“ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်ဝါဒနဲ့ပါတ်သက်ပြီး နှစ်မျိုးနှစ်ခွပြောကြားနေတာကို တခါပြန်ဖော်ထုတ်ခံရခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်ဝါဒနဲ့ပါတ်သက်ပြီး နှစ်မျိုးနှစ်ခွပြောကြားနေတာကို တခါပြန်ဖော်ထုတ်ခံရခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ပါကစ္စတန်အစိုးရရဲ့ ၎င်းတို့ရဲ့မြေနယ်နိမိတ်အတွင်းမှ လှုပ်ရှားနေကြတဲ့ အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်ဆံရာမှာ အတုအယောင်တွေရှိနေဒါကို အများအသိဘဲဖြစ်ကြပါတယ်။ သို့သော်ငြားလည်း၊ Paris မြို့ရှိ Financial Action Task Force (FATF) သို့မဟုတ် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုတာဝန်ခံအဖွဲ့ရဲ့ သင်းလုံးကျွတ်အစည်းအဝေးပွဲမှာ ပါကစ္စတန်အစိုးရက တခါပြန်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမား Masood Ahzar နဲ့ပတ်သက်တဲ့ လုံးဝလိမ်လည်ခဲ့တာကို ထုတ်ဖော်တင်ပြခြင်း ခံခဲ့ရပါတယ်။ အဲဒီအကြမ်းဖက်ဝါဒ ကြံစည်ကြိုးကိုင်သူဟာ ပါကစ္စတန်နိုင်ငံအတွင်းမှာ တရားဝင် ကာကွယ်စောင့်ရှောက်မှုအောက် ရှိနေပါတယ်။ Islamabad အစိုးရဟာ အကြမ်းဖက်ဝါဒီအုပ်စုတွေအား ဆန့်ကျင်နေတယ်ဆိုတာကို တကမ္ဘာလုံးအား အော်ကြီးဟစ်ကျယ်နဲ့ ပြသဘို့ ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ အများဆုံးအလိုရှိနေကြတဲ့ အကြမ်းဖက်သမားတွေဖြစ်ကြတဲ့ Masood Azhar ၊ Hafiz Mohammad Saeed ၊ Zakir Ur Rehman Lakhvi နဲ့ တခြားကမ္ဘာတဝှမ်းလုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ကြတဲ့ အကြမ်းဖက်သမားတွေကို အရေးယူခြင်း သို့မဟုတ် ထိရောက်စွာ ဒါဏ်ခတ်ခြင်းတွေ မပြုလုပ်ဘဲရှိနေပါတယ်။
Masood Azhar ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ ဗဟိုအရံရဲတပ်ဖွဲ့ CRPF မှာ တပ်ဖွဲ့ဝင် (၄၀) တို့ အသက်ဆုံးရှုံးခဲ့ကြရတဲ့ Jammu နဲ့ Kashmir ပြည်နယ် Pulwama အကြမ်းဖက်တိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ Jaish-e-Mohammad (JeM) အုပ်စုရဲ့ဥက္ကဌဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံအတွင်းရှိ Jaish-e-Mohammad အဖွဲ့ကြီးရဲ့ Balakot ဌာနချုပ်နဲ့လေ့ကျင့်သင်တန်းပေးစခန်းတွေကို လေကြောင်းမှ စစ်ဆင်တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပေါ် Masood Azhar ကို တကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် ကြေညာဘို့ ဖိအားတွေ ကျရောက်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ဒီလှုပ်ရှားမှုကို တာဝန်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတို့က အဟန့်အတားဖြစ်စေခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ၂၀၁၉ ခုနှစ် မေလ (၁) ရက်နေ့မှာ Masood ကို တကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် ကြေငြာ လိုက်ပါတယ်။ သို့သော်ပါကစ္စတန်နိုင်ငံက Masood အား လူသိရှင်ကြားနဲ့ ပုံအသွင်းပြောင်း ဆက်လက်အကာအကွယ်ပေးလျှက်ရှိနေပါတယ်။
