“အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ရဲ့ ဘက်စုံပါဝင်တဲ့ ဖက်စပ်လုပ်ကိုင်မှု”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ရဲ့ ဘက်စုံပါဝင်တဲ့ ဖက်စပ်လုပ်ကိုင်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ၊ Munich လုံခြုံရေးညီလာခံကို တက်ရောက်ဘို့ရာ ဂျာမဏီနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီအလည်အပတ်ခရီးစဉ်ကာလမှာ Dr. Jaishankar ဟာ အိုမန် ၊ စပိန်၊ ကူဝိတ်၊ အာမေးနီးယား၊ ဆော်ဒီအာရေးဗီးယား နဲ့ ဩစတြေးလျားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ စင်္ကာပူ။ ဂျာမဏီနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ Dr. Jaishankar ဟာ ဥရောပကောင်စီဥက္ကဌနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှောင်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဟာ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Mr Heiko Mass နဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီး Ms. Annegrete Kramp – Karrenbauer တို့နဲ့တွေ့ဆုံပြီး၊ အပြန်အလှန်ဆက်ဆံရေးတွေနဲ့ ဒေသပိုင်းဆိုင်ရာနဲ့ နှစ်ဦးနှစ်ဖက်တို့နဲ့သက်ဆိုင်တဲ့ အရေးကိစ္စတို့ကို ဆွေးနွေးဘို့အတွက် Berlin မြို့ကို သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ဟာ နိုင်ငံတကာအရေးကိစ္စတွေမှာ ခိုင်မာတဲ့အပြန်အလှန်ဆက်ဆံရေးတွေနဲ့ အလွန်အမင် ပူးပေါင်းဆောင်ရွက်တဲ့ ဖက်စပ်လုပ်ကိုင်သူတွေဖြစ်ကြပါတယ်။ အဲဒီအစဉ်အလာကို ထိန်းသိမ်းလျှက် အိန္ဒိယနိုင်ငံဟာ Alliance for Multilateralism ကို ထွန်းကားတိုးမြင့်စေတဲ့ Franco-German တွင် လက်တွဲပါဝင်ခဲ့ပါတယ်။ ဒီအကြောင်းကို ကြေငြာတဲ့အခါ၊ Dr. Jaishankar ဟာ ယခုခေတ်အခါမှာ နိုင်ငံပေါင်းစုံ ပူးတွဲပါဝင်ဆောင်ရွက်ရေးဝါဒဟာ ခြိမ်းခြောက်မှုအောက် ကျရောက်နေပြီး၊ အမျိုးသားရေးဝါဒနဲ့ ကုန်ပစ္စည်းရောင်းဝယ်ဖေါက်ကားရေးဝါဒတို့ရဲ့ ဖိနှိပ်မှုအောက်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ကုလသမဂ္ဂရဲ့ ဗဟိုအချက်အချာမှာ ပါဝင်လုပ်ကိုင်မှုနဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ WTO ရဲ့ အကျုံးဝင်မှုတွေအပေါ် ယုံကြည်ကြောင်း ဖော်ပြခဲ့ပါတယ်။

ထူးကဲစွာဘဲ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဦးရေနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကို အရှိန်မြင့်စေရေးနဲ့ပတ်သက်ပြီး၊ အကျယ်တဝန့် ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ဟာ G-4 လို့ခေါ်တဲ့ (၄) နိုင်ငံအုပ်စုဝင်တွေဖြစ်ကြပြီး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် တိုးချဲ့ခြင်းနဲ့ ပြုပြင်တည်ဆောက်ရေးကို တောင်းဆိုနေကြပါတယ်။

အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ဟာ နှစ်ပေါင်းအတော်ကြာကတည်းက အဆင့်မြင့်ဆက်နွယ်မှုတွေအား ထိန်းသိမ်းထားရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်က ဂျာမဏီနိုင်ငံ အဓိပတိ Ms Angela Merkel က အိန္ဒိယနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ပါတယ်။ နှစ်နိုင်ငံတို့ဟာ သင့်မြတ်တဲ့ကုန်သွယ်ရေး အကျိုးခံစားနေကြပြီး၊ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်သူများဖြစ်လာခဲ့ကြပါတယ်။ ဂျာမဏီနိုင်ငံ အဓိပတိ Ms Merkel ရဲ့ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ်မှာ သူမနဲ့ ဝန်ကြီးချုပ် Mr Modi တို့က အင်ဒို-ဂျာမန် မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုက ဘုံတန်ဘိုးထားရှိမှုနဲ့ ဒီမိုကရေစီ၊ လွတ်လပ်ပြီး၊ တရားမျှတတဲ့ ကုန်သွယ်ရေးနဲ့ စည်းမျဉ်းဥပဒေအခြေခံ နိုင်ငံတကာအစဉ်အလာနဲ့ အပြန်အလှန်ယုံကြည်မှုနဲ့ ရိုသေလေးစားမှုတို့အပေါ် အခြေခံထားဒါဖြစ်တယ်လို့ ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။

အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ဟာ ယခု ၂၀၂၀ ခုနှစ်မှာ မိမိတို့ရဲ့ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုရဲ့ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပကြမယ် ဖြစ်ပါတယ်။ နှစ်ဖက်စလုံးတို့ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးအတွင်းဝန်နဲ့ ဂျာမန် (ဒု) နိုင်ငံခြားရေးဝန်ကြီးတို့အကြား နိုင်ငံခြားရေးရုံး၊ ညှိနှိုင်းဆွေးနွေးမှုများဌာနတခု ဖွင့်လှစ်ဘို့ သဘောတူခဲ့ကြပါတယ်။ ဒီနှစ်နိုင်ငံတို့ဟာ Track 1.5 Strategic Dialogue ဆွေးနွေးပွဲတခုကိုလည်း တည်ထောင်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲက သော့ချက်ကျ တာဝန်ရှိသူတွေကို နှစ်စဉ်တွေ့ဆုံပြီး ပွင့်လင်းစွာ အမြင်ချင်းနဲ့ အကြံအဥာဏ်များဖလှယ်ကြပြီး၊ လူမျိုးရေး၊ ဒေသပိုင်းနဲ့ နည်းဗျူဟာကျ အကျိုးသက်ရောက်မှုတွေမှာ နှစ်ဦးနှစ်ဖက် နားလည်သဘောပေါက်မှု တိုးများလာစေမှာဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား သတင်းပြန်ကြားမှုစီးဝင်ခြင်းကို နှစ်ဖက်စလုံးမှ သတင်းမီဒီယာ နယ်ပယ်မှ ပုဂ္ဂိုလ်တို့ရဲ့ လာရောက်လည်ပတ်မှုများမှတဆင့် တိုးတက်စေလိုလျှက်ရှိကြပါတယ်။

ဂျာမဏီနိုင်ငံကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့အခါ Dr. Jaishankar က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေဘို့ရာ ပြုလုပ်လျှက်ရှိတဲ့ အစီအစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးတို့ဟာ အနည်းဆုံး နှစ်နှစ်လျှင်တကြိမ် တွေ့ဆုံဆွေးနွေးကြဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘာလင် မြို့မှာနေထိုင်စဉ်ကာလမှာ နိုင်ငံခြားရေးဝန်ကြီးဟာ ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အိန္ဒိယခန်းမကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အမှာစကားပြောကြားတဲ့အခါ Dr. Jaishankar က အိန္ဒိယနိုင်ငံရဲ့ ဂုဏ်မြင့်မားတဲ့ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဖက်စပ်လုပ်ကိုင်မှုက ရုပ်ရှင်ထုတ်လုပ်ရေးမှ ကွဲပြားခြားနားတဲ့ အခန်းကဏ္ဍအသီးသီးတို့အတွင်း အကောင်းဆုံးရလဒ် ရရှိရေးအတွက် အခွင့်အလမ်းများစွာ ပေးဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ဟာ ဘက်ပေါင်းစုံဆက်ဆံရေးကို ခံစားနေကြပြီး၊ ကာကွယ်ရေးမှ စီးပွားရေး၊ သံတမန်ရေးရာမှ ယဉ်ကျေးမှုနယ်ပယ်တို့အထိ ဖက်စပ်လုပ်ကိုင်မှုတွေရှိနေကာ၊ လာမဲ့နှစ်များမှာလည်း ထပ်လောင်းနက်ရှိုင်းစေလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဖော်ပြခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”