“ကိုးရီးယားကျွန်းဆွယ်ဒေသမှာ တင်းမာမှုများမြှင့်မားလာနေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်း သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ သံအမှုထမ်းဟောင်း ဆောင်းပါးရှင် Ashok Sajjanhar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကိုးရီးယားကျွန်းဆွယ်ဒေသမှာ တင်းမာမှုများမြှင့်မားလာနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ယခုအပတ်အတွင်းမှာ မြောက်ကိုးရီးယားနိုင်ငံက အသိအမှတ်မပြုထားတဲ့ အနည်းဆုံးစမ်းသပ်ပစ်လွှတ်မှုကို ပြုလုပ်ခဲ့ဒါဟာ Kim Jong-un အစိုးရရဲ့ ယခုလိုလှုပ်ရှားမှုအား ဒုတိယအကြိမ်ပြုလုပ်ခဲ့ဒါဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ပြုံယမ်းအစိုးရက စောစောပိုင်းပြုလုပ်ခဲ့တဲ့ စမ်းသပ်ပစ်လွှတ်မှုတွေကို အပြစ်ရှုပ်ချမှုတွေအား ဆန့်ကျင်တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နှစ်ရက်အကြာမှာ ပေါ်ပေါက်လာဒါဖြစ်ပါတယ်။

တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီးဌာနက သူတို့ဟာ ကိုးရီးယားကျွန်းဆွယ်နဲ့ ဂျပန်နိုင်ငံတို့အကြား ရေမျက်နှာပြင်တွေပေါ် မြောက်ကိုးရီးယားနိုင်ငံမှ ကွဲပြားခြားနားတဲ့ တာတိုဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့ဒါကို တွေ့ရှိထားကြောင်း ဖော်ပြလိုက်ပါတယ်။ အဲဒီပစ်လွှတ်မှုတွေက အများဆုံးပစ်လွှတ်နိုင်တဲ့ တာအဝေး (၅၀) ကီလိုခန့်ရှိခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံက စစ်တပ်ကအခြေအနေကို ရင်ဆိုင်ဘို့ အပြည့်အဝ အသင့်ပြင်ဆင်ထားပြီး၊ နောက်ထပ်ပစ်လွှတ်မှုတွေကိုလည်း စောင့်ကြည့်လျှက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး၊ ယင်းဝန်ကြီးဌာနက ယခုလိုစမ်းသပ်ပစ်လွှတ်မှုတွေက လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျော့နည်းဘို့ ရည်စူးခဲ့တဲ့ မြောက်ကိုးရီးယားနိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ ဖော်ပြလိုက်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုက ယခုပစ်ဖောက်မှုတွေက မမျှော်လင့်ခဲ့တဲ့ အပြုအမူမဟုတ်ဘူးလို့ ဖော်ပြခဲ့ပြီး၊ သူတို့က အခြေအနေကို တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတို့နဲ့ အတူ မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ သို့သော် အမေရိကန်ပြည်ထောင်စုက မြောက်ကိုးရီးယားနိုင်ငံအားဆက်သွယ်ပြီး၊ ရန်လိုမှုတွေမပြုလုပ်ဘဲ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ပြဋ္ဌာန်းချက်အား လိုက်နာကာ၊ လုံးဝအနုမြူဖျက်သိမ်းရေး ရရှိဘို့အတွက် ပြန်လည်ငြိမ်သက်လာပြီး၊ တည်တံ့တဲ့စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဘို့ တောင်းဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံက မြောက်ကိုးရီးယားနိုင်ငံဟာ လမ်းညွှန်ထိမှန်နိုင်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ပုံရပေမဲ့ အဲဒီပစ်လွှတ်မှုတွေက ဂျပန်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းရော အထူးစီးပွားရေးဇုံမြေ (EEZ) အတွင်းကိုပါ ကျူးကျော်ခြင်းမပြုခဲ့ဘူးလို့ ဖော်ပြလိုက်ပါတယ်။ ပြုံယမ်းအစိုးရက တိုက်တခုမှ တိုက်တခုထဲ ပစ်လွှတ်တိုက်ခိုက်နိုင်တဲ့ဒုံးကျည်တွေ ပစ်လွှတ်ခြင်းကို ရပ်ဆိုင်းခဲ့ပေမဲ့ အဲဒီဒုံးကျည်တွေက အထူးသဖြင့် Trump အုပ်ချုပ်ရေးအား စိုးရိမ်ကြောင့်ကြစေခဲ့ပါတယ်။ သမ္မတ Mr Trump က ၂၀၁၉ ခုနှစ်အတွင်းက ပစ်လွှတ်စမ်းသပ်မှုတွေဟာ သာမန်အဆင့်သာရှိပြီး၊ အမေရိကန်ပြည်ထောင်စု ပြည်မအတွက် အန္တရာယ်တစုံတခုမျှ မဖြစ်ပေါ်စေနိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ သို့သော် အဲဒီလက်နက်တွေက တောင်ကိုးရီးယားနဲ့ အဲဒီနိုင်ငံမှာ စခန်းချထားကြတဲ့ အမေရိကန်တပ်ဖွဲပဝင် (၂၈,၀၀၀) တို့အတွက် အန္တရာယ် အတော်အတန်ဖန်တီးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ မြောက်ကိုးရီးယားခေါင်းဆောင် Mr Kim က အမေရိကန်ပြည်ထောင်စုကို နှစ်အဆုံးကိုရောက်ရှိသည်တိုင် လိပ်ခဲတင်းလင်းဖြစ်နေတဲ့ အနုမြူဖျက်သိမ်းရေးဆွေးနွေးပွဲတွေကို နောက်ဆုံးသတ်မှတ်ထားတဲ့ နေ့ရက်တွေ ဘယ်လိုအရေးယူဆောင်ရွက်ခြင်းမျှမရှိဘဲ ကျော်လွန်သွားခဲ့ဒါမို့ ရုတ်တရက် မစတင်ဘို့ သတိပေးခဲ့ပါတယ်။ Mr Kim က သူ့ရဲ့နှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ သူ့ရဲ့နိုင်ငံက မိမိတို့ရဲ့ အနုမြူဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အားပေးပြီး၊ အဓိကလက်နက်တွေစမ်းသပ်ခြင်းအပေါ် တဖက်သတ်တည်း နောက်ထပ်ရပ်ဆိုင်းထားခြင်းမပြုနိုင်တော့ဘူးလို့ ဖော်ပြခဲ့ပါတယ်။ Mr Kim က မကြာမှီသောအနာဂါတ်မှာ မဟာနည်းဗျူဟာကျ လက်နက်သစ်ထုတ်လုပ်ဘို့ သံဓိဋ္ဌာန်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။ ပါရဂူတွေက “နည်းဗျူဟာကျ လက်နက်” ဆိုဒါဟာ လမ်းညွှန်ထိမှန်စေနိုင်တဲ့ ဒုံးကျည် သို့မဟုတ် ရေငုတ်သင်္ဘောမှ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်ဖြစ်နိုင်တယ်လို့ ဖော်ပြကြပါတယ်။

လက်ရှိကာလမှာ တောင်ကိုးရီးယား၊ Japan နဲ့ အမေရိကန်ပြည်ထောင်စုတို့က ကြောက်ဖက်ကောင်းလှတဲ့ Coronavirus ရောဂါ ပြန့်နှံ့မှုကို ထိန်းချုပ်ဘို့ အလုပ်များနေကြပြီး၊ မြောက်ကိုးရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ အပေါ်အာရုံမပြုနိုင်ဘဲရှိနေကြပါတယ်။

မြောက်ကိုးရီးယားနိုင်ငံဟာ သူတို့အပေါ် ဒါဏ်ခတ်ပိတ်ဆို့ထားမှုအများအပြားတို့ကို အမေရိကန်ပြည်ထောင်စု၊ တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတို့အပေါ် ဖိအားသက်ရောက်စေခြင်းမှတဆင့် ရုပ်သိမ်းပေးစေလိုဟန်ရှိနေပါတယ်။ Pyongyang အစိုးရဟာ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဘို့ ကြိုးပမ်းနေတဲ့ Mr Trump ဟာ တချို့သော လျော့ပေါ့သက်သာ စေမှုတွေပေးကမ်းနိုင်တယ်လို့ မျှော်လင့်နေပါတယ်။ ဖြစ်နိုင်ဒါကတော့ မြောက်ကိုးရီးယားနိုင်ငံဟာ နောက်ထပ်ရန်စလိုတဲ့ အပြုအမူတွေ မမြင့်တင်ဘူးလို့ မျှော်လင့်ရဒါဘဲဖြစ်ပါတယ်။


တည်တံ့ပြီး၊ လုံခြုံကာ အေးချမ်းသာယာတဲ့ ကိုးရီးယားကျွန်းဆွယ်နဲ့ ပင်လယ်ရေကြောင်းသွားလာမှုတည်ရှိရေးတို့ဟာ အိန္ဒိယနိုင်ငံရဲ့ နည်းဗျူဟာကျ စိတ်ဝင်စားမှုဖြစ်ပါတယ်။ ဒီအချက်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ပုံမှန်တိုးတက်လာနေတဲ့ အင်ဒို-ပစိဖိတ်နည်းဗျူဟာရဲ့ ချောမွတ်ပြီး၊ အဟန့်အတားမရှိတဲ့ ရှေ့သို့ချီရေးအတွက် မရှိမဖြစ်သော အကြောင်းရင်းဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Ashok Sajjanhar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”