FATF အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံကို အပြည့်အဝ နာမည်ပျက်စာရင်းမှာမဟုတ်ဘဲ ပဏာမ အမည်ပျက်စာရင်းမှာထည့်သွင်းပြီး နောက်ထပ် အခွင့်အရေး ပေးလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA၊ တောင်အာရှဒေသရေးရာဌာနမှ ဝါရင့်သုတေသီ ဆောင်းပါးရှင် Dr. Asok Behuria ဝေဖန်ရေးသားပေးပို့ထားတဲ့ “FATF အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံကို အပြည့်အဝ နာမည်ပျက်စာရင်းမှာမဟုတ်ဘဲ ပဏာမ အမည်ပျက်စာရင်းမှာထည့်သွင်းပြီး နောက်ထပ် အခွင့်အရေး ပေးလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပဲရစ်မြို့မှာ တရားမဝင် ငွေကြေးလည်ပတ်မှု စောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့ မျက်နှာစလုံညီအစည်းအဝေးဟာ ကမ္ဘာတဝှမ်းရှိ ၂၀၅ နိုင်ငံတို့မှ ကိုယ်စားလှယ်တော်ပေါင်း ၈၀၀ ကျော်တို့နှင့်အတူ စတင်ခဲ့ပြီး အဲစီအစည်းအဝေးမှာ ပါကစ္စတန်နိုင်ငံကို ပဏာမ နာမည်ပျက်စာရင်းကနေ အဆင့်မြှင့်တင်သွားနိုင်ဖွယ် အနေအထားတွေ ခန့်မှန်းမှု ရှိခဲ့ကြပါတယ်။ ဒီအစည်းအဝေးဟာ တရားမဝင် ငွေကြေးလွှဲပြောင်းသိမ်းဆည်းမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေး ထောက်ပံ့မှုတို့ တိုက်ဖျက်ဖို့ဖြစ်တဲ့ ၎င်းတို့ရဲ့ သန္နိဋ္ဌာန်ပြုချက်တွေကို ကိုက်ညီစေရာမှာ ပါကစ္စတန်နှင့် တခြားနိုင်ငံတွေပြုလုပ်ခဲ့ကြတဲ့ ဖြစ်စဉ်အခြေအနေတွေကိုဆွေးနွေးသွားကြဖို့ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံဟာ ယခုနှစ် ဇွန်လအထိ ပဏာမ အမည်ပျက်စာရင်းမှာ ဆက်လက်တည်ရှိနေလိမ့်မယ်ဆိုတဲ့ အနေအခြေကို သတင်းမီဒီယာ အစီရင်ခံချက်တွေက စတင်ဖော်ပြခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံက တင်သွင်းတဲ့ ကိုက်ညီမှုရှိရေး အစီရင်ခံချက် အကဲဖြတ်မှုဖို့တာဝန်ပေးအပ်ထားတဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအဖွဲ့ ICRG က ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးပံ့ပိုးမှုထိန်းချုပ်ဖို့ လုံလောက်တဲ့အရာတွေ မလုပ်ဆောင်ထားကြောင်း နိဂုံးချုပ်အစီရင်ခံထားတာကြောင့် အထက်ပါအခြေအနေတွေက ဧကန်မုချဖြစ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပေါ်ထွက်လာတဲ့ နိုင်ငံအားလုံးတို့ရဲ့ ယနေ့ကာလအထိ ခြုံငုံသုံးသပ်ချက် နောက်ဆုံးရအခြေအနေတွေအရ ပါကစ္စတန်နိုင်ငံဟာ အကြံပြုချက် အချက် ၄၀ အနက်မှာ ၁ ချက်တည်းသာလျှင် ကိုက်ညီမှုရှိခဲ့တယ်ဆိုတာကို ပြသလျှက်ရှိပါတယ်။ ပါကစ္စတန်နိုင်ငံ ဂရုမပြုခဲ့တဲ့ တခြားလိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ တူရကီနိုင်ငံကလွဲလို့ ကျန်နိုင်ငံအားလုံးတို့ဟာ လာမယ့် မျက်နှာစုံညီအစည်းအဝေးပြုလုပ်မယ့် ဇွန်လအထိ ပါကစ္စတန်နိုင်ငံကို ပဏာမ အမည်ပျက်စာရင်းမှာ ဆက်လက်ထားရှိဖို့ ထောက်ခံခဲ့ကြပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးပံ့ပိုးမှုနှင့် တရားမဝင် ငွေကြေး လွှဲပြောင်းသိမ်းဆည်းမှု ရပ်တန့်ရေး အစီအစဉ်လုပ်ဆောင်ဖို့ဖြစ်တဲ့ ၎င်းတို့ရဲ့ကတိပြုချက်နှင့်ပတ်သက်ပြီး လုံလောက်တဲ့ တိုးတက်မှုအခြေအနေတွေ မပြုလုပ်ခဲ့ဘူးလို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ FATF အဖွဲ့ကပြုလုပ်ခဲ့တဲ့ အပြန်အလှန် အကဲဖြတ်မှု အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။ လုပ်ဆောင်ရေးအစီအစဉ်မှာ နောက်ဆုံးသတ်မှတ်ရက်အားလုံး ကျော်လွန်ခဲ့သည့်တိုင် ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု အန္တရာယ်တွေကို အာရုံပြုဖို့ သိပ်အရေးမထားမှုတွေ ရှိနေတယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိခဲ့ကြပါတယ်။

လတ်တလော ကာလအတွင်း ဘယ်အရေးကိစ္စမဆို မျက်စိမှိတ်ပြီး ပါကစ္စတန်နိုင်ငံကို ထောက်ခံနေတဲ့ တူရကီနိုင်ငံအပြင် နောက်ထပ် ၁ နိုင်ငံ၊ ၂ နိုင်ငံနှင့် ဒီနိုင်ငံရဲ့ လမ်းလွဲနေတဲ့ လုပ်ရပ်မှတ်တမ်းတွေဟာ ပါကစ္စတန်နိုင်ငံကို ပဏာမ အမည်ပျက်စာရင်းကနေ ထုတ်ပေးဖို့ နိုင်ငံအများစုတို့ထံကနေ ထူးထူးခြားခြား ထောက်ခံမှု ရရှိမှာမဟုတ်တာကလည်း သဘာဝကျလှပါတယ်။



အကြမ်းဖက်မှုနှင့်အတူ လက်တွဲလာနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့ နှစ်ကာလတွေဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် တရားရေး စနစ်တွေအားလုံးတို့ကို အကြီးအကျယ် ပျက်စီးဆုတ်ယုတ် စေခဲ့ပြီး ဒီအန္တရာယ်ကိုဖြေရှင်းဖို့အရေး ပြည့်စုံလုံလေက်တဲ့ အစီအစဉ်တွေလုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်လောက်အောင် ဖြစ်ပွားစေလျှက်ရှိပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေကို လိမ်ညာနေမယ့်အစား လမ်းမှန်ပြင်သွားဖို့ အခွင့်အလမ်းတရပ်အဖြစ် ရှုမြင်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ မိတ်ဆွေကောင်းနိုင်ငံတွေကလည်း လုံးဝအမည်ပျက်စာရင်းမှာ ထည့်သွင်းဖို့ တိမ်းညွတ်နေမှုကို တားဆီးဖို့ ပိုမိုခက်ခဲသွားကြမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Asok Behuria ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”