Knesset (နက်စက်) ရွေးကောက်ပွဲက Israel နိုင်ငံရဲ့ သောင်မတင်ရေးမကျဖြစ်နေသော အခြေအနေကို ဖြေရှင်းပေးလိုက်ခြင်းမရှိ
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ Knesset (နက်စက်) ရွေးကောက်ပွဲက Israel နိုင်ငံရဲ့ သောင်မတင်ရေးမကျဖြစ်နေသော အခြေအနေကို ဖြေရှင်းပေးလိုက်ခြင်းမရှိ ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျဝါဟာလာနေရူးတက္ကသိုလ်၊ အနောက်အာရှရေးရာ လေ့လာရေးဌာနမှ ပါမောက္ခ P.R.Kumaraswamy ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
Israel နိုင်ငံရဲ့ ၂၃ ကြိမ်မြောက် Knesset ခေါ် ပါလီမန်လွှတ်တော်ရွေးကောက်ပွဲကို မတ်လ ၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒါဟာ တနှစ်အတွင်း တတိယအကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာလဲ Israel ပြည်သူများစွာတို့ မျှော်လင့်တောင့်တတဲ့ တည်ငြိမ်တဲ့အစိုးရ တဖွဲ့ ထွက်ပေါ်လာရေး မျှော်လင့်ချက်ကို ဖြည့်စွမ်းမပေးနိုင်တာ တွေ့ရပါတယ်။ လီကွတ်ပါတီခေါင်းဆောင်၊ Benjamin Netanyahu က ရွေးကောက်ပွဲအပြီး နာရီအတော်ကြာမှာ၊ မိမိပါတီအနိုင်ရတယ်လို့ ကြေငြာခဲ့ပါတယ်။ လက်ရှိဝန်ကြီးချုပ် Netanyahu ဟာ Israel နိုင်ငံသမိုင်းမှာ၊ ဝန်ကြီးချုပ်တာဝန်ကာလအရှည်ကြာဆုံး ထမ်းဆောင်သူဖြစ်ပါတယ်။ သူက အစိုးရတယ်လို့သာကြေငြာတာ၊ တကယ်တော့ စုစုပေါင်း အမတ်နေရာ ၁၂၀ ရှိတဲ့ပါလီမန်မှာ ၆၁ နေရာရမှသာ အနိုင်ရတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။ အခုတော့ အနိုင်ရတဲ့ မိမိပါတီဝင်အမတ်ဦးရေက ဒီ့ထက်နည်းနေပါတယ်။
မဲဆန္ဒပေါင်း ၆ သန်းကျော်ရဲ့ ၉၉% ကိုရေတွက်ပြီး ထွက်ပေါ်လာတဲ့ရလဒ်အနေနဲ့ Likud ပါတီက အမတ်နေရာ ၃၆ နေရာရလို့ တပါတီချင်းအလိုက်ဆိုရင် အမတ်နေရာ အများဆုံးရတဲ့ ပါတီဖြစ်ပါတယ်။ ဘာသာရေးပါတီအုပ်စုဝင် Shas ပါတီနဲ့ United Torah Judaism ပါတီတို့က အမတ်နေရာ ၉ နေရာနဲ့ ၇ နေရာ အသီးသီးရရှိကြပါတယ်။ လက်ယာဂိုဏ်းဝင် Yamina ပါတီကတော့ ၆ နေရာရပါတယ်။ အဲဒါကြောင့် Netanyahu ခေါင်းဆောင်တဲ့ လက်ယာဂိုဏ်း ဘာသာရေးပါတီအုပ်စုဟာ အမတ်နေရာစုစုပေါင်း ၅၈ နေရာရရှိတာ တွေ့ရပါတယ်။ အစိုးရသစ်ဖွဲ့နိုင်ဘို့ဆိုရင် အနည်းဆုံး ၆၁ နေရာ ရမှဖြစ်မှာဆိုတော့ နောက်ထပ်အမတ်နေရာ (၃) နေရာရဘို့လိုနေပါတယ်။ မဲဆန္ဒတွေအားလုံး ရေတွက်ပြီးတော့မှသာ နောက်ဆုံးဘယ်ပါတီ ဘယ်လောက်နေရာရတာကို သိနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးရလဒ်အနေနဲ့ Netanyahu အမတ်အများစုရဲ့ ထောက်ခံမှုရနိုင်မဲ့ပုံတော့ မပေါ်ပါဘူး။
Israel နိုင်ငံ စီးပွားရေးတိုးတက်နေခြင်း၊ နောက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပိုပြီးရင်းနှီးချစ်ကြည်လာခဲ့ခြင်းတို့ဟာ၊ လီကွတ်ပါတီမျှော်မှန်းသလို ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရဘို့အတွက် မလုံလောက်ပါဘူး။
စာရွက်ပေါ်မှာ အမတ်နေရာ ၆၂ နေရာ အနိုင်ရတယ်ဆိုတဲ့ အတိုက်အခံအုပ်စုလည်း အစိုးရဖွဲ့နိုင်မဲ့ပုံ မပေါ်ပါဘူး။ ဗိုလ်ချုပ်ကြီးဟောင်း Benny Guntz ခေါင်းဆောင်တဲ့ အလည်အလတ်လမ်းစဉ်ကျင့်သုံးသော ဖြူပြာပါတီဆိုရင် အမတ်နေရာ ၃၃ နေရာ အနိုင်ရရှိပါတယ်။ ဒါပေမဲ့ ဒါဟာ မျှော်မှန်းထားခဲ့တာထက် ပိုပြီးနည်းပါတယ်။ လေဘာ၊ Gesher ၊ Meretz သုံးပါတီလက်ဝဲအုပ်စုက အမတ်နေရာ (၇) နေရာ ရရှိပါတယ်။ ဒီရွေးကောက်ပွဲတကယ်တန်းအောင်မြင်တဲ့ပါတီကတော့၊ Israel နိုင်ငံသား အာရပ်လူမျိုးများရဲ့ပါတီဖြစ်ပါတယ်။ အာရပ်တွေရဲ့ပါတီဟာ အမတ်နေရာ ၁၅ နေရာမှာ အနိုင်ရလိုက်ပါတယ်။ ၁၉၄၈ ခုနှစ်ကစပြီး ယနေ့အထိ ၇၂ နှစ်တာကာလအတွင်း Israel ပါလီမန်မှာ အာရပ်လူမျိုးတွေကို ကိုယ်စားပြုတဲ့ပါတီ အမတ်နေရာအများဆုံး အနိုင်ရလိုက်တာပါဘဲ။
မည်သို့ပင်ဖြစ်စေ၊ ဘယ်ပါတီ၊ ဘယ်အုပ်စု အစိုးရဖွဲ့နိုင်မယ်ဆိုတာကို အဆုံးအဖြတ်ပေးမဲ့ Avigdor Liberman ခေါင်းဆောင်သော Yisrael Beiteinu ပါတီဖြစ်ပါတယ်။ အမတ်နေရာ (၇) နေရာရရှိတဲ့ ဒီပါတီရဲ့ထောက်ခံမှုရရှိတဲ့အုပ်စုသာလျှင် အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။ ဒီပါတီရဲ့ထောက်ခံမှုကိုရရှိရေးဟာ Netanyahu အတွက်ကော Gantz အတွက်ပါ အစိုးရသစ်ဖွဲ့နိုင်ဘို့ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါက ပြောသလောက်မလွယ်ပါဘူး။ အာရပ်တွေရဲ့ပါတီပါဝင်တဲ့ ဘယ်အစိုးရကိုမဆို Liberman ခေါင်းဆောင်တဲ့ပါတီက ဆန့်ကျင်လာခဲ့ပါတယ်။ Mr Netanyahu နဲ့ Liberman အကြား ဖြစ်ပေါ်ခဲ့တဲ့ သဘောထားကွဲလွှဲမှုကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ Knesset လွှတ်တော် ဖျက်သိမ်းခံလိုက်ရပါတယ်။ အကျိုးဆက်နေနဲ့ ၂၀၁၉ ခုနှစ် ဧပြီလမှာတကြိမ်၊ အဲဒီနှစ် စက်တင်ဘာလမှာတကြိမ်၊ စုစုပေါင်း ၂ ကြိမ်တိုင်တိုင် ရွေးကောက်ပွဲကျင်းပခဲ့ရပါတယ်။ ဒီလမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတော့ တနှစ်တာကာလအတွင်း တတိယအကြိမ်ကျင်းပရတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။
Israel နိုင်ငံသမိုင်းမှာ၊ ကာလအရှည်လျားဆုံး အုပ်ချုပ်နေတဲ့ အိမ်စောင့်အစိုးရကို ခေါင်းဆောင်သူ Netanyahu ဟာ အခုဘဲ မဟာမိတ်ပါတီတွေနဲ့ စတင်ဆွေးနွေးနေပါပြီ။ ရှေ့သတင်းပါတ် အစောပိုင်းကျမှသာ အစိုးရဖွဲ့စည်းရေး တရားဝင်ညှိနှိုင်းဆွေးနွေးပွဲတွေ စတင်ပြုလုပ်နိုင်မဲ့ပုံ ပေါ်နေပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံးရလဒ်ကို သမ္မတ Reuven Rivlin ထံ တရားဝင် တင်ပြပြီးပြီးချင်း၊ သမ္မတဟာ ဘယ်သူက တည်ငြိမ်တဲ့အစိုးရ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းနိုင်မယ်ဆိုတာ ဆုံးဖြတ်ဖို့အတွက် နိုင်ငံရေးပါတီအားလုံးနဲ့ ဆွေးနွေးတိုင်ပင်နိုင်စရာရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင် ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့ဘို့ အနည်းဆုံးသီတင်း ၄ ပတ် အချိန်ယူစမြဲဖြစ်ပါတယ်။ အခု ဒီရွေးကောက်ပွဲဟာလည်း၊ အဆုံးအဖြတ်အပြီးသတ်မပေးနိုင်တဲ့ ရလဒ်ထွက်ပေါ်စေခဲ့တာဖြစ်တာကြောင့်၊ ဒီတကြိမ်မှာလည်း အစိုးရသစ်ဖွဲ့ဘို့ အလားတူအချိန်ယူနိုင်ချေရှိပါတယ်။ Liberman က Likud ပါတီခေါင်းဆောင်ကိုထောက်ခံဘို့ ငြင်းဆိုခဲ့ခြင်းဟာ၊ ယခင်နှစ်ရွေးကောက်ပွဲနှစ်ခုစလုံးအပြီး၊ အစိုးရဖွဲပနိုင်ခြင်းမရှိခဲ့တဲ့အတွက် အများဆုံးတာဝန်ရှိပါတယ်။ အကယ်၍ Liberman အနေနဲ့ သူ့သဘောထားကို မပြောင်းလဲဘူးဆိုရင်၊ Netanyahu ခေါင်းဆောင်တဲ့အစိုးရသစ်ဖွဲ့နိုင်ဖို့အတွက် “ဖြူပြာ” ပါတီဝင်အမတ်တွေ မိမိရဲ့ပါတီသို့ကူးလာအောင် ဖျားယောင်းရမှာဖြစ်ပါတယ်။ ဒီ့အတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့အရပ်လက္ခဏာတွေ အခု ထွက်ပေါ်နေပါပြီ။
အပေးအယူလုပ်ရမဲ့ အရေးကြီးတဲ့ဖြစ်ပေါ်တိုးတက်မှုတခုအနေနဲ့ Mr Netanyahu ဟာ၊ ၎င်းအပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုနဲ့ အာဏာအလွှဲသုံးစားလုပ်မှုတွေကြောင့် မတ်လ ၁၇ ရက်နေ့မှာ တရားခွင်မှာ ကြားနာစစ်ဆေးတာခံရဘို့ရှိပါတယ်။ အစ္စရေး(လ်)နိုင်ငံဝန်ကြီးချုပ်တဦး ဒီလိုကြားနာစစ်ဆေးခြင်းခံရတာ၊ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လပိုင်းက၊ Mr Netanyahu ဟာ၊ လက်ရှိဝန်ကြီးချုပ်တဦးကို တရားခွင်မှာ အမှုကြားနာစစ်ဆေးခြင်းမှ ကင်းလွှတ်ခွင့်ပေးမဲ့ ဥပဒေတရပ်ကို ပြဌာန်းဘို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီကြိုးစားမှုအရာမရောက်ခဲ့ပါဘူး။ ဖြူပြာပါတီကတော့ စွဲချက်အတင်ခံရသူ မည်သည့်ပုဂ္ဂိုလ်မှ ဝန်ကြီးချုပ်ရာထူး မယူနိုင်အောင် ပိတ်ပင်မဲ့ဥပဒေကြမ်းတရပ် ရေးဆွဲဘို့ ပြင်ဆင်ပြီးပါပြီ။
အမျိုးသားညီညွှတ်ရေး အစိုးရဖွဲ့စည်းခြင်းဟာ၊ စွဲဆောင်မှုကောင်းတဲ့နည်းလမ်းတခုဖြစ်ပါတယ်။ ဒီလိုအမျိုးသားညီညွှတ်ရေးအစိုးရမဖွဲ့ခင်၊ Likud ပါတီအနေနဲ့ ခေါင်းဆောင်အပြောင်းအလဲ လုပ်ရမယ်လို့ ဖြူပြာပါတီက တောင်းဆိုပါတယ်။ ဖြူပြာပါတီရဲ့ ဒီတောင်းဆိုချက်ကို Netanyahu သာမက Likud ပါတီဝင်အများစုကလည်း လက်သင့်မခံနိုင်ကြပါဘူး။ ခေါင်းဆောင်အပြာင်းအလဲလုပ်ရင်၊ ပါတီအတွက်၊ ကြိုတင်မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေ ထွက်ပေါ်လာနိုင်ပြီး၊ ပါတီရဲ့အင်အားကို ထိခိုက်စေနိုင်တယ်လို့ သူတို့စိုးရိမ်ကြပါတယ်။
Israel နိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အိန္ဒိယ Israel ဆက်ဆံရေး ထိခိုက်မှာမဟုတ်ပါဘူး။ Israel နိုင်ငံကခေါင်းဆောင်သစ်တဦးကို တင်မြှောက်လိုက်ရင်လည်း၊ မိမိတို့နှစ်နိုင်ငံဆက်ဆံရေးမှာ အပြောင်းလဲဖြစ်နိုင်ဖွယ်မရှိပါဘူး။ အိန္ဒိယ-Israel ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ထားပြီးပါပြီ။ မိမိတို့နှစ်နိုင်ငံဟာ ကာကွယ်ရေးလုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးတို့အပါအဝင် ကဏ္ဍများစွာတို့မှာ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ အချုပ်အားဖြင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုက၊ အိန္ဒိယ-Israel နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေးရဲ့အခြေခံအင်္ဂါရပ်တွေကို ထိခိုက်စေနိုင်မှာမဟုတ်ကြောင်း ဆောင်းပါးရှင် ပါမောက္ခ P.R. Kumaraswamy ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ပါတယ် ခင်ဗျား။
Comments
Post a Comment