FATF ရဲ့ သင်းလုံးကျွတ်အစည်းအဝေးပွဲမတိုင်မှီ ရက်အနည်းငယ်မှာ ပါကစ္စတန်နိုင်ငံက Masood ပျောက်ဆုံးနေပြီး ရှာဖွေလို့မရဖြစ်နေကြောင်း အကြောင်းကြားခဲ့ပါတယ်။ တခြားကြင်လည်တဲ့လှုပ်ရှားမှုတခုအဖြစ် အချိန်အတော်ကြာပြီးတဲ့နောက် Jamaat-ud-Dawa’a (JuD) ရဲ့ဥက္ကဌ Hafiz Saeed ကို အကြမ်းဖက်မှုဆိုင်ရာ လုပ်ရပ်တွေအတွက် ထောင်ဒဏ် (၅) နှစ်ခွဲ ချမှတ်လိုက်ပါတယ်။ အဲဒီအရေးယူမှုနှစ်ခုတို့ရဲ့ အချိန်ကိုက်မှုဟာ အလွန်အမင်း အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။ အကျယ်အားဖြင့် ပါကစ္စတန်နိုင်ငံဟာ FATF ရဲ့ နာမည်ပျက်စာရင်းဝင်ဖြစ်မှုကို ရှောင်ရှားဘို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ ယူဆကြပါတယ်။
ပါကစ္စတန်အစိုးရဟာ Masood Azhar ပျောက်ဆုံးနေပြီး၊ ရှာမတွေ့သေးကြောင်း ဖော်ပြနေတဲ့ အချိန်မှာ ပါကစ္စတန်သတင်းမီဒီယာတွေက ယုံကြည်ရတဲ့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး၊ Masood Azhar ဟာ Bahawalpur မြို့မှာရှိတဲ့ Jaish-e-Mohammad အုပ်စုဌာနချုပ် အနောက်မှာရှိတဲ့လုံခြုံတဲ့ အိမ်တလုံးမှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ (ISI) ရဲ့ တင်းကြပ်တဲ့လုံခြုံရေး အကာအကွယ်အောက် ရှိနေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒီအချက်နဲ့ ဆန့်ကျင်ပြီး၊ ပါကစ္စတန်အစိုးရဟာ Masood Azhar ရှိနေတဲ့ နေရာနဲ့ပတ်သက်ကာ ဖော်ပြနေကြပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်းက ပုဂ္ဂိုလ်ပိုင်း ရုပ်မြင်သံကြားဌာနတခုက နောက်ဆုံးပေါ် အမေရိကန်ပြည်ထောင်စု- Taliban တို့ရဲ့ သဘာတူညီချက်နဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့တဲ့ အသံအပိုင်းတခုကို ထုတ်လွင့်ခဲ့ပါတယ်။ Azhar ကို Rawalpindi မြို့ကို ပြောင်းရွှေ့ပြီး၊ ကြည်းတပ်မတော်မြို့စောင့်တပ်ဖွဲ့အနီး သူ့ရဲ့လုံခြုံရေးအတွက် ထားရှိနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါတယ်။ ဒီအချက်တွေဟာ ပါကစ္စတန်အစိုးရရဲ့ လိမ်လည်မှုကို ရှင်းရှင်းလင်းလင်းဖော်ထုတ်လိုက်ကြပါတယ်။ အမှန်တရားကတော့ Masood Azhar ဟာ ပါကစ္စတန်နိုင်ငံအတွင်းမှာဘဲရှိနေပြီး၊ တရားဝင်လုံခြုံရေး ကာကွယ်မှုတွေကို ခံစားနေကာ၊ လုံခြုံရေးအတွက် တနေရာမှ တနေရာသို့ ပြောင်းရွှေ့နေပါတယ်။
အဆိုပါနည်းပရိယာယ်နဲ့အတူ Pakistan နိုင်ငံဟာ လောလောဆယ်အချိန်မှာ FATF ရဲ့ ပြင်းထန်တဲ့အရေးယူမှု ကင်းလွှတ်နေပါတယ်။ ဘယ်လောက်ကြာကြာ ယခုလို ရှောင်ရှားနေနိုင်ပါ့မလဲဆိုဒါကို စောင့်ကြည့်ရမယ်ဖြစ်ပါတယ်။ Islamabad အစိုးရရဲ့ အကြမ်းဖက်အုပ်စုတွေအား ထောက်ပံ့မှုနဲ့ပတ်သက်တဲ့ နှစ်မျိုးနှစ်ခွပြောကြားမှုတွေကို ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါ နိုင်ငံတကာလူမှုအသိုင်းအဝိုင်းနဲ့ ဆက်ဆံမှုတွေ တိုးတက်အောင်ပြုလုပ်ဘို့ အချိန်ကျရောက်လာပြီးဖြစ်ပါတယ်။ Pakistan နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွင်းမှ Pulwama အရပ်နဲ့ Pathankot လေတပ်အခြေစိုက်စခန်းအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြံစည်ကြိုးကိုင်ခဲ့ကြသူတွေအား အပြစ်ဒါဏ်ပေးသင့်တယ့်အပြင် Jammu နဲ့ Kashmir ပြည်နယ်အတွင်း နယ်ခြားဖြတ်ကျော် စစ်သွေးကြွလှုပ်ရှားမှုတွေအားလည်း ရပ်တန့်သွားစေရမယ်ဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်ခြင်းက Islamabad အစိုးရရဲ့ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေးအတွက် စိတ်ပါဝင်စားမှုကို ဖော်ပြလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment