ပြီးခဲ့တဲ့ သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပြီးခဲ့တဲ့ သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဗဟို ဘတ်ဂျက်ပြန်တမ်း ပြီးဆုံးသွားခြင်းနှင့်အတူ အိန္ဒိယ ပါလီမန်လွှတ်တော် ၂ ရပ်စလုံးတို့ဟာ အရေးပါ အရာရောက်ခဲ့တာကို တွေ့မြင်ခဲ့ကြရပါတယ်။ နိုင်ငံသားဖြစ်တည်မှု ပြင်ဆက်ချက် အက်ဥပဒေအပေါ် အတိုက်အခံပါတီ အများအပြားတို့က ဆန့်ကျင်ရပ်တည်နေခဲ့ကြရာမှာ လက်ရှိပြုလုပ်နေတဲ့ ဘတ်ဂျက်ပိုင်း ဆွေးနွေးမှုဟာ မျှော်မှန်းထားသလိုပဲ အော်ဟစ် ငြင်းခုန်မှုတချို့ ရှိခဲ့ပါတယ်။ ယခု အစည်းအဝေးကာလအတွက် အစိုးရရဲ့ ဥပဒေပြုရေး လုပ်ငန်းစဉ်မှာ မူကြမ်း ၄၅ ခုနှင့် ဘဏ္ဍာရေးဆိုင်ရာ မူကြမ်း ၇ ခုတို့ ပါဝင်ကြပြီး အတိုက်အခံ ပါတီတွေဟာ အရေးကိစ္စ အများအပြားတို့နှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း အစိုးရကို အကျပ်ရိုက်စေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
နိုင်ငံသားဖြစ်တည်မှု ပြင်ဆင်ချက် အက်ဥပဒေ၊ NPR နှင့် တခြား အရေးကိစ္စတို့အပေါ် အတိုက်အခံတွေဘက်က လှုပ်ရှားမှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အထက်လွှတ်တော်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ လွှတ်တော် ထပ်မံဆွေးနွေးတဲ့အခါမှာတော့ ကွန်ဂရက်၊ လက်ဝဲယိမ်းတွေ၊ TMC၊ DMK၊ SP နှင့် တခြားပါတီဝင်တွေဟာ ကြွေးကြော်သံတွေ အော်ဟစ်ပြီး လွှတ်တော်အတွင်း လှည့်လည်ခဲ့ကြပါတယ်။ အတိုက်အခံ အဖွဲ့ဝင်တွေဟာ CAA၊ NPR နှင့် သက်ဆိုင်ရာ အရေးကိစ္စတွေအပေါ် ရွှေ့ဆိုင်းကြောင်းနို့တစ်စာတွေ ပေးခဲ့ပေမယ့် ဒါကို လွှတ်တော်ဥက္ကဌ Mr. M Venkaiah Naidu က ငြင်းဆိုခဲ့ပါတယ်။
ပါလီမန်လွှတ်တော်ဟာ အိုမန်နိုင်ငံရဲ့ အနိစ္စရောက်သွားပြီဖြစ်တဲ့ စော်ဘွားကြီး Qaboos Bin Said Al Said အတွက် ဂါရဝပြုခဲ့ကြပြီး ဩစတြေးလျားနိုင်ငံအတွင်း မီးလောင်ကျွမ်းမှုတွေကြောင့် အသက်ဆုံးရှုံးရမှုတွေ၊ နောက် ကော်ရိုနာ ဗိုင်းရပ်ရောဂါပိုးကိစ္စ၊ ကြက်သွန်နီ ပြည်ပတင်ပို့မှုနှင့် Rajasthan ပြည်နယ်အတွင်း ကျိုးကောင်ကျရောက်မှုတွေအပေါ်လည်း ဖော်ပြခဲ့ကြပါတယ်။ အောက်လွှတ်တော်မှာတော့ ကွန်ဂရက်ပါတီဦးဆောင်တဲ့ အတိုက်အခံ အဖွဲ့ဝင်တွေဟာ ဆူညံတဲ့ မြင်ကွင်းတွေကို ဖန်တီးခဲ့ကြပါတယ်။ လွှတ်တော်ဆွေးနွေးမှု စလျင်စခြင်းပဲ ကွန်ဂရက်၊ DMK၊ BSP နှင့် လက်ဝဲယိမ်း လွှတ်တော်အဖွဲ့ဝင်တွေဟာ လွှတ်တော်အတွင်း ကြွေးကြော်သံတွေ အော်ဟစ်ချီတက်ပြီး နိုင်ငံသားဖြစ်တည်မှု ပြင်ဆင်ချက် အက်ဥပဒေနှင့် နိုင်ငံတော် အမျိုးသား မှတ်ပုံတင် ဥပဒေတို့ကိုလည်း ကြွေးကြော်ဖော်ပြခဲ့ကြပါတယ်။
နိုင်ငံသားဖြစ်တည်မှု ပြင်ဆင်ချက် ဥပဒေနှင့် အဆိုပြုထားတဲ့ နိုင်ငံတော် အမျိုးသား မှတ်ပုံတင်ဥပဒေအပေါ် ဆန့်ကျင်ဆန္ဒပြသနေမှုနှင့်အတူ အစိုးရဟာ တနိုင်ငံလုံး အတိုင်းအတာနှင့် NRC မှတ်ပုံတင်ဥပဒေဆိုင်ရာ ဆုံးဖြတ်ချက် တစုံတရာမျှ ချမှတ်ထားခြင်းမရှိကြောင်း အောက်လွှတ်တော်မှာ အစိုးရရဲ့အနေအထားကို ထပ်မံဖော်ပြခဲ့ပါတယ်။
အထက်လွှတ်တော်အတွင်း သမ္မတမိန့်ခွန်းအပေါ် ကျေးဇူးတင်ရှိကြောင်းဖော်ပြချက်အတွက် တုံ့ပြန်ရာမှာ ဝန်ကြီးချုပ် Mr. Modi က ပုဒ်မ ၃၇၀ ပြန်လည်ရုပ်သိမ်းမှုဟာ Jammu & Kashmir ဒေသကို နိုင်ငံရဲ့ ကျန်ရှိနေတဲ့ တခြားဒေသတွေနှင့်အတူ အပြည့်အစုံ ပေါင်းစည်းမှုပေးခဲ့ကြောင်းနှင့် ဒီဒေသဟာ အိန္ဒိယနိုင်ငံရဲ့ သရဖူဆောင်း ဒေသအဖြစ် ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ အစိုးရဟာ လက်ရှိ အစည်းအဝေး ကာလအတွင်း မူကြမ်းတွေနှင့်အတူ ၂၀၁၉ ခုနှစ်၊ ငွေကြေးခဝါချမှုနှင့် ဘဏ်များ ဒေဝါလီခံမှုဆိုင်ရာ စည်းမျဉ်း (ပြင်ဆင်ချက်) ဥပဒေပြဋ္ဌာန်းချက်နှင့် ၂၀၂၀ ခုနှစ်ဆိုင်ရာ တွင်းထွက်သတ္တုပစ္စည်း ဥပဒေ (ပြင်ဆင်ချက်) စည်းမျဉ်းပြဋ္ဌာန်းချက်တို့ကိုလည်း အစားထိုးဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Yogesh Sood ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment