ပြီးခဲ့တဲ့သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပြီးခဲ့တဲ့သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

မတ်လ ၂ ရက်နေ့မှာ စတင်ခဲ့တဲ့ ပါလီမန်လွှတ်တော်ရဲ့ ဘတ်ဂျက်ပြန်တမ်း ဒုတိယပိုင်း အစည်းအဝေးကာလဟာ ဧပြီလ ၃ ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အတိုက်အခံပါတီတွေဟာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေနှင့် လယ်ယာပြဿနာ အရေးကိစ္စတွေနှင့်ပတ်သက်ပြီး NDA မဟာမိတ်အစိုးရကို ပစ်မှတ်ထားဖို့ ကြိုးပမ်းသွားကြမှာဖြစ်ပြီး အာဏာရပါတီဘက်ကလည်း အခြေအနေတွေနှင့် ဆောင်ရွက်ချက်တွေကို လွှတ်တော် ၂ ရပ်စလုံးမှာ တင်သွင်းထားရှိဖို့ ဆုံးဖြတ်ထားပါတယ်။ အစိုးရဟာ အလုပ်သမားရေး ပြင်ဆင်ချက်တွေနှင့် ကိုယ်စားဆောင်ရွက်မှု ထိန်းချုပ်ရေးဆိုင်ရာ မူကြမ်းတွေအတည်ပြုနိုင်ဖို့အတွက် မူကြမ်း ၂၅ ခုတို့ကိုတင်သွင်းဖို့ ပြင်ဆင်ထားပါတယ်။ ဘဏ္ဍာရေး ဥပဒေမူကြမ်းကိုလည်း အဲဒီအစည်းအဝေးကာလမှာ အတည်ပြုသွားမှာဖြစ်ပါတယ်။ ဗဟိုကျန်းမာရေးဝန်ကြီး Dr. Harsh Vardhan ဟာ ယခုအချိန်မှစပြီး နိုင်ငံတကာ ခရီးသည်အားလုံးတို့ကို လေဆိပ်တွေမှာ ကော်ရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးသွားမှာဖြစ်တယ်လို့ အထက်လွှတ်တော်မှာ အသိပေးဖော်ပြခဲ့ပါတယ်။

လက်ရှိအစည်းအဝေးကာလတွင် မီးရထားရေး ဝန်ကြီးဌာနရဲ့ ၂၀၂၀-၂၁ ခုနှစ်၊ ငွေကြေးလိုအပ်ချက်နှင့်ပတ်သက်ပြီး တည်ဆဲကော်မတီအစီရင်ခံစာကို Radha Mohan Singh နှင့် Sunil Kumar Mondal တို့က တင်သွင်းသွားကြမှာ ဖြစ်ပါတယ်။ လေယာဉ် (ပြင်ဆင်ချက်) မူကြမ်း၊ ဗဟို သက္ကတဘာသာ တက္ကသိုလ်များဆိုင်ရာ ဥပဒေမူကြမ်း၊ အာယုဗေဒ တိုင်းရင်းဆေးဆိုင်ရာ နိုင်ငံတော် ကော်မရှင်အဖွဲ့ ဥပဒေမူကြမ်းနှင့် တွင်းထွက်ပစ္စည်းဆိုင်ရာ စည်းမျဉ်းများ (ပြင်ဆင်ချက်) ဥပဒေမူကြမ်းတို့ကိုလည်း တင်သွင်းဖို့ သုံးသပ်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် အခွန်ကောက်ယူမှု အငြင်းပွားမှုတွေအတွက် ဖြေရှင်းချက်ယန္တယားတရပ်တည်ဆောက်ဖို့ ‘Vivad se Vishwas’ မူကြမ်းကို အတည်ပြုခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman ဟာ ဖက်စပ်လုပ်ကိုင်တဲ့ ဘဏ်တွေ ထိန်းသိမ်းဖို့အတွက် အိန္ဒိယနိုင်ငံတော် ဗဟိုဘဏ်တိုက်ကြီးကို ပိုမိုအာဏာပေးဖို့ဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ ဘဏ်လုပ်ငန်း ထိန်းချုပ်ရေး (ပြင်ဆင်ချက်) ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒီမူကြမ်းဟာ ဖက်စပ်လုပ်ကိုင်တဲ့ ဘဏ်တွေကို ဘဏ်တိုက်ကြီးမှတဆင့် ကျွမ်းကျင်မှုတိုးမြှင့်ရေး၊ ငွေကြေးပမာဏ ပိုမိုတိုးများရေး၊ အုပ်ချုပ်မှုပိုင်း တိုးတက်ရေးနှင့် ကြီးကျပ်ထိန်းချုပ်မှုရှိတဲ့ ဘဏ်လုပ်ငန်းစနစ်ရှိစေခြင်းဖြင့် တိုးတက်အားကောင်းစေဖို့ ဖြစ်ပါတယ်။ မတ်လ ၄ ရက်နေ့က ဗဟို ဘဏ္ဍာရေးဝန်ကြီးဟာ တိုက်ရိုက်အခွန်ကောက်ယူမှု ဥပဒေမူကြမ်းကို အကန့်အကွက် အငြင်းအခုန်မရှိ အတည်ပြုနိုင်ခဲ့ပါတယ်။

ကုန်သွယ်ရေး သမဂ္ဂများရဲ့ အခန်းကဏ္ဍကိုဖွင့်ဆိုထားတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေမူကြမ်းကလည်း စာရင်းမှာပါဝင်ပါတယ်။ ဗဟိုအစိုးရဝန်ကြီး Hardeep Singh Puri ဟာ ၁၉၃၄ ခုနှစ်၊ လေယာဉ် အက်ဥပဒေ ပြင်ဆင်ဖို့အတွက် ၂၀၂၀ ခုနှစ်၊ လေယာဉ် (ပြင်ဆင်ချက်) ဥပဒေကိုလည်းကောင်း၊ ပါလီမန်ရေးရာဝန်ကြီး Pralhad Joshi ကလည်း ၁၉၅၇ ခုနှစ်၊ သတ္ထုတွင်းနှင့် တွင်းထွက်ပစ္စည်း (တိုးတက်ရေးနှင့် ထိန်းချုပ်ရေး) အက်ဥပဒေပြင်ဆင်ဖို့နှင့် ၂၀၁၅ ခုနှစ်၊ ကျောက်မီးသွေးတွင်းများ (အထူးပြဋ္ဌာန်းချက်) အက်ဥပဒေပြင်ဆင်ဖို့အတွက် ၂၀၂၀ ခုနှစ်၊ တွင်းထွက်ပစ္စည်းဆိုင်ရာ စည်းမျဉ်းဥပဒေများ (ပြင်ဆင်ချက်) မူကြမ်းတို့ကိုလည်းကောင်း တင်သွင်းသွားမှာဖြစ်ပါတယ်။

ကြာသပတေးနေ့ကတော့ ကျန်းမာရေးနှင့် မိသားစု စောင့်ရှောက်ရေးရာဝန်ကြီး Dr. Harsh Vardhan ဟာ အစိုးရအနေနှင့် အိန္ဒိယနိုင်ငံအတွင်း Covid-19 ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု ထိန်းချုပ်ဖို့ လိုအပ်တဲ့အစီအစဉ်အားလုံး လုပ်ဆောင်နေကြောင်း အထက်လွှတ်တော်မှာ အသိပေးဖော်ပြခဲ့ပါတယ်။ Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ထားတဲ့ အဓိကနိုင်ငံအားလုံးတို့မှ ခရီးသွားမှတ်တမ်းရှိထားသူအားလုံးနှင့် အဲဒီသူတွေနှင့် ထိတွေ့ဆက်ဆံနေသူတွေ၊ ဖျားနာနေသူ၊ ချောင်းဆိုးနေသူ သို့မဟုတ် အသက်ရှူရ အခက်အခဲဖြစ်နေသူ အားလုံးတို့အတွက် ပုံမှန် စောင့်ကြည့်မှုများကို နိုင်ငံတဝှမ်းမှာ စတင်ထားပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအစိုးရဟာ ဖြစ်ပွားမှုဆိုင်ရာ နောက်ဆုံးရအခြေအနေတွေ သိရှိနိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ဌာနချုပ်ရုံးတွေ၊ ဒေသပိုင်း ရုံးတွေနှင့် နိုင်ငံအဆင့် ရုံးတွေနှင့်အတူ ပုံမှန်အားဖြင့် ဆက်သွယ်မေးမြန်းလျှက်ရှိပါတယ်။ မိမိတို့ရဲ့အာရုံပြုချက်ဟာ စောင့်ကြည့်ထိန်းသိမ်းရေး၊ ဓါတ်ခွဲခန်းဖြင့် ရောဂါရှာဖွေရေး၊ ဆေးရုံပိုင်း အသင့်အနေအထားရှိစေရေးနှင့် ထောက်ပို့ စီမံခန့်ခွဲရေး၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စွမ်းရည်တည်ဆောက်ရေးနှင့် ပြည်သူထုအတွက် အန္တရာယ်အလားအလာ ဆက်သွယ်ပြောဆိုရေးတို့ပါဝင်တဲ့ ရောဂါဆိုင်ရာ ပြင်ဆင်ထားချက် အဓိက စွမ်းရည်တွေနှင့် တုံ့ပြန်ချက်တွေ ထိန်းသိမ်းလိုက်နာရေးနှင့်ပတ်သက်ပြီးဖြစ်တယ်လို့ ဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာတဝှမ်းမှာ Covid-19 ဖြစ်ပွားနေတဲ့ အခြေအနေတွေနှင့်အညီ မိမိတို့ရဲ့ ကြားဝင်လုပ်ဆောင်မှု အခြေအနေနှင့် အရှိန်အဟုန် ပမာဏတို့ကလည်း တိုးမြှင့်လျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Yogesh Sood ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”