၂၀၂၀ ခုနှစ်၊ မြူးနစ်မြို့ လုံခြုံရေး ညီလာခံ - အဓိက အချက်အလက်များ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဥရောပဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “၂၀၂၀ ခုနှစ်၊ မြူးနစ်မြို့ လုံခြုံရေး ညီလာခံ - အဓိက အချက်အလက်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
၅၆ ကြိမ်မြောက် MSC ခေါ် မြူးနစ်မြို့လုံခြုံရေး ညီလာခံဟာ ပြီးခဲ့တဲ့သီတင်းပတ် ဂျာမဏီနိုင်ငံ၊ မြူးနစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံရဲ့ အာရုံပြုချက်ဟာ ၎င်းတို့ရဲ့ တန်ဖိုးနှင့် မဟာဗျူဟာ အခင်းအကျင်းတွေမှာ အနောက်နိုင်ငံများရဲ့ မတူကွဲပြားမှုနှင့် မသေချာ မရေရာမှုတွေကြောင့် ပေါ်ထွက်လာခဲ့တဲ့ ကမ္ဘာကြီးအပေါ် ဩဇာသက်ရောက်မှု ဆုတ်ယုတ်လာတဲ့ အနောက်နိုင်ငံတွေရဲ့ အခြေအနေဆိုင်ရာ အယူအဆနှင့်ပတ်သက်ပြီး ဖြစ်ခဲ့ပါတယ်။ အဲဒီညီလာခံ အမှာစကားပြောကြားရာမှာ နေတိုးတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Jens Stoltenberg က ဝါရှင်တန်အစိုးရဟာ မဟာမိတ်တွေနှင့် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ချက်တွေကနေ ခွဲခွာနေခဲ့တယ်လို့ မှတ်ချက်ပေး ဖော်ပြခဲ့ပါတယ်။ ဥရောပဒေသရဲ့ အခြေအနေတွေ အာမခံရှိဖို့ဖော်ပြရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mr. Mike Pompeo က အဓိကအားဖြင့် အတ္တလန္တိတ် သမုဒ္ဒရာ တလျှောက် မဟာမိတ်အဖွဲ့ ပျက်စီးသွားမှုအပေါ် များစွာ အလေးပေးဖော်ပြခဲ့ပါတယ်။ ပြင်သစ်နိုင်ငံသမ္မတ Mr. Emmanuel Macron ကလည်း အနောက်နိုင်ငံတွေဟာ အားနည်းလာနေတယ်လို့ သတိပေးဖော်ပြခဲ့ပါတယ်။
နေတိုးတပ်ဖွဲ့အပေါ် ထောက်ခံလျှက် သမ္မတ Macron ဟာ ကာကွယ်ရေးရာ ပြဿနာ အရေးကိစ္စတွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ သီးခြားလွတ်လပ်စွာ လုပ်ဆောင်ဖို့လိုအပ်ချက်ကို အလေးပေးဖော်ပြခဲ့ပါတယ်။ ညီလာခံ သဘာပတိ Ischinger ကလည်း Mr. Macron ရဲ့ စစ်ဖက်ဆိုင်ရာ စွမ်းအားသစ်တို့နှင့်အတူ ဥရောပဒေသရေးရာ ဗျူဟာအခင်းအကျင်းကို ကြိုဆိုဖော်ပြခဲ့ပါတယ်။ ဒီညီလာခံ ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေကတော့ Donbass ဒေသအတွင်း မလိုမုန်းထားမှုတွေ ပြန်လည်ဦးထောင်လာနိုင်ဖွယ် အလားအလာတွေကြောင့် ယူကရိန်းနိုင်ငံကို ၂၀၂၀ ခုနှစ်ရဲ့ အန္တရာယ်အများဆုံးဒေသများအနက် ၁ ခုအဖြစ် စာရင်းသွင်း ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဒေသတို့ဟာ တရုပ်နိုင်ငံရဲ့ ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Huawei ကုမ္ပဏီကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေကြောင့် ညီလာခံတလျှောက်လုံးမှာ တဖက်တချက်စီ ရှိနေခဲ့ကြပါတယ်။ အဲဒီဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက ပီကင်းအစိုးရအတွက် သူလျှိုတဦးအဖြစ် ယူဆလျှက်ရှိပါတယ်။ ညီလာခံ တက်ရောက်လာကြသူတွေဟာ ဝူဟန်မြို့ ကော်ရိုနာဗိုင်းရပ်စ် ပေါ်ထွက်လာမှုဆိုင်ရာ သက်ရောက်မှုတွေကို ဖြေရှင်းရေးနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။ တရုပ်နိုင်ငံခြားရေး ဒုဝန်ကြီး Qin Gang က ၎င်းရဲ့အစိုးရဟာ အဆိုပါရောဂါကို ကိုင်တွယ်လုပ်ဆောင်နေပြီး လက်ရှိ ထိန်းချုပ်ထားနိုင်မှု အခြေအနေအရ ၁% သာလျှင် တရုပ်နိုင်ငံရဲ့ ပြင်ပနေရာတွေမှာ ရောဂါရှာဖွေတွေ့ရှိမှုတွေ့ရကြောင်း ဖော်ပြခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှ ဆီးနိတ်လွှတ်တော်အမတ် Lindsey Graham ကတော့ ဒီမိုကရေစီစနစ် ရောင်းချသွားဖို့အတွက် အကောင်းဆုံးနည်းလမ်းကဘာလဲဆိုရင် Kashmir အရေးကိစ္စကို ဒီမိုကရေစီနည်းလမ်းနှင့် ဖြေရှင်းသွားဖို့ဖြစ်လိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ ဒီအရေးကိစ္စကို ကိုယ်တိုင်ဖြေရှင်း လုပ်ဆောင်သွားနိုင်တယ်လို့ အိန္ဒိယန်ိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar က အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်ကို ဖော်ပြခဲ့ပါတယ်။
၂၀၂၀ ခုနှစ်၊ MSC ညီလာခံဟာ ကမ္ဘာ့ခေါင်းဆောင်တွေအနေနှင့် အနောက်နိုင်ငံများ ကိုယ်ပိုင် မဟာမိတ် ဖွဲ့စည်းရေး အကြံဉာဏ်ရှိနေကြတယ်ဆိုတာကို ထင်ဟပ်နေတာကြောင့် ထူခြားအရေးပါလျှက် ရှိနေပါတယ်။ MSC ညီလာခံလိုပုံစံမျိုးနှင့်ပတ်သက်ပြီး အန္တရာယ် အလားအလာတွေနှင့် ပြဿနာအရေးကိစ္စတွေအပေါ် ထင်မြင်ချက် သဘောထားတွေနှင့် ဆွေးနွေးချက် ကွဲပြားမှုတွေ ရှိနေတယ်ဆိုပေမယ့် အဲဒီပြဿနာတွေကို ပူးပေါင်းလက်တွဲ ဖြေရှင်းသွားဖို့နှင့် ကမ္ဘာကြီးကို ပိုမိုဘေးကင်းလုံခြုံတဲ့ ကမ္ဘာဖြစ်လာစေဖို့ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဘုံ လုံခြုံရေးနှင့် ကာကွယ်ရေး ပြဿနာတွေအပေါ် ဘုံသဘောထားတွေ မျှဝေကြဖို့အရေး ပိုကောင်းသွားကြလိမ့်မယ်ဆိုတာကို သတိရသွားကြဖို့အတွက် အကျုံးဝင် သက်ဆိုင်သွားစေမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Sanghamitra Sarma ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment