထောက်ပံ့ခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံကိုလည်း အမေရိကန်ဒေါ်လာ ၁.၈၆ သန်းကို နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် ပေးအပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံသည် ကမ္ဘာတဝှမ်းလုံးတွင်ဖြစ်ပွားနေသည့် အရေးပေါ်ကျန်းမာရေး အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရာတွင် အသုံးပြုရန် antviral ဆေးဝါးများကို နိုင်ငံပေါင်း ၂၀ သို့ အခမဲ့ပေးဝေခဲ့သည်။
ဝန်ကြီးချုပ် Modi သည် COVID-19 တိုက်ဖျက်ရေးတွင် အိန္ဒိယ-တောင်ကိုးရီးယား ပူးပေါင်းလုပ်ဆောင်မှုအား မြှင့်တင်သွားရန် သမ္မတ Moon Jae-in နှင့် ပြောဆိုဆွေးနွေးခဲ့သည်။ တောင်ကိုးရီးယားနိုင်ငံသည် လိုအပ်သည့် ဆေးဖက်ဆိုင်ရာ ထောက်ကူပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ ပေးပို့ရန် အိန္ဒိယ ကုမ္ပဏီများနှင့်လုပ်ဆောင်နေပြီးဖြစ်သည်။ တောင်ကိုးရီးယားနိုင်ငံ၏ COVID-19 တိုက်ဖျက်ရာတွင် အသုံးပြုနေသည့် နည်းပညာအခြေပြု ‘ရှာဖွေဖော်ထုတ်၊ စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်း’ နမူနာအား တကမ္ဘာလုံးက ချီးကျူးလျှက်ရှိကာ၊ တနေ့တွင် အနည်းဆုံး လူဦးရေ ၁၈,၀၀၀ ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဗိုင်းရပ်စ်ပိုး စမ်းသပ်စစ်ဆေးသည့် ပစ္စည်းကိရိယာအား တောင်ကိုးရီးယား ဇီဝ-ကုမ္ပဏီက ထုတ်လုပ်နိုင်မည့် အခြေအနေရှိနေကာ၊ တောင်ကိုးရီးယားကုမ္ပဏီ ၉ ခုမှ ပြည်ပသို့ တင်ပို့ရောင်းချရန် လိုင်စင်ရထားပြီး၊ အိန္ဒိယနိုင်ငံကလည်း စမ်းသပ်စစ်ဆေးသည့် ပစ္စည်းကိရိယာများကို တင်သွင်းရန် ရှာဖွေနေသည်။
ကမ္ဘာတဝှမ်းကူးစက်ပြန့်ပွားမှုကြောင့် ကမ္ဘာတဝှမ်းလုံးရှိ ထောက်ပံ့ရေးလမ်းကြောင်းများကို ထိခိုက်စေခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးပြဿနာကို ဖြေရှင်းရန် အိန္ဒိယနိုင်ငံသည် ကမ္ဘာတဝှမ်းလုံးနှင့် လက်တွဲလုပ်ဆောင်လျှက်ရှိပြီး၊ အရှေ့ပိုင်းတွင် နည်းဗျူဟာကျ လုပ်ကိုင်ဖက်နှင့် နက်ရှိုင်းသည့် ပူးပေါင်းလုပ်ဆောင်မှုတို့တွင် အိန္ဒိယနိုင်ငံ၏ အဓိကကျသည့် ခေါင်းဆောင်မှုအခန်းကဏ္ဍကို ဝန်ကြီးချုပ် Modi က မြှင့်တင်လိုက်ခြင်းဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုတို့သည် အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းသို့ဦးတည်သည့် နည်းဗျူဟာကျ ဆက်ဆံရေးတည်ဆောက်မှုတွင် အဓိကအရာများဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။
COVID-19 ကဲ့သို့သော အတိုင်းအတာသစ်တရပ်အဖြစ် လူသားထုတရပ်လုံး တွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများတွင် အိန္ဒိယနိုင်ငံသည် လူထုကျန်းမာရေးစီမံခန့်ခွဲအုပ်ချုပ်ရေးနှင့် စီးပွားရေးတည်ငြိမ်မှုများထိခိုက်နိုင်မည့် အခြေအနေများကို ထိန်းချုပ်ကာ၊ ကမ္ဘာတဝှမ်းကူးစက်ပြန့်နှံ့မှုကို တိုက်ဖျက်နိုင်ရန် အားကြိုးမာန်တက်ရှိပြီး၊ လွယ်ကူရှင်းလင်းသည့် ချဉ်းကပ်မှုတို့ကိုမျှဝေပေးကာ မိမိ၏ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းလုပ်ကိုင်လျှက်ရှိနေကြောင်း ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment