Covid-19 ဗိုင်းရပ်စ် အန္တရာယ်အတွက် ဒေသပိုင်းဆိုင်ရာ တုံ့ပြန်လုပ်ဆောင်ချက်
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားပေးပို့ထားတဲ့ “Covid-19 ဗိုင်းရပ်စ် အန္တရာယ်အတွက် ဒေသပိုင်းဆိုင်ရာ တုံ့ပြန်လုပ်ဆောင်ချက်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး WHO က ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ ရောဂါအဖြစ် ကြေညာထားတဲ့ Covid-19 ဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်နိုင်ရေး အတူတကွ ပူးပေါင်းကြံဆ နည်းလမ်းရှာကြဖို့ SAARC အဖွဲ့ဝင်ခေါင်းဆောင်တွေနှင့် ဗီဒီယိုမှတဆင့် ညီလာခံတခုပြုလုပ်ဖို့အတွက် ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ အဆိုပြုတင်ပြချက်ဟာ ထူးခြားကောင်းမွန်မှု ရှိခဲ့ပါတယ်။ ဒီအဖွဲ့ဟာ တောင်အာရှဒေသပိုင်းရဲ့ ပေါ်ပင်ဖြစ်နေတဲ့ အရေးကိစ္စကို စေ့စပ်လုပ်ဆောင်ခဲ့ပါတယ်။ ဒီဒေသပိုင်းရဲ့ နိုင်ငံအားလုံးတို့ဟာ လူဦးရေ ထူထပ်တာကြောင့် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုအန္တရာယ်ဟာ လက်တွေ့ဖြစ်နေပါတယ်။ ပျံ့နှံ့မှု တိုက်ဖျက်ဖို့ဆိုရင်တော့ အားလုံး ကြိုးပမ်းအားထုတ်ရမှာဖြစ်ပါတယ်။ တရုပ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ အခုဆိုရင် တကမ္ဘာလုံးအတိုင်းအတာနှင့် လူပေါင်း ၇ ထောင်ကျော် သေဆုံးမှုဖြစ်ပွားခဲ့တယ်ဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ နိုင်ငံအများအပြားတို့ကို ထိခိုက်သက်ရောက်စေလျှက်ရှိပြီး လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းမှုတွေ၊ အများပြည်သူပိုင်နေရာတွေ ပိတ်ထားရမှုတွေနှင့် ပြည်သူတွေကို အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းရမှုတွေ ရှိလာခဲ့ပါတယ်။
ကျန်ကမ္ဘာ့နေရာဒေသတွေနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တောင်အာရှဒေသဟာ ရောဂါဖြစ်ပွားမှု ပိုနည်းတာကို တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံဟာ ဖြစ်ပွားမှု ၁၀၀ ကျော်ပြီး အဲဒီနောက်မှာတော့ ပါကစ္စတန်နိုင်ငံက ၅၅ ဦး၊ မော်လဒိုက်နိုင်ငံက ၈ ဦး၊ အာဖကန်နစ္စတန်နိုင်ငံက ၇ ဦး၊ သီရိလင်္ကာနိုင်ငံက ၃ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂ ဦး၊ နီပေါနှင့် ဘူတန်နိုင်ငံတို့က ၁ ဦးစီရှိတယ်လို့ အစီရင်ခံဖော်ပြထားကြပါတယ်။ Bill and Melinda Gates ဖောင်ဒေးရှင်းအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှု အစီရင်ခံစာအရ သီရိလင်္ကာနှင့် မော်လဒိုက်နိုင်ငံတို့ကလွဲပြီး ဒေသပိုင်းအတွင်းမှ နိုင်ငံအများစုတို့ဟာ အဆင့်နိမ့်ပါးနေတာ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒေသပိုင်း ရံပုံငွေကြေးထားရှိဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း မတည်လှူဒါန်းကြောင်း ကြေညာခဲ့ပါတယ်။ ဒီလို ငွေကြေးထည့်ဝင်မှုဟာ မိမိတို့နိုင်ငံရဲ့ ဆန္ဒအလျောက်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနှင့် ချက်ချင်းလက်ငင်း လုပ်ဆောင်ရမယ့် အသုံးစရိတ်တွေအတွက် အသုံးပြုနိုင်ကြပါတယ်။
ဗီဒီယိုမှတဆင့်ပြုလုပ်တဲ့ ညီလာခံ ကြေညာချက်ကို SAARC အဖွဲ့ဝင်နိုင်ငံအားလုံးတို့က ကြိုဆိုခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်က သူ့ရဲ့ ကျန်းမာရေးဆိုင်ရာ အထူး ကိုယ်စားလှယ်ကို အစားထိုးဆွေးနွေးစေခဲ့တာကလွဲလို့ ကျန်အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေ ဒါမှမဟုတ် နိုင်ငံတော်အကြီးအကဲတွေဟာ အဲဒီဗီဒီယို ညီလာခံမှာ ပါဝင်ခဲ့ကြပါတယ်။ ၎င်းတို့တွေဟာ လက်ရှိရောဂါ ပျံ့နှံ့နေမှုကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံအသီးသီးတို့ရဲ့ အတွေ့အကြုံတွေကို ဖော်ပြခဲ့ကြရုံသာမက ကျန်းမာရေးကဏ္ဍအတွင်း ဒီလို ပူးပေါင်းဆောင်ရွက်မှု ရှေ့ဆက်လုပ်ဆောင်သွားကြဖို့ အခွင့်အလမ်းတွေကိုလည်း တင်ပြခဲ့ကြပါတယ်။
မော်လဒိုက်နိုင်ငံသမ္မတ Ibrahim Solih ကတော့ ဒီရောဂါပျံ့နှံ့ကူးစက်မှုကို ဘယ်နိုင်ငံကမှ တနိုင်ငံတည်း တိုက်ခိုက်နိုင်မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ရောဂါစမ်းသပ်ပြီး သီးသန့်ထားရှိဖို့ အခြေခံအဆောက်အအုံ အများအပြားလိုအပ်တာနှင့်ပတ်သက်ပြီး ဒီကပ်ဘေးဆိုးကပေးအပ်လာတဲ့ စီးပွားရေး စိန်ခေါ်ချက်တွေကို အလေးအနက်ဖော်ပြလျှက် သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapakse ဟာ အဲဒီဗိုင်းရပ်စ်ပိုး အန္တရာယ်ကို ကျော်လွှားနိုင်ဖို့ အတွေ့အကြုံနှင့် အကောင်းဆုံး အလေ့အကျင့်တွေ ဘုံမျှဝေသွားရေးအပေါ် ဖော်ပြခဲ့ပါတယ်။ အာဖကန်နစ္စတန်နိုင်ငံက သမ္မတ Dr. Ashraf Ghani ကတော့ တချို့သော ကုန်းတွင်းပိတ်နိုင်ငံတွေအတွက် နယ်စပ်ဒေသတွေပိတ်ဆို့တာဟာ ဖြေရှင်းချက်တရပ် မဖြစ်နိုင်ကြောင်းဖော်ပြလျှက် အွန်လိုင်းကတဆင့် ဆေးဝါးကုသမှုလိုမျိုး ဘုံလုပ်ငန်းဘောင်တရပ်အပေါ် အလေးပေး ဖော်ပြခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ဒီရောဂါ နောက်ထပ် ပျံ့ပွားမှု ဟန့်တားဖို့အတွက် နိုင်ငံအလိုက်၊ ဒေသအလိုက် တုံ့ပြန်လုပ်ဆောင်ဖို့ အရေကြီးကြောင်းနှင့် အချိန်နှင့်တပြေးညီ ရောဂါစောင့်ကြည့်မှု အချက်အလက်တွေ ဖလှယ်ရေးကို တင်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina ဟာ ဒီရောဂါပျံ့ပွားမှုကို အတူတကွ လက်တွဲတိုက်ဖျက်ရေး ပူးပေါင်းကြိုးပမ်းသွားကြဖို့ SAARC အဖွဲ့ဝင် ကျန်းမာရေးဝန်ကြီးတွေနှင့် အတွင်းဝန်တွေ ဗီဒီယို ညီလာခံပြုလုပ်နိုင်ရေးအပေါ် တင်ပြခဲ့ပါတယ်။ နီပေါနှင့် ဘူတန် ၂ နိုင်ငံစလုံးတို့ဟာ ဒီရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး အကျပ်အတည်းကို လက်တွဲဖြေရှင်းကြဖို့ အိန္ဒိယနိုင်ငံရဲ့ အဆိုပြုတင်ပြချက်ကို အလေးအနက် ကြိုဆိုဖော်ပြခဲ့ကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Smruti S Pattanaik ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment