အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂ နိုင်ငံဆက်ဆံရေးများ ထပ်မံတိုးတက်စေလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂ နိုင်ငံဆက်ဆံရေးများ ထပ်မံတိုးတက်စေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဒါကာမြို့သို့သွားရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Mr. Harsh Vardhan Shringla ရဲ့ ခရီးစဉ်ဟာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ချစ်ကြည်ရင်းနှီးမှုရှိကြတာ ကာလကြာမြင့်နေပြီဖြစ်တယ် ဆိုတာကို ထင်စပ်လျှက်ရှိပါတယ်။ အပြန်အလှန် ဆက်ဆံရေးတွေဟာ သီးသန့်ပြောရရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် မစ္စစ် Sheikh Hasina ဦးဆောင်တဲ့ လက်ရှိ Awami League အစိုးရလက်အောက်မှာ တိုးတက်မှုရရှိခဲ့တာဖြစ်ပါတယ်။ Mr. Shringla ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအထိ ဒါကာမြို့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ နိုင်ငံဆက်ဆံရေး ရှေ့သို့ချီစေရာမှာ အရေးပါတဲ့အခမ်းကနေ ဦးဆောင်ခဲ့တာကြောင့် သူ့ခရီးစဉ်ဟာ ထူးခြားအရေးပါနေပါတယ်။

နိုင်ငံခြားရေးအတွင်းဝန်ရဲ့ခရီးစဉ်ဆိုင်ရာ အဓိကအချက်ကတော့ Sheikh Mujibur Rahman ရဲ့ ရာပြည့်မွေးနေ့ အခမ်းအနားကျင်းပရာမှာပါဝင်ဖို့အတွက် ယခုလလယ်ပိုင်းလောက်မှာ ဝန်ကြီးချုပ် Mr. Modi ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်ဖို့ဖြစ်ခဲ့ပါတယ်။ Sheikh Mujibur Rahman ဟာ မိမိတို့ရဲ့ အမျိုးသား သူရဲကောင်းကြီးတဦးလည်းဖြစ်တယ်လို့ ဝန်ကြီးချုပ် Mr. Modi က ဖော်ပြခဲ့ပါတယ်။

ဒါကာအစိုးရနှင့် ဒေလီအစိုးရတို့အကြား ဆက်ဆံရေးတွေဟာ တဦးရဲ့စိုးရိမ်ချက်ကို တဦးက အာရုံပြုပြီး ၂ နိုင်ငံ လုပ်ဆောင်ခဲ့တဲ့ အဆင့်များစွာတို့ရဲ့ အသီးအပွင့်တွေအဖြစ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ တိုးတက်လာခဲ့တာကို တွေ့မြင်ရပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း နယူးဒေလီအစိုးရဟာ ကုန်ပစ္စည်း ၆၁ မျိုးတို့အတွက် အများအားဖြင့် အထည်အလိပ် ကဏ္ဍမှာ စည်းကျပ်ခွန် ကင်းလွတ်ခွင့် ပေးခဲ့တာကြောင့် အပြန်အလှန် ကုန်သွယ်ရေးဟာ တိုးတက်လာခဲ့ပါတယ်။ ပြည်ပတင်ပို့မှု တိုးမြှင့်ရေး အာဏာပိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ အိန္ဒိယနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်ပတင်ပို့မှုဟာ ၄၂.၉၁% တိုးတက်မှုဖြင့် ဒေါ်လာ ၁.၂၅ ဘီလျံရှိခဲ့ပြီး ဒါဟာဆိုရင် ဒီအရင်နှစ်က ဒေါ်လာ ၈၇၃.၂၇ သန်းရှိခဲ့တာနှင့် ယှဉ်ကြည့်မယ်ဆိုရင် ဒါကာအစိုးရရဲ့ ပြည်ပတင်ပို့မှု ဘယ်လိုတိုးတက်လာခဲ့တယ်ဆိုတာကို ထင်ဟပ်စေလျှက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း ၇% ကျော်မှာ ဖွံ့ဖြိုးတိုးတက်နေတာကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုဟာ ဒီထက်မက တိုးတက်သွားမှာဖြစ်ပါတယ်။ စွမ်းအင်ကုန်သွယ်ရေးနှင့် ရေကြောင်းမှတဆင့် အလွယ်တကူ ဖြတ်သန်းသွားလာရေးတို့ဟာ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍမှယ် အရေးပါသွားမှာပဲဖြစ်ပါတယ်။

ဒီလနှောင်းပိုင်း ဝန်ကြီးချုပ် Mr. Modi ရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား ဆွေးနွေးသွားနိုင်တဲ့ အချက်ကတော့ ကာကွယ်ရေးရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကာကွယ်ရေးဆိုင်ရာ ချေးမငွေအဖြစ် ဒေါ်လာ သန်း ၅၀၀ ပေးအပ်ထားတယ်ဆိုပေမယ့် ၂ နိုင်ငံတို့ဟာ ဒါကို အကောင်အထည်ဖော်ဆောင်ဖို့ စေ့စပ်ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။ ၂ နိုင်ငံတို့ဟာ ကမ်းရိုးတန်းဒေသ ထောက်လှမ်းရေးစနစ် တည်ဆောက်ဖို့အတွက် နားလည်မှု စာချွန်လွှာတခုကို ၂၀၁၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ချေးမငွေ ဒေါ်လာ ၇.၅ ဘီလျံ အကောင်အထည်ဖော် ပေးအပ်ဖို့ဟာ အရေးပေါ် လိုအပ်လျှက်ရှိပါတယ်။ အစီရင်ခံချက်တွေအရ လွန်ခဲ့တဲ့ ၈ နှစ်ကာလတလျှောက်ပေးအပ်ခဲ့တဲ့ ချေးမငွေပေးအပ်မှု ၄ ကြိမ်အနက် ၅၁% ပမာဏကိုသာ အသုံးပြုရသေးတယ်လို့ သိရပါတယ်။ ချေးမငွေ အသီးသီးတို့အောက်မှာ လျာထားခဲ့တဲ့ ဒေါ်လာ သန်း ၅၁၀.၁၂ သန်းပါဝင်တဲ့ မီးရလမ်း စီမံကိန်း ၃ ခုတို့အနက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ဒေါ်လာ ၈၇.၇၀ သန်းကိုသာလျှင် အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကာအစိုးရဟာ ရံပုံငွေကြေး ဖြန့်ဖြူးပေးပို့ စီမံကိန်းဆိုင်ရာ အစီရင်ခံစာ ပြင်ဆင်ရေးဆွဲရာမှာ နှေးကွေးနေခဲ့တာကြောင့် တချို့စီမံကိန်းတွေဟာ ကုန်ကျစရိတ် ပိုမိုတိုးများ ကုန်ကျမှု ဖြစ်စေခဲ့ပါတယ်။

မီးရထားနှင့် ဘတ်စကားလိုင်း ပြေးဆွဲမှုအသစ်တွေ ပြုလုပ်လိုက်ခြင်းနှင့်အတူ ပြည်သူလူထုချင်း ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယအစိုးရရဲ့ အိမ်နီးချင်း ဦးစားပေးရေး ပေါ်လစီအောက်မှာ ဆေးကုသမှု သီးသန့်ဗီဇာနှင့် ဗီဇာထုတ်ပေးမှု သတ်မှတ်ချက် လျှော့ပေါ့ပေးမှုတို့ ပြုလုပ်ခဲ့တာကလည်း နောက်ထပ်အရေးပါတဲ့ တိုးတက်မှုဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေနှင့်အတူ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ခရီးစဉ်ဟာ ၂ နိုင်ငံတို့အကြား အမြင့်ဆုံးအဆင့်မှာ စေ့စပ်ညှိနှိုင်းမှုတွေ ရှေ့ဆက်လုပ်ဆောင်နေတာကို အချက်ပြလျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Smruti S Pattanaik ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”